menu

Wednesday 11 July 2012

“တစ်ခါက နားထောင်ဖူးတဲ့ အာဇာနည်နေ့ ရေဒီယို ဇာတ်လမ်းတစ်ပုဒ်”


 ရက်တွေထဲက ဇူလိုင်လထဲ ရောက်တော့မယ်။ ဇူလိုင်ရဲ့ အထင်ကရ မေ့မရတဲ့ ဇူလိုင် ၁၉ ရက်၊ အဲဒီရက်ကိုမေ့မရ၊ ကြာခဲ့ပါပြီ။ ဟိုး..လွန်ခဲ့တဲ့နှစ် ၅ဝ နီးပါးက ဇူလိုင် ၁၉ အာဇာနည်နေ့ရောက်တော့မယ် ဆိုတာနဲ့ရင်ထဲမှာ စွဲမြဲလေးစားမိတဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ခေါင်းဆောင်ကြီးများရဲ့ သွေး စွန်းနေ့ရက်၊ တစ်သက်မမေ့စရာကို ကာရန် တွေ ပေါင်းပြီးသွန်းထု၊ ကဗျာပန်းပုရုပ်တွေ ဖန်တီး ခဲ့ဖူးတယ်။ ပြီးတော့ အာဇာနည်နေ့မှာ အမြဲတမ်းထုတ်လွှင့်လေ့ရှိတဲ့ မြန်မာ့အသံက ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေ၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အကြောင်း ဇာတ်လမ်းတွေ။ အဲဒီဇာတ်လမ်းတွေထဲက ‘အညတရရဲဘော် တစ်ဦး’ရေးတဲ့ သတင်းစာဆောင်းပါး ကို မြန်မာ့အသံက ဇာတ်လမ်းအဖြစ်လွှင့်ထုတ်ခဲ့တယ်။ အဲဒီဇာတ်လမ်းလေးရဲ့ အကြောင်းအရာက ဇာတ်လမ်းပြောပြသူရဲ့အသက်ဝင် မှုကလည်း သရုပ်ပေါ်လွန်းနေတော့ ကျွန်တော့်ရင်ထဲ ဘယ်တော့မှမမေ့နိုင်အောင် စွဲနေမိခဲ့တယ်။
အဲဒီဇာတ်လမ်းလေးက…ဗိုလ်မှူးအောင်အိမ်မှာ အကြိုဆွေးနွေး တိုင်ပင်ဖို့ရှိတာကြောင့် တံခါးဝမှာ အစောင့် ရဲဘော်လေး တစ်ယောက်၊ အတွင်းဘက် တော်တော်လှမ်းလှမ်းမှာ စစ်ဗိုလ်တစ်ယောက် စောင့်နေတယ်။ အစောင့်ရဲဘော်လေးဟာ အစည်းအဝေး တက်လာ သူများကို တစ်ယောက် ချင်းစီစစ်ဆေးမေးမြန်းပြီးမှတံခါးဖွင့်ပေးလေ့ရှိ တယ်။ တက်လာသူတွေကလည်း သားသား နားနားဝတ်စုံနဲ့၊ ကျက်သရေခေါင်းပေါင်းနဲ့။ ငါသခင် ဘယ်သူဘယ်ဝါ၊ ငါဗိုလ် မှူးကြီး ဘယ် သူဘယ်ဝါပေါ့။ ရဲဘော်လေးဟာ သူမြင်နေ တဲ့ပုံသဏ္ဌာန်၊ နာမည်အရှိန်အဝါတွေကိုသာကြားနေမြင်နေရတာကြောင့် အစည်းအဝေး တက်လာသူတွေ ဟာဒီလိုတွေပါလားလို့ စွဲ ထင်သွားပုံလည်း ရပါတယ်။အဲဒီမှာ လူတစ် ယောက်ရောက်လာတယ်။ ဆံပင်က ခေါင်း တုံးဆံတောက်နဲ့၊ ပင်နီတိုက်ပုံ ခပ်နွမ်းနွမ်း၊ ပုဆိုးက လည်း အဟောင်းကြီး မဟုတ်ပေမယ့် သစ်လွင်မှုတော့မဟုတ်။ အရောင်အဆင်းမှိန် စပြုပြီ။ ပြီးတော့ ပုဆိုးဝတ်ထားပုံကခပ်တိုတို၊ ခြေသလုံး အလယ်လောက်။ အဲဒီလူကြီး ကတံခါးဝအစောင့်ရဲဘော်လေးနားရောက်လာတယ်။ ရဲဘော်လေးက “ဘာကိစ္စလဲ”လို့မေး တော့ အဲဒီ လူကြီးက “အစည်းအဝေးတက်ဖို့” တဲ့။ ဒါနဲ့ ရဲဘော်လေးက အဲဒီ လူကြီးရဲ့ပုံစံကို ကြည့်ပြီး မျက်နှာကိုမှုန်ကုပ်ကုပ်လုပ်ကာ “ဒီမှာ.. တကယ့်လူကြီးလူကောင်းတွေ အစည်းအဝေးဗျ။ခင်ဗျားနဲ့ဘာဆိုင်လို့လဲ” လို့ ဟောက်လိုက် တာပေါ့။ အဲဒီမှာ အဲဒီလူကြီးက “ငါဗိုလ်ချုပ်အောင်ဆန်းပါ”လို့ ပြောလိုက်တာ ကို ရဲဘော်လေးက ဗိုလ်ချုပ်အောင်ဆန်းကို လည်းမမြင်ဖူး၊ ပြီးတော့သူတွေ့လိုက်တဲ့ ဗိုလ်မှူးတွေ ၊ဗိုလ်ကြီးတွေက သားသားနားနား။  ငါဘယ်သူဘယ်ဝါဆိုပြီး ရင်ကော့ဝင်လာ တယ်။ ဒီလူကြီးက ကုပ်ချောင်းချောင်းနဲ့ သားနားမှုလည်းမရှိ။ ဗိုလ်ချုပ်အောင်ဆန်း လာမယ် ဆိုတာတော့ အထက်လူကြီးကပြော ထားလို့ သိထားပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ခံ့ခံ့ညားညား စစ်ယူနီဖောင်းကြီးနဲ့ ခပ်ကြွားကြွားကြီးရောက်လာမယ်။ငါ ဗိုလ်ချုပ်အောင်ဆန်းကွဆိုပြီး ရင်ကော့ပြောမယ်။ ဟုတ်တယ်လေ..ဗိုလ်ချုပ်အောင်ဆန်းဆို တာကို သူကြားဖူးထားသလို လေးလည်း လေးစားရိုသေစိတ်ရှိခဲ့တယ်လေ။ ဗိုလ်ချုပ် အောင်ဆန်းဟာ ရဲရင့်တယ်၊ ပြတ်သားတယ်၊ မြန်မာပြည်ကြီး လွတ်လပ်ရေးရဖို့ ခေါင်း ဆောင်ပြီးတိုက်ပွဲဝင်တဲ့သူ၊ ဗမာ့တပ်မတော်ကို သူ ခေါင်းဆောင်ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီး။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မမြင်ဖူးပေမယ့် အတော်ရိုသေလေးစားပြီး သူတပ်မတော်ထဲ ဝင်ခဲ့တာလေ။ ဒီလို တပ်မတော်ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း အမည်သုံးပြီး ဒီလို ကုပ်ချောင်းချောင်းနဲ့ မသားမနားလူကြီးက ပြောလိုက်တော့ အဲဒီရဲဘော်လေး အတော် ဒေါ သဖြစ်သွားပြီး ”ဟေ့လူကြီး..ဒီမှာတကယ့် လူကြီးတွေအစည်းအဝေးဗျ။ လာ အနှောင့် အယှက်မပေးနဲ့ သွား..သွား” လို့ အော် ငေါက်လိုက်တော့ “ငါ တကယ်ကို ဗိုလ်ချုပ် အောင်ဆန်းပါကွ” လို့ ထိုလူကြီးက ထပ်ပြော တယ်။ “ဟာ..ခင်ဗျားပုံနဲ့ ဗိုလ်ချုပ် အောင် ဆန်းဖြစ်ရမလား သွားဆို သွားဗျာ.. လူကြီး တွေလာကြဦးမှာ”အဲဒီလို ရဲဘော်လေးအော်ငေါက်လိုက် သံကြောင့် အတော်ခပ်လှမ်းလှမ်းမှာရှိနေတဲ့ စစ်ဗိုလ်လေး ကြားသွားပြီး တံခါးဝကိုလှမ်း ကြည့်ကာ အရေးတကြီးပြေး လာတယ်။အ နား  ရောက်တော့ “ကြွပါဗိုလ်ချုပ်” ဆိုပြီး အလေး ပြု လိုက်တယ်။ ရဲဘော်လေးလည်း အဲဒီတော့ မှ ကမန်းကတန်းအလေးပြုပေါ့။ ဗိုလ်ချုပ် အောင်ဆန်းကလည်း ဘာမှ မပြော ဘဲ အေး အေးဆေးဆေးအထဲ ဝင်သွားတယ်။ အဲဒီတော့ မှ”ဟာ တကယ့်ဗိုလ်ချုပ်အောင်ဆန်းပဲ” ဆို တဲ့အသိနဲ့ ရင်တွေတုန်လာတယ်။ စိုးရိမ်စိတ် တွေ ရင်ထဲမှာ ပူလောင်လာတယ်။ သူမမြင်ဖူး ဘဲအင်မတန်ရိုသေလေးစားရတဲ့ခေါင်းဆောင်  ကြီးကို သူဒေါသစိတ်နဲ့စော်ကား မိခဲ့ပြီ။ နောက်ဟိုက တပ်မတော်ရဲ့ထိပ်ဆုံးခေါင်းဆောင် ဗိုလ်ချုပ်။ သူကရဲဘော်လေးဘဝ။ အခုမှ သူ့ အထက်အရာရှိကလာခေါ်ပြီး ဒီလိုနေရာမျိုး မှာ လုံခြုံရေးစောင့်ခွင့်ရတဲ့သူ။ ရဲဘော်လေး ခမျာသူပြောဆိုပြုမိမှားခဲ့ခြင်း အတွက် ဟင်း ခနဲဟင်းခနဲ သက်ပြင်းမောတွေ မှုတ်ထုတ်နေပေမယ့် သူ့ရင်ထဲမှာ ကြောက်လန့် ပူလောင်မှုက နည်းနည်းလေးမှ အရှိန်မပြေ။ပိုဆိုးတာက ဗိုလ်ချုပ်အောင် ဆန်းဟာ  သူ့ရဲဘော်လေး များအပေါ် အင်မတန်စာနာ တတ်တယ်၊ သဘောထားပြည့်ဝတဲ့ ခေါင်း ဆောင်ဆိုတာမျိုးလည်း သူကြားဖူးထားတော့ သူစော်ကားမိခြင်း အတွက် ယူကျုံးမရလည်း ဖြစ်ပေါ့။ အဲဒီအချိန်မှာ သူ့အနီးကို လူတစ် ယောက်ရောက်လာလို့ကြည့်လိုက်တော့ သူ့ အထက်အရာရှိ စစ်ဗိုလ်လေးဖြစ်နေတယ်။ စစ်ဗိုလ်လေး မျက်နှာကလည်း မရွှင်မပျ၊ တစ်ခုခုစိုးရိမ်နေဟန်၊ ပြီးတော့ “ရဲဘော် စော စော က မင်းဗိုလ်ချုပ်ကို ဘာတွေပြော လိုက် သလဲ” စစ်ဗိုလ်လေးရဲ့အမေးစကား ကြောင့် ရဲဘော်လေးရင်ထဲဒိန်းခနဲဖြစ်သွားပြီးတဆတ် ဆတ်တုန်လာတယ်။ နောက် “ဗိုလ်ကြီး ကျွန် ..ကျွန်တော်လည်း သူ့ပုံစံ ကြည့်ပြီး ဗိုလ်ချုပ် အောင်ဆန်း ဆိုတာမယုံ လို့ ဟောက် ပြီးမောင်း ထုတ်မိခဲ့တယ်ဗိုလ်ကြီးရယ်” ရဲဘော်လေးက ကြောက်လန့်နေစိတ်နဲ့ ဖြစ်စဉ် ကို ဝန်ခံပြော ပြလိုက်တယ်။ အဲဒီမှာ”မင်း တော်တော်ခက် တာပဲ ကွာ..ဗိုလ်ချုပ်အောင်ဆန်းလာပါမယ် လို့ မင်းကိုသေချာမှာထားရဲ့ နဲ့၊ ကဲ..အခု တော့ မင်းကို ဗိုလ်ချုပ်ကခေါ် ခိုင်းလိုက်တယ်” စစ်ဗိုလ်လေးရဲ့ပြောစကားကြားတော့ ရဲဘော်လေးခေါင်းကို မိုးကြိုးပစ် ချခံလိုက်ရသလို ထူပူပြီး ထိတ်လန့်တကြား ဖြစ်သွားတယ်။ ရင်တွေက တဒိတ်ဒိတ်တုန် မြည်လာတယ်။ မရွံ့မရဲစိတ်နဲ့ အစည်းအဝေး ခန်းမထဲ လိုက်သွားခဲ့တယ်။ ခြေလှမ်းတွေက  ဗိုလ်ချုပ်အောင်ဆန်းနားရောက်လေ ပိုမိုလေးလံနှေးကွေး လေဖြစ်နေခဲ့တယ်။အနားရောက်တော့ အလေး ပြုပြီး ကြောက် လန့်စိတ်နဲ့ခေါင်းငုံ့ ထားမိ တယ်။အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက သူ့ပခုံးကို ညင်သာစွာပုတ်လိုက်ပြီး .. “မင်း တာဝန်ကျေပွန်တယ်။ ဒီအစည်း အဝေးဟာတို့ တိုင်းပြည်လွတ်လပ်ရေးအတွက် ကွ၊ အဲဒီလိုနေရာမျိုးမှာ ဗိုလ်ချုပ်ဆိုတိုင်း ခွင့် ပြုစရာမလိုဘူး။ ဗိုလ်ချုပ်ဆိုတာနဲ့၊ ငါဘယ်သူ ဘယ်ဝါဆိုတာနဲ့ခွင့်ပြုလိုက်လို့ အစည်းအဝေးခန်းထဲဝင်လာပြီးလုပ်ကြံသွားရင် ငါတို့ရဲ့ လွတ်လပ်ရေး အစည်းအဝေးပျက်ရော။ နောက်လည်းမြဲမြဲမှတ်၊ တာဝန်ဟာတာဝန်ပဲ။ ဒါမျိုးမှငါကြိုက်တာ” ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပခုံးပုတ်ပြီး ချီးမွမ်းစကားကြားလိုက်ရတော့ စောစောက ကြောက်လန့်ပြီး တုန်နေတဲ့ရင်ဟာ လှိုက်ခနဲ လှိုက်ခနဲဖြစ်ပြီး မျက်ရည်များပင်ကျလာခဲ့ သတဲ့။ အဲဒီရဲဘော်လေးက ဗိုလ်ချုပ်အောင် ဆန်းနဲ့ အာဇာနည်ကြီးများ အတွင်းဝန်ရုံးမှာ လုပ်ကြံခံရတဲ့ ဇူလိုင် ၁၉ ရက်နေ့မျိုးတစ်ရက်၊ သူ့ဘဝရဲ့အတွေ့အကြုံလေးကို ဗိုလ်ချုပ် အောင်ဆန်းရဲ့ ငါဘယ်သူဘယ်ဝါဆိုတဲ့ မာန် မာနမရှိတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ပုံရိပ်၊ အောက်ခြေရဲဘော်လေးတစ်ယောက်အပေါ်  မသိလို့ ပြောမှား ဆိုမှားအပေါ် ခွင့်လွှတ်သနား တတ်ပုံနဲ့ တာဝန်ကျေခြင်းအတွက် ချက်ချင်း ရင်းနှီးစွာခေါ်ယူတွေ့ဆုံပြီးချီးမွမ်းပုံတို့အား အဲဒီရဲဘော်လေးရဲ့နှလုံးသားက သန္ဓေတည် စွဲကပ်ခဲ့ဟန်။ ဟိုးအနှစ် ၅ဝ နီးပါးက ကျွန်တော်နားထောင်ခဲ့ရပြီး ရင်ထဲစွဲမြဲစွာရှိနေတဲ့ သတင်းစာဆောင်းပါးကို ရေဒီယိုကတင်ဆက် ခဲ့တဲ့ ဇူလိုင် ၁၉ ရက် အာဇာနည်ကြီး များရဲ့ ဇာတ်လမ်းလေးပါ။ ဒီနေ့အထိ ကျွန်တော် မမေ့..နောက်များနောက်များလည်း ဘယ် တော့မှမမေ့တဲ့ ဇာတ်လမ်းရဲ့အကြောင်းအရာ ပါလို့ ဆိုလိုက်ပါရစေ။ (မှတ်ချက်-ကြာလွန်းတဲ့ အတွက် စကားလုံးအတိုးအလျှော့ရှိခဲ့ရင် ခွင့်လွှတ်ပါ)


အောင်ဟိဏ်း (ကျိုက်ထော်)

(၆၇ နှစ်အရွယ်ဆောင်းပါးရှင် စာရေးဆရာ အောင်ဟိဏ်း (ကျိုက် ထော်) သည်ပင်လျှင် အာဇာနည်နေ့အသံလွှင့်ဇာတ် လမ်းတစ်ပုဒ်ကို မှတ်မိသမျှပြန်လည်ရေးသား မှုအပေါ် ကာလ ကြာခဲ့၍ စကားလုံးအတိုး အလျှော့အတွက် စိတ်အားမလို အားမရဖြစ်ရကြောင်း ရိုးသားစွာဖွင့်ဟ လာသည်ဖြစ်ရာ အဆိုပါ အသံလွှင့်ဇာတ်လမ်းကို ယနေ့ အများအပြား ဖြစ်ထွန်းရာသော အသံလွှင့် ဌာနများကပြန်လည်ရှာဖွေထုတ်လွှင့် ပြီး နားဆင်ခဲ့ဖူးသူများအား ဒီစာကိုပြန်လည်ဖြည့်စွက်ဖို့၊ နားမဆင် ဖူးသေး သော မျိုးဆက်သစ်လူငယ်တို့နားဆင်နိုင်ဖို့ ဆန္ဒပြုလိုက် ပါသည်။
အယ်ဒီတာ)
Popular News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis