menu

Wednesday 11 July 2012

“ Blackheath လွင်ပြင်မှာ….”(ရှေးစာဆို)

တစ်ခါတစ်လေ တိုက်ဆိုင်မှုဆိုတာ ကံလားလို့ သူမနဲ့တွေ့ပြီးနောက်မှာ ကျွန်တော်စဉ်းစားမိလာတယ်။ ဒါဟာ
ရေစက်ပဲလို့လည်း ကိုယ်လိုရာ ဆွဲတွေးပစ်လိုက်တယ်။ ပထမဆုံးစာသင်ရက်မှာ အမြဲတမ်းနောက်ကျတတ်တဲ့
ကျွန်တော်ဟာ စာသင်ခန်းထဲကို နောက်ကျပြီးမှ ရောက်မလာရင် ဒါမှမဟုတ် သူမဘေးမှာသာ
နေရာလွတ်ရှိမနေဘူးဆိုရင် ကျွန်တော်နဲ့ မျက်ဝန်းပြာလေးရဲ့ တွေ့ဆုံမှုဟာ တစ်သက်စာလွဲချင်လွဲနေပေဦးမယ်။
 ဆရာသင်တာကိုပဲ အာရုံစိုက်နေခဲ့တဲ့ ကျွန်တော်ဟာ ကျွန်တော့်ဘေးက မျက်ဝန်းပြာမလေးကို ပထမဆုံးနေ့မှာ
လုံးဝကို သတိမထားမိခဲ့တာတော့ ကျွန်တော့်ရဲ့ အရည်အချင်းတွေထဲက အညံ့ဖျင်းဆုံးတစ်ခုဆိုတာ
ဒုတိယနေ့အရောက် သူမဘေးနားကို ထိုင်မိချိန်မှာ သိလိုက်ရတော့တယ်။
မျက်ကွယ်မပြုနိုင်လောက်အောင်
သူမလှလွန်းနေတယ်။ ကံကောင်းချင်ရင် ဆက်တိုက်ဆိုသလိုပဲ သူမဘေးက သူငယ်ချင်းက
ကွန်ပျူတာလက်တွေ့ခန်းမှာ ကျွန်တော်တစ်ခါ ကူညီခဲ့ဖူးတဲ့ အာရှသူလေးဖြစ်နေတယ်။

ဒီလိုနဲ့ နှစ်ဦးနှစ်ဖက်မိတ်ဆက်ပေးပြီးတဲ့နောက်မှာ သူမ ဖော်ရွှေတာ ။ ချစ်ဖို့ကောင်းတာကို ပိုသိလာခဲ့တယ်။
ဒါပေမယ့် ရင်အခုန်မြန်စေတဲ့ သူမရဲ့ လှပဝိုင်းစက်တဲ့ မျက်ဝန်းပြာတွေကို ကျွန်တော်ကြာကြာ မကြည့်နိုင်ခဲ့ဘူး။
ကျောင်းသွားဖို့ အပျင်းထူတဲ့ ကျွန်တော်က သူမနဲ့စဆုံပြီးနောက်မှာ စနေ၊ တနင်္ဂနွေ
ကျောင်းပိတ်ရက်တွေတောင် မလိုချင်တော့ဘူးလေ။

တကယ်တော့ ခုအင်္ဂလိပ်ဘာသာသင်တန်းကျောင်းမှာ အခကြေးငွေပေးရတဲ့အတန်းဟာ ကျွန်တော်ရဲ့
မူလစာသင်ခန်းဖြစ်ပြီး ဆရာဖြစ်သင်တန်းတက်နေတဲ့ ဆရာတွေ အခမဲ့သင်ပေးတဲ့ သူမရှိသော ဒီအတန်းကို
ကျွန်တော်က အချိန်တွေ ပိုတာနဲ့ အပျော်လာတက်ခဲ့တာပါ။ အပျော်လာတက်တာ ဆိုတဲ့အတိုင်း
စကားနောက်တရားပါ တကယ်အပျော်တွေပြည့်ဝနေတဲ့ အတန်းဖြစ်နေပါတယ်။ ဒီအတန်းဟာ
ကျွန်တော်လက်ရှိတက်နေတဲ့အတန်းထက် လယ်ပယ်နိမ့်တာကတစ်ကြောင်း၊ သူမနဲ့
ကျွန်တော်တစ်ဖွဲ့တည်းကျပြီး စာသင်ရတာက တစ်ကြောင်းကြောင်းပေါ့။

အင်္ဂလိပ်ဘာသာသင်တန်းမှာ ရေး၊ဖတ်၊ပြော၊နားထောင်ခြင်းတွေ သင်ရပေမယ့် သူမကို ကြည့်ပြီး
စကားပြောရတဲ့အချိန်တွေဟာ ပျော်ဖို့အကောင်းဆုံးအချိန်တွေပါပဲ။ ဒါပေမယ့် ကံဇာတ်ဆရာက
ကျွန်တော်ပျော်နေတာကို မနာလိုမရှုဆိတ်လို့ ကျွန်တော်နဲ့ သူမကို ခွဲပစ်လိုက်တယ်ဗျ။
အကြောင်းပြချက်က ကျွန်တော်ရော သူမရော စာတော်သူတွေ ဖြစ်ပြီး တစ်ဖွဲ့တည်းကျနေလို့ မညီမျှဘူးတဲ့။
ဒီတော့လည်း အချစ်စစ်မှာ ဖြောင့်ဖြူးခြင်းမရှိဘူးဆိုကာ ဘာဘာညာညာတွေ ကြီးကြီးကျယ်ကျယ်တွေးပြီး
ကျွန်တော်ခံစားပစ်လိုက်တယ်။

ဒါပေမယ့် ဒီလိုကံအချိုးလေးကလည်း တစ်မျိုးရင်ခုန်စရာဖြစ်လာတယ်။သူမနဲ့ ကျွန်တော်တို့ အဖွဲ့က
မျက်နှာချင်းဆိုင်ဖြစ်နေတယ်။သူမကို စာသင်တုန်း ခိုးကြည့်လိုက် စကားပြောချိန်မှာ
ခပ်တည်တည်ကြည့်လိုက်နဲ့ ကျွန်တော်ရောဂါပိုတိုးလာတယ်။ ပြီးတော့ စိတ်ထင်တာ မဟုတ်တဲ့
သေချာမှုကတော့ ကျွန်တော့်ကိုလည်း သူမ ခိုးကြည့်နေပါတယ်။

မိန်းကလေးဆိုတော့ ကျွန်တော်ပြန်ကြည့်ရင် မျက်နှာလွှဲသွားလိုက် နောက်တော့လည်း ပြန်ကြည့်လိုက်နဲ့ အခုမှ
ကစားပွဲက ပိုပျော်ဖို့ကောင်းလာတယ်။ ဒါပေမယ့် သူမက အနောက်တိုင်းသူဆိုတော့ ကျွန်တော့်လို
အသားဝါကောင်ကို စိတ်ထဲထည့်ပါ့မလားလို့ အားငယ်တွေးနဲ့ ရှေ့ဆက်ဖို့ မရဲဘူး ဖြစ်နေတယ်။ ကံဆိုတာ
လူက လုပ်တာလား။ လူကို လုပ်ဆောင်ဖြစ်အောင် ကံက ပံ့ပိုးတာလားဆိုတာ ကျွန်တော်မဝေခွဲတတ်ဘူး။
ကျွန်တော်ရှေ့တိုးဖြစ်အောင်အကြောင်းဖန်လာတာကတော့ သူမရှိတဲ့ အတန်းကို ကျွန်တော်မတက်ဖြစ်ဖို့
အကြောင်းဖြစ်လာတယ်။

တစ်ကယ်တော့ ကျွန်တော့်အတန်းပြီးချိန်က နေ့လယ်ခင်းဖြစ်ပြီး သူမနဲ့ အတူတက်တဲ့ သင်တန်းက
ညနေအတန်းဖြစ်ပါတယ်။ ကျွန်တော် မနက်အတန်းပြီးသွားလို့ ကျောင်းကပြန်အထွက် ကျောင်းတက်ဖို့လာတဲ့ သူမနဲ့ လမ်းမှာသွားဆုံပါတယ်။ သူမက ကျောင်းမတက်တော့ဘူးလားလို့မေးတော့ ကျွန်တော်က အင်းလို့
ဖြေလိုက်တယ်။ အဲ့ဒီအခါမှာ သူမ မျက်နှာပျက်သွားတယ်ဗျ။

ကျွန်တော်ပျော်လွန်းလို့ ရူးချင်ချင်တောင်ဖြစ်သွားတယ်။ စကားမစပ် ကျွန်တော့်လို ရှေ့မတိုးရဲတဲ့
ကောင်အတွက် မျက်နှာရိပ်မျက်နှာကဲကို အနည်းငယ်ဖွင့်ပြဖို့ လိုအပ်တယ်ဆိုတာ အိနြေ္ဒသံပတ်တင်းလွန်းတဲ့
မျက်ဝန်းပြာမလေးကို သိစေချင်တယ်။ ဒီလိုနဲ့ သူမရဲ့ မခွဲခွာချင်ဟန်မျက်နှာရိပ်လေးတစ်ချက်ဟာ
ကျွန်တော့်ဘဝကို ပြောင်းစေခဲ့တာပါပဲ။

နောက်နေ့မှာပဲ သူမကို ကျောင်းအပြန်လိုက်ပို့ပါရစေလို့ ခွင့်တောင်းလိုက်တယ်။ ဘေးနားက အာရှသူလေးက တအံ့တသြကြည့်လို့။ Date လည်း မဟုတ် ဘယ်လိုပါလိမ့်လို့ တွေးနေပုံပဲ။ ချင်းကပ်နည်းတွေကို ကျွန်တော် မကျွမ်းကျင်တော့ ဘယ်လမ်းကို ဘယ်လိုလိုက်ရမယ်ဆိုတာ ကျွန်တော် မဝေခွဲတတ်ခဲ့ဘူး။ ကျွန်တော့် ရင်ထဲရှိတဲ့အတိုင်းပဲ ပြောလိုက်တယ်။။သူမကလည်း အေးအေးဆေးဆေးပဲ လက်ခံတယ်။

သူမက နွေရာသီကျောင်းပိတ်ရက်မှာ ဒီကို အလည်လာတဲ့သူပါ။ အလည်လာရင်း ကျောင်းလည်းတက်
ကျောင်းကအပြန် အချိန်ပိုင်းအလုပ်လည်း လုပ်ပါတယ်။ ကျွန်တော်လိုက်ပို့တာက သူမရဲ့ အလုပ်ဆီကိုပါ ။ ခုလို
လိုက်ပို့ဖြစ်မှပဲ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းနံပါတ် လဲ ဖြစ်ကြပါတယ်။ သူမက သူမနိုင်ငံရဲ့ ဖုန်းလိုင်းကိုပဲ သုံးနေတာပါ။ သူမကို စာတိုလေးတစ်ခါပို့တိုင်း စကားလေးတစ်ခွန်းပြောတိုင်း နိုင်ငံတကာကြေးပေးရပေမယ့် မမှုခဲ့ပါဘူး။ တစ်ဘဝလုံးစာချစ်မိသူ ကျွန်တော်က သူမအတွက် အရာရာကို ပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ကောင်လေ။

ဒီလိုကျွန်တော့်ဖက်က သေချာသလောက် သူမဖက်ကလည်း သေချာတယ်လို့ ကျွန်တော် အထင်တကြီး
တွက်လိုက်ခဲ့မိလို့ မရည်ရွယ်ဘဲ ကျွန်တော် ဖွင့်ပြောမိသွားတယ်။ သူမ အကြီးအကျယ်အံ့သြသွားတာ
မြင်လိုက်ရတော့မှ ကျွန်တော်လောသွားပြီလားလို့ တွေးခဲ့မိပါတယ်။

ဒီမှာက အတူနေပြီး သုံးလေးနှစ်ကြာတောင် ချစ်တယ်လို့ ဖွင့်မပြောကြတဲ့ သူတွေ ရှိကြတော့ မယုံချင်ဟန်
သူမကိုလည်း အပြစ်မဆိုသာဘူး။ မြန်မာလို တွေးပြီး မြန်မာလိုသာ ခံစားတတ်တဲ့ ကျွန်တော့်ရဲ့ အဓိက
အားနည်းချက်ပါပဲ။

သူမရဲ့ လက်ကလေးကိုမှ မထိကိုင်ဖူးဘဲ ချစ်တယ်လို့ ပြောမိတာကို သူမ ယုံကြည်လာဖို့
ကျွန်တော်စောင့်မယ်လို့ ထပ်ပြောလိုက်တော့ သူမရဲ့ဟန်အတိုင်း အေးအေးဆေးဆေးပဲ အိုကေတဲ့။
ကျွန်တော်ကသာ အရင်က အရာရာမှာ အေးစက်ခဲ့သလောက် အခုတော့ ပူတိပူလောင်ဖြစ်လို့။

ကျွန်တော်ရင်တွေလှုပ်ခတ်တယ်ဗျ။ ရင်ခုန်တယ်။ သူမရဲ့ အပြာရောင်မျက်ဝန်းတွေဟာ ကျွန်တော့်ရင်ကို
ပြာယာခတ်စေတယ်။ အချစ်ဟာ လူကိုပြောင်းလဲစေတယ်ဆိုတာ ကျွန်တော်လက်ခံလိုက်ရတော့တယ်။
အရင်တုန်းက ဗိုင်းကောင်းကျောက်ဖိ မြန်မာမိန်းကလေးမှ လက်တွဲဖော်လုပ်မယ်လို့ ရည်စူးထားခဲ့တာဟာ
အခုတော့ အိပ်မက်လိုလို။ သူမက အရပ်မနိမ့်မမြင့် အနောက်တိုင်းသူဆိုတော့ လမ်းလျှောက်ရင် ပုခုံးချင်း
ဘေးချင်းယှဉ်ချင်သလိုလို ဖြစ်နေပါတယ်။ စာဆန်ဆန်ပြောရမယ်ဆို ကိုယ်နဲ့ ပုခုံးချင်းယှဉ်မယ့် မိန်းမကို
တစ်သက်တာ လက်တွဲချင်လိမ့်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့တာလည်း အမှန်ပါ။

ဒီလိုနဲ့ အချစ်အတွက်ဆိုရင် ပင်လယ်ပြင်ကြီးမှာ လက်ပစ်ကူးရကူးရဆိုတဲ့ သကောင့်သားတွေထဲ ကျွန်တော်က
ထိပ်ဆုံးကဖြစ်လာတော့တာပဲ။ ကျွန်တော့်အချိန်ဇယားတွေမှာ သူမနဲ့သာ ပြည့်နေတယ်။ ဖုန်းဆက်တယ်။
စာတိုလေးတွေပို့တယ်။ ကျောင်းတက်တယ်။ သူမကို လိုက်ပို့တယ်။ သူမကို စောင့်တယ်။

သူမကို စောင့်တယ်ဆိုတာက ဒီလိုပါ။ သူမ အချိန်ပိုင်းလုပ်တဲ့ အလုပ်ဟာ ညတစ်နာရီပြီးတာဆိုတော့ သူမရဲ့
အလုပ်သိမ်းချိန်ကိုစောင့်ပြီး သူမကို တဖန်အိမ်ပြန်လိုက်ပို့တာပါ။ တကယ်က သူမအလုပ်နဲ့ အိမ်က
မလှမ်းမကမ်းပါ ။ သူမက နွေရာသီပြီးရင် သူမတို့ ဌာနေကို ပြန်ရတော့မှာဆိုတော့ ကျွန်တော်က
ရသလောက်အချိန်လေး သူမဘေးမှာ နေချင်လို့ တွယ်ကပ်နေတဲ့ သဘောပါပဲ။

အချိန်တွေကို လေးစားဖို့ ဆိုတာ စာဖတ်စရာမလိုဘဲ ကျွန်တော်တန်ဖိုးထားနေထိုင်သလို ကျွန်တော်ရဲ့
အချိုးတော်တော်များများလည်း သူမပြင်စရာမလိုဘဲ အလိုလိုပြောင်းလာပါတယ်။ ဥပမာတစ်ခုပြောရရင် သူမရဲ့
အလုပ်နဲ့ အိမ်ကြား ဘေးမှာ ကားတွေက ဥဒဟိုဖြတ်သွားနေတဲ့ Blackheath လွင်ပြင်ကြီးက စရပါလိမ့်မယ်။

လွင်ပြင်ကြီးရဲ့ မြက်ခင်းစိမ်းစိမ်းတွေဟာ အစိမ်းရောင် ကတီပါကောဇောကြီးတစ်ခုလိုပါပဲ။ ဒီလို
မြက်ခင်းစိမ်းလေးပေါ်မှာ လရောင်ဖြာကျနေတာကိုကြည့်ပြီး လောကဟာ တော်တော်လှပါလားလို့ ကျွန်တော် တွေးခဲ့မိတာ သူမကြောင့်ဆိုတာ ပြောစရာမလိုဘူးထင်ပါတယ်။

သူမက လွင်ပြင်မှာလမ်းလျှောက်တိုင်း လူသွားလမ်းပေါ်က မလျှောက်ဘဲ မြက်ခင်းပေါ်ကလျှောက်တယ်ဗျ။
ဘာဖြစ်လို့လည်းလို့ ကျွန်တော်ကမေးတော့ ကြိုက်လို့တဲ့။ ဒီလိုနဲ့ ကျွန်တော်လည်း သူနဲ့အတူ မြက်ခင်းပေါ်
ဆင်းလျှောက်ရတော့တာပေါ့။ ဒါတွေက ကျွန်တော် သူမအကြိုက်ကိုလိုက်ရတာတွေထဲက
အသေးအမွှားတစ်ခုလေးပါ။ စောင့်ရခြင်းကို မုန်းတီးလှတဲ့ ကျွန်တော်ဟာ သူမအလုပ်ပြီးချိန်အထိ
ကွင်းပြင်ကြီးမှာစောင့်ရတာကိုတောင် နှစ်ခြိုက်နေတတ်ခဲ့ပါပြီ။

သူမ ဒါတွေကို ခံစားမိရဲ့လား။ ကျွန်တော့်အချစ်ကို နားလည်ရဲ့လား လို့ တစ်ခါမှ မမေးမိပေမယ့်
သူမခံစားနေလိမ့်မယ်လို့ ကျွန်တော်ယုံကြည်နေမိပါတယ်။

-----------------------------------   $$$  -----------------------------------

ဒီနေ့ဟာ ကျွန်မရဲ့ နိုင်ငံ့ပြင်ပထွက်ပြီးနောက် အလည်အပတ်လုပ်ရင်း စာလာသင်ယူရတဲ့ ပထမဆုံး
စာသင်ရက်တစ်ခုပါ။ ဒါကြောင့် စာသင်ခန်းကို အစောဆုံးရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မဘေးကို
ဝင်ထိုင်သူကတော့ နောက်အကျဆုံးကျောင်းသားဖြစ်တဲ့ အာရှသားတစ်ယောက်ပါ။ အလောတကြီးနဲ့
ဆရာစာသင်နေတာကို အာရုံစိုက်နေတဲ့သူတစ်ယောက်ပေါ့။

နောက်တစ်နေ့မှာပဲ ကျွန်မဘေးက အာရှသူလေး မိတ်ဆက်ပေးလို့ ကျွန်မ ထိုအာရှသားလေးကို သိခဲ့ရပါတယ်။
ဖော်ရွေတဲ့ အပြုံးနဲ့ ကျွန်မ မသိတဲ့ အာရှကအကြောင်းတွေကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတတ်သူပေါ့။
နောက်ပြီး အတန်းထဲမှာ စာအရဆုံးသူကလည်း သူပဲဖြစ်နေပြန်ပါတယ်။

ကျွန်မနဲ့သူက ဘေးချင်းကပ်ရပ်ထိုင်နေကြသူများဖြစ်ကြတော့ ဆရာတွေက ကျွန်မတို့ နှစ်ယောက်ကို
အုပ်စုတူဖွဲ့ပေးလိုက်ကြပါတယ်။ စာတွေ အတူလုပ်ရင်း တစ်ချက်တစ်ချက် ကျွန်မကို ခိုးကြည့်နေတာ သိပေမယ့်
မသိသလိုပဲ ကျွန်မနေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ မျက်ဝန်းနက်နက်တွေက ကျွန်မရင်ကို
ရှိုးတိုးရှန်းတန်း ဖြစ်မိစေလို့ပါ။

အတန်းထဲမှာ စာတော်တဲ့အုပ်စုအဖြစ် အသိအမှတ်ပြုခံရပြီးနောက်ပိုင်း သူနဲ့ အုပ်စုခွဲခဲ့ရပါတယ်။ ထိုအတွက်
သူ့မျက်နှာ မကောင်းတာ သတိထားမိလိုက်ပေမယ့် ကျွန်မ ဘာမှ သူ့ကို မနှစ်သိမ့်ပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့
ခိုးခိုးကြည့်တဲ့ အကြည့်တွေမှာ ကျွန်မသာယာနေခဲ့မိတယ်။

တစ်နေ့သူအတန်း လာမတက်ပါဘူး။ အဲ့ဒီနေ့က ကျွန်မကို ပိုပြီး အတန်းတက်ရတာ အဓိပ္ပယ်မယ့်စေခဲ့ပါတယ်။
အဲ့ဒီနောက်မှာ သူက ထူးထူးဆန်းဆန်း လိုက်ပို့ပါရစေလို့ တောင်းဆိုလာတော့ ကျွန်မ
အံသြဝမ်းသာသွားမိပါတယ်။ ပထမဆုံး လိုက်ပို့တဲ့နေ့က ကျောင်းဘေးမှာဖွင့်တဲ့ စူပါမားကပ်က
မုန့်တွေဝယ်လာခဲ့ကြပြီး ကျွန်မတို့ နှစ်ယောက် Greenwich ပန်းခြံကြီးထဲမှာ အတူတူ သွားထိုင်စားခဲ့ကြတယ်။

အဲ့ဒီနောက် ရောက်တက်ရာရာ စကားတွေ ပြောနေရင်း ချစ်တယ်လို့ သူက ဆိုလာပါတယ်။
ကျွန်မအရမ်းအံ့သြသွားမိပါတယ်။ သူဘာဖြစ်လို့ ဒီလိုစကားကို လွယ်လွယ်ကူကူပြောရတာလဲ ဆိုတာကိုပေါ့။
နောက်တစ်နေ့ နေ့လည်ခင်း ၁နာရီမှာ ကျောင်းကိုအတူတူသွားဖို့ ကျွန်မကို လာကြိုပါရစေလို့
ခွင့်တောင်းပါတယ်။ နောက်တစ်နေ့ ၁နာရီမှာ သူရောက်မလာပါဘူး။ ကျွန်မ Blackheath လွင်ပြင်ကြီးရဲ့
ခုံတန်းလျားလေးပေါ်မှာ သူ့ကို စောင့်နေခဲ့မိတယ်။ ၁နာရီခွဲမှ အလောတကြီး ဘစ်ကားပေါ်က
သူပြေးဆင်းလာပါတယ်။

မောမောပန်းပန်းပုံစံနဲ့ နောက်ကျလို့ တောင်းပန်နေတဲ့ သူ့ပုံစံက ကျွန်မကိုရယ်မိစေပြီး သူ့ကိုစိတ်မတိုတဲ့အပြင်
ပိုပြီး သဘောကျစေခဲ့တယ်။ သူက ကျွန်မဘေးမှာ အမြဲနေပေးချင်တယ်တဲ့။ လွင်ပြင်ကြီးမှာ လမ်းလျှောက်တိုင်း
ကျွန်မသွားချင်တဲ့ လမ်းအတိုင်း သွားစေခဲ့တယ်။ ကျွန်မ မြက်ခင်းပြင်ပေါ်က လမ်းလျှောက်ရင်
သူလိုက်လျှောက်တယ်။ ကျွန်မက မိုးရွာတိုင်း မြက်ခင်းတွေ စိုနေလို့ လူသွားလမ်းပေါ်က
လမ်းလျှောက်တော့လည်း သူက လူသွားလမ်းပေါ်ကပဲ လိုက်လျှောက်ပါတယ်။

သူ့ဆီက စာတိုလေးတွေ ရရှိတိုင်း ကျွန်မပျော်တယ်။ ပြီးတော့ ကျွန်မ အရမ်းအံ့သြစေခဲ့တာ တစ်ခုကတော့
ကျွန်မ အလုပ်လုပ်တဲ့ ဆိုင်ကလေးရှေ့က Blackheath လွင်ပြင်ကြီးမှာ သူနေ့တိုင်း လာလာစောင့်ပေးတယ်။
ကျွန်မအလုပ်ပြီးချိန်က သန်းခေါင်ကျော် ၁ချက်ထိုးလောက်ဆိုတော့ သူ့အတွက် အိမ်ပြန်ချိန်အရမ်း
ညဉ့်နက်နေပြီလေ။ ဒါပေမယ့် သူက မငြီးမညူပဲ စောင့်နေခဲ့ပြီး ကျွန်မနဲ့ စကားပြောရဖို့ သူဒီလောက်တော့
အချိန်ပေးရမှာပေါ့ဆိုပြီး ပြုံးပြုံးရွှင်ရွှင်ပဲ ပြောတတ်တယ်။

ဒီလိုနဲ့ နေ့လည် ၁နာရီ ကျောင်းသွားချိန်နဲ့ သန်းခေါင်ကျော် မနက် ၁နာရီဟာ သူနဲ့ ကျွန်မတို့ရဲ့ Blackheath
လွင်ပြင်ကြီးထဲက ဘုရားကျောင်းနားလေးရဲ့ ခုံတန်းလျားလေးဟာ အချိန်းအချက်နေရာလေး
ဖြစ်မှန်းမသိဖြစ်လို့လာခဲ့တယ်။

တစ်ခါ လက်တိုဝတ်လာမိတဲ့ တစ်ညမှာပေါ့
ကျွန်မအရမ်းချမ်းတယ်လို့လည်းဆိုရော သူက သူဝတ်လာတဲ့ ဂျာကင်ကိုချွတ်ပြီး ကျွန်မကို ဝတ်စေခဲ့တယ်။
သူ့ကို ကျွန်မကြည့်လိုက်တော့လည်း သူက မချမ်းသလိုနဲ့ လက်တွေမှာတော့ ကြက်သီးတွေ ထနေလိုက်တာကို
တွေ့လိုက်ရတယ်။ သူ့စကားသံတွေက ချမ်းနေမှန်း မသိသာအောင် ပြောနေပေမယ့်လည်း
ကျွန်မရိပ်မိခဲ့ပါတယ်။ သူ့ရဲ့ အကြင်နာတွေကို ကျွန်မ ပိုပိုတိုးတိုးပြီး ယုံကြည်သက်ဝင်လာတယ်။

ကျောင်းအားတဲ့နေ့တွေဆိုရင် သူနဲ့အတူ သိမ်းမြစ်ဘေးသွားပြီး စကားတွေ ပြောကြတယ်။ အဲ့ဒီလိုစကားတွေ
ပြောရင် သူ့ဆီက ထူးထူးဆန်းဆန်း စကားတွေ ကြားရတယ်။ ဥပမာ ကျွန်မ အင်္ကျီကြီးက အပေါက်ကြီး
ဖြစ်နေတယ်ဆိုပြီးပြောလာတယ်။ ကျွန်မမှာတော့ အင်္ကျီအသစ်ကြီး ဘယ်မှာများ ပေါက်နေပါလိမ့်ဆိုပြီး
ရှာလိုက်ရတာ။ မပေါက်ပါဘူးလို့လဲပြောရော။ ဒါဆို ဘယ်လိုလုပ်ပြီး ခေါင်းလျှိုထားသလဲတဲ့။ အဲ့ဒီလို သူက
ကပ်သီးကပ်သပ်တွေကိုလည်း ပြောတတ်သေးတယ်။

နောက်ပိုင်းမှာ သူ့ကို ဆရာတွေက အဆင့်မြင့်တန်းမှာပဲ တက်စေတော့တယ်။ ဒါအပြင် သူ့နဲ့ကျွန်မကို သီးသန့်
တစ်ဦးချင်းစီ စာသင်ပေးချင်တဲ့ အစမ်းသင်ဆရာ၊ ဆရာမတွေက သူတို့နဲ့ စာသင်ယူပေးဖို့ သူနဲ့ကျွန်မကို
အကူအညီတောင်းကြတယ်။ ဒါကြောင့် စာသင်ပြီးချိန်တွေ မတူခဲ့ကြတော့ဘူး။ ဒါပေမယ့် သူရော၊ ကျွန်မပါ
စာသင်ပြီးချိန်ထိ တစ်ယောက်ကို တစ်ယောက် စောင့်ခဲ့ကြတယ်။

တစ်နေ့ ကျွန်မမွေးနေ့အကြိုမတိုင်ခင်ညမှာ ခါတိုင်းလို သူလာစောင့်ပြီး ကျွန်မကို D&G တံဆိပ်ဖြစ်တဲ့
ရေမွှေးကအစ ဆပ်ပြာရည်အဆုံးပါတဲ့ ဗူးတစ်ဗူးလက်ဆောင်ပေးတယ်။ အဲ့ညက သူစီးမယ့် ဘစ်ကားစောင့်ရင်း Blackheath လွင်ပြင်ကြီးထဲမှာ လမ်းလျှောက်ကာ ကျွန်မတို့ မနက် ၃နာရီလောက်ထိ
စကားတွေ ပြောခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း နေ့လည် ၁နာရီ Blackheath လွင်ပြင်ကြီးထဲ
ဘုရားကျောင်းနားက ထိုင်နေကြ ခုံတန်းလျားလေးမှာ ဆုံကြမယ်လို့ ဂတိတွေပေးရင်း လမ်းခွဲခဲ့ကြတယ်။
ကျွန်မမွေးနေ့ ဖြစ်တဲ့ ဒီနေ့မှာ သူနဲ့ဆုံရင် သူအကြားချင်ဆုံး စကားလေးပြောဖို့ ရင်ထဲက
ကြိတ်ဆုံးဖြတ်လိုက်တယ်။

မွေးနေ့မှာ ကျွန်မနဲ့အတူရှိချင်တဲ့ အဘွားက ကျွန်မရှိရာကိုလိုက်လာပြီး ဒီမနက်မှာပဲ Liverpool Streetမှာ
လာကြိုပါဆိုလို့ ကျွန်မ မနက်စောစောထကာ ကြိုဖို့ သွားခဲ့တယ်။ မနေ့ညက အိပ်ရေးပျက်ထားတော့
Hammersmith and City လိုင်းပေါ်မှာ အိပ်ငိုက်နေတုန်း သူ့ဆီက စာတိုလေး ၀င်လာတယ်။ “ကောင်းသော
မနက်ခင်းပါ။ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ… ချစ်တယ် ”တဲ့။ ၉နာရီထိုးဖို့ ၁၀မိနစ်အလိုမှာ သူ့ဆီက စာတိုလေးရရချင်း ကျွန်မလည်း ကြည်နှုးမှုအပြုံးတွေနဲ့အတူ သူ့ဆီကို စာတိုလေး တစ်စောင် လှမ်းပို့ဖို့ ရိုက်လိုက်တယ်။ “မင်းကို တွေ့ဖို့ အချိန်တွေကို မစောင့်နိုင်လောက်အောင် ဖြစ်နေမိပြီကွယ်”။ စာရိုက်ပြီး လှမ်းပို့တဲ့ ခလုပ်လေး နှိပ်အပြီးမှာ ရုတ်တရက် အသံကျယ်ကြီးတစ်ချက် ကျွန်မနောက်ဆုံး ကြားလိုက်ရမိတော့တယ်။

-----------------------------------  $$$  -----------------------------------

အဲ့ဒီနေ့က ကျွန်တော်ဟာ အစောဆုံး ၀ိရိယတွေနဲ့ သူမနဲ့ဆုံနေကျ Blackheathလွင်ပြင်ကြီးထဲမှာရှိတဲ့ ဘုရားကျောင်းနားက ခုံတန်းလျားလေးမှာ မနက်ကတည်းက ထိုင်စောင့်နေခဲ့ပါတယ်။ ဒါပေမယ့် နေ့လည် ၁နာရီမှာလည်း သူမ ပေါ်မလာခဲ့သလို၊ ည၁နာရီမှာလည်း ပေါ်မလာခဲ့ပါဘူး။ ကျွန်တော်တို့ ကတိတွေ ပြုခဲ့ကြတယ်။ သူမလာလိမ့်မယ်လို့ ကျွန်တော်ယုံပါတယ်။ သူမအပေါ်မှာ ထားရှိတဲ့ ကျွန်တော့်ချစ်ခြင်းတွေကြောင့် သူမ ဘယ်လိုပဲဖြစ်ဖြစ် လာတွေ့လိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်။

သူမဘာကြောင့် ရောက်မလာခဲ့သလဲဆိုတာ စဉ်းစားလိုက်တိုင်း သူမကျွန်တော့်ကို ကျီစားနေတာပါ…..ကျွန်တော့်အချစ်တွေကို စမ်းသပ်နေတာပါလို့ ခံစားရတယ်။ သူမနောက်ဆုံးပို့ခဲ့တဲ့ ဖုန်းစာတိုလေးရဲ့ အဓိပ္ပာယ်ကိုက ကျွန်တော့်ဘ၀ကို မျှော်လင့်ချက်တွေ ရှင်သန်စေခဲ့တယ်လေ။

လူတွေက ပြောကြတယ်။ ကျွန်တော် ဂေါက်နေတယ်တဲ့။ သူမကို ကျွန်တော် စောင့်နေဦးမယ်လို့
ပြောတိုင်း သူငယ်ချင်းတွေက သနားသလို ကြည့်ကြတယ်။ ကျွန်တော် ရယ်ချင်တယ်။ သူမ ဘယ်တော့မှ
လာမှာ မဟုတ်ဘူးဆိုပြီး ဘာလို့ ပြောကြတာလဲ ။ ဒီလောက် လွယ်လွယ်နဲ့ ကျွန်တော့်ကို ညာလို့ ရမယ်
ထင်နေလို့လား။ ဟင့်အင်း။ လုံးဝ မရပါဘူး။ ကျွန်တော် သူမကို ယုံတယ်။ ကျွန်တော် စောင့်နေဦးမယ်။
ဒီမျှော်လင့်ချက်လေးနဲ့သာ ကျွန်တော့်အသက်ဓာတ်လေးဟာ လင်းဖြာနေရတာပါ။ ဒါကို ခင်ဗျားတို့
မယုံချင်လည်း ရပါတယ်။ ဒါပေမယ့် သူမ ဒီကမ္ဘာမြေပေါ်မှာ မရှိတော့ဘူးလို့ ပြောပြီး ကျွန်တော့်ကို
အသေမသတ်စေချင်ပါဘူး။
  (၀၇.၀၇.၂၀၀၅ လန်ဒန်မြို့ ကားနှင့်မြေအောက်ရထားများ ဗုံးခွဲတိုက်ခိုက်ခံရမှု အမှတ်တရ)
  စာဖတ်သူများကို အစဉ်လေးစားစွာဖြင့်
ရှေးစာဆို

စာကြွင်း။ ။ ဒီဇာတ်လမ်းကို ဖန်တီးဖို့ ကျွန်တော်နှစ်အတော်ကြာ အချိန်ယူခဲ့ရပါတယ်။ နောက် ဒီစာကို ပုံဖော်ဖို့ ကျွန်တော်နဲ့အတူ  ပူးပေါင်းဖန်တီးပေးခဲ့သော အမည်မဖော်လိုသူ စာရေးသူတစ်ဦးကိုလည်း အထူး ကျေးဇူးတင်ပါတယ်။
Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis