menu

Saturday 18 February 2012

နိုင်ငံရေးလုပ်ရန် ပြန်လာခြင်းမဟုတ်ဟု ABSDF ခေါင်းဆောင်ဟောင်း ဦးအောင်နိုင်ဦး ပြောကြား



ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် ဦးအောင်နိုင်ဦးကို ကြိုဆိုနေသူ ဆွေမျိုးများနှင့်အတူ တွေ့ရစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက ၎င်း၏ ၂၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးပြန်လာခဲ့သည့် ခရီးစဉ်သည် နိုင်ငံရေးကိစ္စရပ်များ လုပ်ဆောင်ရန်မဟုတ်ဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်မည့် အခြေအနေများကို လာရောက်ဆွေးနွေးခြင်းဖြစ်သည်ဟု မြန်မာတိုင်း(မ်)သို့ ပြော ကြားသည်။

ယခင်က ABSDF ၏ နိုင်ငံခြားရေး ရာဌာနတာဝန်ခံအဖြစ် ဆောင် ရွက်ခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံအခြေစိုက်ဗဟု ဖွံ့ဖြိုးမှုအဖွဲ့၏ ဒုတိယဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည့် ဦးအောင်နိုင်ဦး သည် ABSDF ၏ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ဗဟုအဖွဲ့၏ အကြီးတန်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအောင်သူငြိမ်းနှင့်အတူ ယခုလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး နှစ်ပတ်ကြာနေထိုင်မည် ဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် ဆန္ဒပြမှုများ နှိမ်နင်း ခံရပြီးနောက် ၎င်းတို့သည် ထိုင်းနိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ထွက်ခွာသွားကြခြင်းဖြစ်သည်။
"ကျွန်တော်တို့ နိုင်ငံရေးအဖွဲ့အစည်းမှာ မပါတော့တာ တော်တော်ကြာပါပြီ။ ၁၉၉၉ ခုနှစ်က ထွက်ပါတယ်။ အဲဒီက ထွက်ပြီး နောက်ပိုင်းမှာ စာရေးတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တာကို ပြောနေဆိုနေတယ်။ မူဝါဒနဲ့ပတ်သက်တာတွေ ပြောနေဆိုနေတယ်။ အခုလည်း နိုင်ငံရေးလုပ်ဖို့ စိတ်ကူးလည်းမရှိဘူး။ ပါလည်းမပါဘူး။ ဗဟုအဖွဲ့နေနဲ့က အခွင့်ရရင် အစိုးရပိုင်းနဲ့ ဖြစ်စေ၊ ပုဂ္ဂလိက၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဖြစ်စေ ပူးပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်မှာပါ" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအတွင်း အပြောင်းအလဲများ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာဖြစ်ပေါ်ခဲ့ပြီး ထင်ရှားသည့်ဖြစ်ရပ်မှာ ၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရရှိခြင်းဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
"နိုင်ငံတစ်ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခု၊ ရွေးကောက်ပွဲအသစ်တစ်ခု ဖြစ်တယ်ဆိုရင် အစိုးရတွေ ပြောင်းတတ်တယ်။ နိုင်ငံရေးတွေ ပြောင်းတတ်တဲ့ သဘာဝရှိတယ်။ မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲဖြစ်လာတော့ အပြောင်းအလဲတွေ ရှိလာမယ် တော့ခန့်မှန်းတယ်။ ဒါပေမယ့် သမိုင်းကြောင်းအရရော၊ စစ်တပ်က အုပ်ချုပ်ခဲ့တဲ့နှစ်ပေါင်းကလည်း များတယ်။ စီးပွားရေး၊ ပညာရေး တွေမှာ နောက်ကျတယ်။ လူတွေကလည်း ဒီမိုကရေစီအတွေ့အကြုံ နည်းတယ်။ ဒါတွေကြောင့် အပြောင်းအလဲတော့ဖြစ်မယ်၊ နှေး မယ်လို့ ပြောခဲ့ကြတယ်။ ဒါပေမယ့် ခုတစ်နှစ်အတွင်းမှာ တော်တော်မြန်သွားတယ်။ မမျှော်လင့်တာတွေကြုံရတယ်။ ဘယ်လောက်ထိ မြန်သလဲဆိုရင် ကျွန်တော်တို့ကိုယ်တိုင် ပြန်လာနိုင်တဲ့ အနေအထား ဖြစ်သွားတယ်" ဟု ၎င်းက ပြောသည်။
၎င်းတို့ကဲ့သို့ပင် မြန်မာနိုင်ငံသို့ ပြန်လာချင်သည့် ပြည်ပရောက်မြန်မာများအတွက်လည်း တိကျသည့် ဥပဒေနှင့် အချက်အလက်များ ထုတ်ပြန်ပြီးပြန်လာ ခွင့်ရအောင် ဆောင်ရွက်ပေးစေလိုသည် ဟုလည်း ၎င်းက ပြောသည်။
"အခု ကျွန်တော်တို့လာတာဆိုရင် ဦးအောင်မင်းကတစ်ဆင့် တွေ့ဆုံပြီးလာတာ"ဟု ဦးအောင်နိုင်ဦးကပြောသည်။
နှစ်ပတ်ကြာ လာရောက်သည့် ခရီးစဉ်အတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အစိုးရပိုင်းမှ အရာရှိများနှင့်တွေ့ဆုံရန် စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂါရ၀ ပြုတွေ့ဆုံရန်ရှိသည်ဟု ဆိုသည်။
"ကျွန်တော်တို့ အစိုးရအရာရှိတွေနဲ့ တွေ့ဖို့လည်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့စီစဉ်နေပါတယ်။ ဂါရ၀ပြုဖို့ပါ။ သူတင်မဟုတ်ပါဘူး။ တခြား နိုင်ငံရေးပါတီတွေကလူတွေ၊ ပညာရှင်တွေကိုလည်း ဂါရ၀ါပြု နှုတ်ဆက်မှာပါ။ ဒေါ်အောင်ဆန်းစုကြည် တို့၊ အင်န်အယ်လ်ဒီတို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဝေဖန်တာရှိတယ်။ ရှေ့လျှောက်လည်း မကြိုက်ရင် ဝေဖန်မှာပဲ။ ဒါပေမယ့် သူ့ရဲ့ မူဝါဒအကြောင်းပြောတာကတစ်ပိုင်း၊ သူ့ကိုလေးစားမှုက တစ်ပိုင်းပါ။ ကျွန်တော်တို့ ဒေါ်စုကို အရမ်းလေးစားကြတယ်" ဟု ဦးအောင် နိုင်ဦးက ပြောသည်။
ဗဟုအဖွဲ့မှ အခြားအကြီးတန်းခေါင်းဆောင်များဖြစ်သည့် ဒေါက်တာတင်မောင်သန်းနှင့် ဒေါက်တာဇော်ဦးတို့ သည်လည်း အဆိုပါနေ့ တွင်ပင် မြန်မာနိုင်ငံသို့ အပြီးပြန်လာခဲ့သည်။
ထိုင်းအခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့သည် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအနက် Policy Research ၊ Advocacy နှင့် Capacity Building တို့တွင် အထူးပြု လုပ်ဆောင်နေသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis