menu

Wednesday 11 July 2012

အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူဟု ယူဆထားသူအား ရဲတပ်ဖွဲ့မှ စစ်ဆေးနေစဉ် ကာလအတွင်း သေဆုံးမှုဖြစ်ပွား




5154
ပြစ်မှုကျူးလွန်သူဟု ယူဆရသူ မျိုးမြင့်ဆွေနေအိမ်သို့ သက်ဆိုင်ရာက ၀င်ရောက်ရှာဖွေနေစဉ်
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ကျုးလွန်သူဟု ယူဆထားသူအား ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေစဉ် ကာလအတွင်း သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၈ ရက်နေ့ တွင် မပိုးပိုးမွန် ၁၉ နှစ် (ပန်းရောင်းသူ)မှာ သူမနေအိမ်ရှိ ခုတင်ပေါ်၌ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာနှစ်ချက်၊ လည်ပင်းထိုးသွင်း ဒဏ်ရာနှစ်ချက်၊ ယာလက်ဖ၀ါး ပြတ်ရှ ဒဏ်ရာတစ်ချက်နှင့် ယာလက်မ ဓားထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် ရဲစခန်းမှ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ၁၅၆ ရပ်ကွက်ရှိ မျိုးမြင့်ဆွေ (ခ) ကုလားကြီးအား ဇူလိုင်လ ၅ ရက်နေ့ညနေပိုင်းက ခေါ်ယူစစ်ဆေး ခဲ့ပြီး စစ်ဆေးနေဆဲ ကာလအတွင်း ဘုရင့်နောင်ရဲစခန်းရှိ စစ်ကြောရေး ခန်းမအတွင်း၌ ဇူလိုင်လ ၈ ရက် နေ့ နံနက် ၃း၃၀ နာရီခန့်တွင် ရုတ်တရက် မေ့လဲကျခဲ့ပြီး အင်းစိန်ဆေးရုံသို့ပို့ဆောင်စဉ် ဆေးရုံအရောက်တွင် သေဆုံးသွားသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် မှုခင်းဆရာဝန်မှ ခွဲစိတ်စစ်ဆေးခဲ့သည်။
ပြစ်မှုကျူးလွန်သူဟု ယူဆရသူ နှင့်သေဆုံးသွားသော မိန်းကလေးဖြစ်သူမိခင်တို့သည် လွန်ခဲ့သော ၁၀  နှစ်ခန့်က ရင်းနှီးခင်မင်ခဲ့သူဖြစ်သည်။
“ရောဂါနဲ့ပတ်သက်တာကျတော့ ကျွန်တော်တို့က ချက်ချင်းပြောခွင့်ရှိတယ်။ ရဲမှုခင်းတွေနဲ့ ပတ်သက်တာ တွေကျတော့ ကျွန်တော်တို့က ကျင့်ဝတ်ပိုင်းအရ ပြောခွင့်မရှိတာတွေ ရှိတယ်။ အဲဒီဟာက အမြဲတမ်းလျှို့ဝှက်ထား မှာလားဆိုတော့ မဟုတ်ဘူး။ တရားရုံးရှေ့မှာ ကျွန်တော်တို့ဖွင့်ဆိုမယ်။ ဒါကြောင့်မို့ကာလလေးတစ်ခုတော့ ကြန့်ကြာရင် ကြန့်ကြာမယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ လူထုရှေ့မှောက် မှာ ထွက်ဆိုမယ်။ ကျွန်တော်တို့မှာ ဘာမှ ဖုံးကွယ်ထားတာ မရှိပါဘူး။ ချုပ်နှောင်ထားတဲ့ နေရာတစ်ခုအတွင်း မှာသေဆုံးသွားတာ ဆိုတော့ ထိန်းသိမ်းထားတဲ့သူတွေဆီမှာ တာဝန်ရှိပါတယ်” ဟု အင်းစိန်ဆေးရုံမှမှုခင်းဆရာဝန်ကြီး ဒေါက်တာရဲဝင်းက ဆိုသည်။
အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး မျိုးအောင်က “ ဇွန်လ ၂၈ ရက်နေ့မှာ ဘုရင့်နောင်ရဲစခန်းအပိုင် ဖြစ်တဲ့မရမ်းကုန်း ၂ ရပ်ကွက်မှာ လူသတ်မှုဖြစ်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြစ်မှုကျူးလွန်သူ လို့ယူဆရတဲ့ ကိုကုလားကြီးကို ခေါ်ယူစစ်ဆေးခဲ့တယ်။ သူကအမှုဖြစ်တဲ့ အချိန်မှာ ကြည့်မြင်တိုင်က ဆရာဝန်ကြီးတစ်ဦး အိမ်မှာ ရှိနေခဲ့တယ်လို့ အလီဘိုင်ပြတယ်။ ကျွန်တော်တို့ ဇူလိုင်လ ၆ ရက်နေ့တစ်နေ့လုံး သွားရောက်စစ်ဆေးတဲ့အခါမှာ အဲဒီအလီဘိုင်က မှားနေတယ်။ နောက်ထပ်ပြ တဲ့ အလီဘိုင်တစ်ခုကလည်း လွဲနေ တယ်၊၊ အဲဒီမှာသူကသူဟာ ပြစ်မှုကျူးလွန်သူပါလို့ ဖြောင့်ချက်ပေးခဲ့တယ်။ ကျွန်တော်တို့မှာ ဖြောင့်ချက်ပေးတဲ့ အထောက်အထားတွေလည်း ရှိပါတယ်၊၊ ပြစ်မှုကျူးလွန်သူရဲ့အကြောင်း ရင်း၊ မှုခင်းဆိုင်ရာ ကျူးလွန်မှုအနေအထား၊ သက်သေခံပစ္စည်းတွေကို ဖော်ထုတ်နိုင်ခဲ့တယ်။ ပြစ်မှုကျူးလွန် ရတဲ့အ နေအထားကတော့ တစ်ချိန်က စောင့်ရှောက် ကျွေးမွေးခဲ့တဲ့ ကလေးမလေးက ပန်းရောင်းဖို့ နေရာတောင်းတာကို ငြင်းဆန်တာရယ်၊ စီးပွားရေး အပြိုင်ဖြစ်ခဲ့တဲ့ မိသားစုက စီးပွားရေး အဆင်ပြေနေတာကို မနာလိုဖြစ်ပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ထုတ် ရရှိခဲ့ပါတယ်”ဟုပြောကြားခဲ့သည်။
“ဇွန်လ ၈ ရက်နေ့ မနက် ၃း၃၀ နာရီခန့်မှာ ကိုကုလားကြီး က ထိုင်ခုံမှာထိုင်နေရင်းနဲ့ သတိလစ်သွားပါတယ်။ အဲဒါနဲ့ အင်းစိန် ဆေးရုံကိုပို့တော့ ဆေးရုံအရောက်မှာ ပဲဆုံးသွားပါတယ်။ ကျွန်တော်တို့ သူ့ကိုဒီအရင်စစ်ဆေးခဲ့တဲ့ အမှုတွေ အတိုင်းပဲ စစ်ဆေးခဲ့တာပါပဲ။ ဒီလိုမျိုးဖြစ်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်” ဟု ဒုရဲမှူးကြီး မျိုးအောင်က ဆက်လက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
“အခုလိုအမှုစစ်ဆေးဆဲကာလ မှာ သေဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီးတော့ အမှုစစ်ဆေးစဉ်မှာ တာဝန်ရှိခဲ့တဲ့သူတွေကို သေသေချာချာ စစ်ဆေးပြီး ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးစေချင်ပါတယ်” ဟု သေဆုံးသူတစ်ဝမ်းကွဲအစ်ကို ဖြစ်သူ ကိုစိုးလင်းက ပြောပါသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ရန်ကုန်တိုင်းဒေသ ကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဖြစ်သူ ဒုရဲမှူးကြီးသက်လွင်က “အခု လတ်တလော အခြေအနေမှာတော့ သေမှုသေခင်းနဲ့ပဲ အမှုဖွင့်ထားပါတယ်။ မှုခင်းဆရာဝန်ကြီးရဲ့ မှတ်ချက်ပေါ်မူတည်ပြီးတော့ စစ်ဆေး လို့ပေါ်ပေါက်ခဲ့ရင်လည်း ပုဒ်မ ပြောင်းလဲဖွင့်လှစ်ပြီးတော့ တရားစွဲဆိုသွားပါမယ်။ ဒီဖြစ်စဉ်မှာ ကျူးလွန်တယ်လို့ ယူဆရတဲ့သူကို စစ်ဆေးနေတဲ့ အချိန်မှာ သေဆုံးသွားတဲ့အတွက် ဒီအမှုကို စစ်ဆေးနေတဲ့ အဖွဲ့တွေအားလုံးမှာ တာဝန်ရှိပါတယ်။ သေသွားတဲ့သူကလည်း သူဝန်ခံပြီးတော့ သက်သေပစ္စည်း တွေသိမ်းဆည်းဖို့ ဆောင်ရွက်နေစဉ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ အဓိက သက်သေခံ ပစ္စည်းဖြစ်တဲ့ ကတ်ကြေးကိုတော့ သိမ်းဆည်းထားပြီးသွားပါပြီ” ဟု ပြောကြား ခဲ့ပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis