menu

Wednesday 11 July 2012

၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ် မြန်မာနိုင်ငံသို့ ရောက်ရှိ



၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်သည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဇူလိုင်လ ၁၁ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံတွင် သံအမတ်ခန့်အပ်လွှာ ပေးအပ်ရန်အတွက် ခရီးရောက်မဆိုက် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အမေရိကန် သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချဲလ်အား ခန့်အပ်ရန် အမေရိကန်အစိုးရမှ အဆိုပြုခြင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘော တူညီခဲ့ကြောင်း ဇူလိုင်လ ၆ ရက်နေ့ထုတ် အစိုးရသတင်းစာများက ဖော်ပြခဲ့ကြသည်။

ဒဲရစ်မစ်ချဲလ်သည် ၁၉၈၆ ခုနှစ်တွင် ဗာဂျီးနီးယားတက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့နှင့် ၁၉၉၁ ခုနှစ်တွင် တက်ဖ်တက္ကသိုလ် ဖလက်ချာဥပဒေနှင့် သံတမန်ရေးရာဌာနမှ ဥပဒေနှင့် သံတမန်ရေးရာဆိုင်ရာ မဟာဘွဲ့ကို ရရှိခဲ့သည်။ ၎င်းသည် အာရှရေးရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ၀ါရှင်တန်ဒီစီရှိ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအစီအစဉ်တွင် အာရှရေးရာ ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနတွင် အာရှနှင့် ပစိဖိတ်လုံခြုံရေးရာ ဒုတိယ လက်ထောက်ကာကွယ်ရေးဝန်ကြီး အဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။
၂၀၁၁ ခုနှစ် သြဂုတ်လမှ ၂၀၁၂ ခုနှစ် ဇွန်လအထိ ဒဲရစ်မစ်ချဲလ်သည် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဒဲရစ်မစ်ချယ်ကို အမေရိကန် ပြည်ထောင်စုသမ္မတ ဘာရက်အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် မေလ ၁၇ ရက်နေ့တွင် အမည်စာရင်းသွင်းခဲ့ပြီးနောက် အမေရိကန် အထက်လွှတ်တော်က ဇွန်လ ၂၉ ရက်နေ့က အတည်ပြုခဲ့သည်။
အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးထားရှိခြင်း မရှိဘဲ သံရုံးယာယီတာဝန်ခံသာ ထားရှိခဲ့သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားလက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ကာ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့်လမ်းစဉ်ကို ကျင့်သုံးခဲ့သည်။
အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် လက်ရှိနယူးယောက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော သံအမတ်ကြီး ဦးသန်းဆွေကို ခန့်အပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီတွင် တွေ့ဆုံအပြီး မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis