menu

Saturday 2 June 2012

''Virus တွေ ရှင်းထုတ် Upgrade လဲလုပ်''(မင်းမြတ်စံ)

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က တစ်အိမ်တည်းနေ ညီမ တစ်ယောက်အတွက် သူ့လုပ်ငန်းလိုအပ်ချက်အရ တစ် ပါတ်ရစ်ဒက်စ်တော့ ကွန်ပျူတာလေးတစ်လုံးကို ဆိပ် ကမ်းသာလမ်းမှာ မောင်နှမနှစ်ယောက်ခေါင်းချင်းဆု
ိင် တိုင်ပင် ဝယ်ယူဖြစ်ခဲ့ရာကနေ ကွန်ပျူတာနဲ့ အထိအတွေ့ များလာခဲ့ရပါတယ်။
ကွန်ပျူတာတစ်လုံး အိမ်မှာ သုံးဖြစ်တဲ့ကာလနည်း နည်းကြာလာတာနဲ့အမျှ ဆော့ဖ်ဝဲလ်တွေ၊ ဂိမ်းတွေ ထပ်ရှာ ထပ်ထည့်ရတာတွေ လုပ်ရပါတယ်။ ဆော့ဖ်ဝဲလ်စီဒီရောင်း တဲ့ ဆိုင်တွေကိုလည်း ရောက်ပေါက်သွားဖူးလာတော့ စကားလုံးတစ်တွဲကို မကြာခဏ ကြားရပါတော့တယ်။ System Requirement တဲ့ (စနစ်လိုအပ်ချက်ဆိုပါတော့)။
လိုချင်တဲ့ ဆော့ဖ်လ်ဝဲ၊ ဂိမ်း စစ်မှန်ဖို့တော့ အာမခံ လုပ်တယ်။ System Requirement မပြည့်မီလို့ သုံးမရ လျှင်၊ မလည်ပတ်လျှင်တော့ မတတ်နိုင်ဘူး။ စီဒီပြန်လဲ မပေးဘူးလို့ စီဒီချပ်အရောင်းဆိုင်က ပြောပါတယ်။ အထူး သဖြင့် သရီးဒီမြင်ကွင်းကျယ်ဂိမ်းကြီးတွေ ထည့်ဆော့ ချင်လျှင် အော်တိုကတ်လို သရီးဒီ ဒီဇိုင်းဆွဲတဲ့ ဆော့ဖ် တွေ တင်သုံးချင်လျှင် အဲဒီလိုအပ်ချက်က ပိုမြင့်ပါတယ်။ စက်မှာပါပြီးသား မားသားဘုတ်က ဂရပ်ဖစ်နဲ့တင် မလုံ လောက်လို့ ဂရပ်ဖစ်ကတ်သီးသန့် ထပ်ဝယ်တပ်ရတာ တို့၊ တစ်ခါဂိမ်းအသစ်တွေက လိုအပ်ချက်ထပ်မြင့်လာ တော့ တပ်ထားတဲ့ ဂရပ်ဖစ်ကတ်ထက် မိုဒယ်ပိုမြင့်၊ မှတ်Óဏ်ပိုများမှ ဆော့လို့ရမယ်။ စက်မှာ လည်ပတ် မယ် ဆိုတာတို့ ထပ်ကြုံလာရပြန်ပါတော့တယ်။
စနစ်လိုအပ်ချက်မှာမှ Minimum အနိမ့်ဆုံးလိုအပ်ချက် နဲ့ Maximumအမြင့်ဆုံးလိုအပ်ချက်ဆိုတာ ရှိပါတယ်။
- ကွန်ပျူတာရဲ့CPU အမြန်နှုန်း
-RAM မှတ်ဥာဏ်ပမာဏ
-Hard Disk နေရာလွတ်
- ဂရပ်ဖစ်ကတ်ရဲ့ မိုဒယ်နဲ့ မှတ်ဥာဏ်အနည်းအများ...
ဆိုတဲ့ အဓိကအချက်တွေပေါ်မူတည်ပြီး ကိုယ့်စက်ဟာ အနိမ့်ဆုံးအဆင့်တော့ ပြည့်မီပါမှ အဲဒီဆော့ဖ်ဝဲလ်ဂိမ်း စအလုပ်လုပ်မှာပါ။
အဲဒီအချက်တွေထဲက တစ်ချက်လောက် နည်းနည်း လျော့နေမယ်ဆိုလျှင်တောင် (ဥပမာ - စီပီယူအမြန်နှုန်း 2 Ghz အနည်းဆုံးရှိရမှာကို ကိုယ့်စက် စီပီယူက 1.8 Ghz လောက်ပဲ မြန်လျှင်) သက်ဆိုင်ရာဆော့ဖဲဝဲလ်ဂိမ်း ဟာ ကောင်းကောင်းအလုပ် မလုပ်နိုင်တာ လက်တွေ့ ကြုံဖူးပါရဲ့၊ ကားမောင်းတဲ့ ဂိမ်းဆိုလျှင် လီဗာအဖြစ် သတ်မှတ်ထားတဲ့ ကီးဘုတ်ကခလုတ်ကို မပြတ်နှိပ်ထား ပေမယ့် ကားကမသွားချင်သွားချင်နဲ့ တရွေ့ရွေ့သွားနေ တာမျိုး။
အနိမ့်ဆုံးလိုအပ်ချက် မီတယ်ဆိုရုံလေးဆိုလျှင်လည်း သိပ်တော့အားရစရာမရှိဘဲ လုပ်ကိုင်ရတာ၊ ဆော့ရတာ သိသိသာသာနှေးကွေးလေးလံလှပါတယ်။ ဒါကြောင့် လည်း အနိမ့်ဆုံးအဆင့်နဲ့ အမြင့်ဆုံးအဆင့်ကြားထဲမှာ Recommand System Requirement ဆိုတဲ့ အဆင့်တစ် ဆင့် ရည်ညွှန်းပေးထားပြန်ပါသေးတယ်။ အဲဒီအဆင့် လောက်ကိုတော့ မီအောင် ကိုယ့်စက်ကို Upgrade လုပ် အဆင့်မြှင့်ထားနိုင်ပါမှ ကိုယ်လုပ်ချင်တာတွေ အတန် အသင့် ချောချောမွေ့မွေ့လုပ်နိုင်မှာပါ
လူသားတွေရဲ့ ဘဝတွေကော ကွန်ပျူတာတွေနဲ့ ဘာများထူးလို့လဲလို့ အတွေးနယ်ချဲ့မိပါတယ်။ ဘဝရဲ့ Gameplay တွေလည်း လည်ပတ်ဖို့ လိုအပ်ချက်တွေရှိ တယ်။ ဒါ System Requirement ပါပဲ၊ Minimum အဆင့် နဲ့ Maximum အဆင့်သတ်မှတ်ချက်ဆိုတာလည်း ရှိတာပဲ။
အမွေရတဲ့ ငွေယားလေးနဲ့ ခပ်မြင့်မြင့်အဆင့်တော့ ဝင်အောင်ဆိုပြီး မတ်တူးရွှေငါးကို သိန်းရှစ်ရာကျော်ပေး စီးမိပါက တစ်နှစ်အတွင်း သိန်းနှစ်ရာတောင် မပြည့် အောင် ထိုးဆင်းသွား၊ မကြာခင်လည်း ၂ဝဝ၇ မိုလ်ဒယ် အထက်တွေပဲ ဈေးအနိမ့်တွေနဲ့ ဝင်လာတော့မှာမို့ အဲဒီ လက်စရွှေငါးဟာ Maximum ကနေ Minimum သာသာ လောက် ရောက်သွားတာတော့ ကွန်ပျူတာကတောင် အဘခေါ်လောက်တဲ့ အပြောင်းအလဲမြန်ဆန်မှုပါပဲ။ ဒါပေမဲ့ စာနာကြပါဦးဗျာ ဟောဒီမှာ လာပြီ၊ တစ်နေ ကုန်အလုပ်ဆင်းရပြီး တစ်လလုံးနေမှ လစာလေး ကျပ် သုံးသောင်း၊ လေးသောင်းမရလို့ ဆန္ဒထုတ်ဖော်ကြတဲ့ စက်မှုဇုန်လုပ်သားတွေ၊ ဓာတ်ငွေ့ပိုက်လိုင်းကြီးတွေ၊ လျှပ် စစ်တာဝါတိုင်ကြီးတွေနားနေရပြီး ဖယောင်းတိုင်ပဲ အား ကိုးနေရတဲ့ ပြည်သူတွေ ခေတ်အဆက်ဆက် လယ်ယာ မြေတွေ အကြောင်းအမျိုးမျိုးပြအသိမ်းခံခဲ့ရတဲ့ တောင်သူ လယ်သမားကြီးတွေ စတဲ့.. စတဲ့ သူတွေကိုတော့ ဘယ် လိုပြောမလဲ။
လူ့ဘဝအတွက် အနိမ့်ဆုံးအဆင့်လိုအပ်ချက်ကို တောင် အနားမသီနိုင်ရှာသေးတဲ့ At Least Requirement တွေတောင် မပြည့်မီရှာသေးတဲ့ လူသားအဓိပ္ပာယ် တောင် ပျောက်ဆုံးနေရတဲ့ ဘဝတွေရဲ့ အခက်အခဲတွေ ဒုက္ခ၊ သုက္ခတွေက ဘယ်အရာနဲ့မှ မနှိုင်းသာအောင် ပိုမို ကြီးမားလှပါတယ်ဗျာ။
အဲဒီပြည်သူတွေဟာ သိန်းနှစ်ရာအောက် ရောက် သွားတဲ့ မတ်တူးရွှေငါးအသာထား၊ တန်ဖိုးနည်းလို့ဆိုတဲ့ နှစ်သိန်းတန် ဆင်းမ်ကတ် အရစ်ကျလွယ်လွယ်ဝယ်ခွင့် ပေးပါမယ် ဆိုလျှင်တောင်မှ စိတ်မကူးသာတဲ့၊ နောက် ဆုံး မသေရုံတမယ် စားသောက်ရှင်သန်ရပ်တည်နိုင်ရေး အတွက်တောင် လိုအပ်ချက်မပြည့်မီသူတွေ ဖြည့်ဆည်း ပေးခြင်းမခံရတွေ ဖြစ်ကြပါတယ်။ ဒီအတွက် အရဲစွန့် ဆန္ဒထုတ်ဖော်ကြတဲ့နေရာမှာလည်း သူတို့တောင်းဆိုမှု အဖုံဖုံကို အကဲဖြတ်ကြည့်လျှင် သူတို့ဘဝတွေ ရှင်သန် လည်ပတ်ရုံလေး တောင်းဆိုနေကြတာ တွေ့မိပါတယ်။
အဲဒီတောင်းဆိုချက်လေးတွေ အပြည့်အဝရလျှင် တောင်မှ အိမ်းနီးခြင်းတွေနဲ့ပဲ နှိုင်းယှဉ်ပါဦး၊ ဘဝတွေ အတွက် အနိမ့်ဆုံးလိုအပ်ချက် Minimum System Requirement တွေ ပြည့်မီဦးမှာ မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ အခြေအနေအရ လိုအပ်ချက်တွေ ကလည်း သူများတွေ ထက်အစစအရာရာ မြင့်မားနေတုန်းပါ။ (ဥပမာ - ၁၉၉ဝ ပြည့်နှစ်မှာ စောစီးစွာ ဆဲလူလာကအစချီနိုင်ခဲ့ပါလျက် မိုဘိုင်းဆက်သွယ်ရေးခရီး အနှစ် ၂ဝ ကျော်ကြာလာ တာတောင် ခုထိ ဆင်းမ်ကတ်တစ်ကတ် ဒေါ်လာသုံး ရာလောက် ပေးမှ ရတာမျိုး၊ ကွန်မြူနစ်ဗီယက်နမ်မှာ တောင် ဒီကိစ္စ Upgrade အမြန်လုပ်နိုင်ခဲ့ပြီး လူဦးရေ ၈၆ သန်း၊ ဖုန်း သန်း ၁၂ဝ ဖြစ်နေချိန်၊ ဟောဒီမှာတော့ ဥပဒေလည်း ပြင်ရဦးမယ်။ တစ်ဆင့်ချင်းပဲလေ။ ဖြည်း ဖြည်းပေါ့ ဆိုတာမျိုး ဘယ်လိုမှ ဘဝင်ကျစရာမကောင်း)။
ကွန်ပျူတာမှာတော့ အနိမ့်ဆုံးလိုအပ်ချက်မှ မပြည့် မီလျှင် အဲဒီဆော့ဖ်၊ ဂိမ်း အလုပ်မလုပ်ဘူးဆိုတာ ပြောခဲ့ ပြီးပြီ၊ ဒီတော့ ဘာလုပ်မလဲ၊ အဆင့်မမြှင့်နိုင်၊ အသစ် မဝယ်နိုင်လျှင် ပိုမြင့်တဲ့ သူများစက်မှာသွားထည့်သုံးရုံ ပေါ့။ လူ့ဘဝများကျတော့ ဘယ်လိုဖြေရှင်းမလဲ။ သွား ကြပေါ့။ အလွယ်ဆုံး ထိုင်း၊ မလေးရှား အဲဒီမှာတော့ လူမှန်လျှင် အလုပ်လုပ်လျှင် အနိမ့်ဆုံး အဆင့်လိုအပ်ချက် တော့ ပြည့်မီနိုင်တယ်လေ။ (အမျိုးမျိုးခေါင်းပုံဖြတ်ခရ နိုင်တာက တစ်ကဏ္ဍ)။
ဒါက အောက်ခြေလွှာအများစုရဲ့ အခြေအနေကို ပြောတာပါ။ နည်းနည်းပိုမြင့်တဲ့ အစိုးရဝန်ထမ်း၊ ကုမ္ပဏီ အလယ်အလတ်အဆင့်တွေရဲ့ ဘဝတွေကကော...၊ အောက်ဆိုက်ရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့ အဆင်ပြေ တာပေါ့။ လုပ်လျှင်လုပ်သလောက် ခံစားခွင့်ရတဲ့ ပုဂ္ဂလိက ဝန်ထမ်းတချို့ (အလွန်ရှားပါးပါရဲ့) အဆင်ပြေနိုင်တာ ပေါ့။ အများစုကြီးဘဝကတော့ လုံးလည်ချပ်ပြား။
ကျွန်တော့်ငယ်သူငယ်ချင်း အစိုးရဝန်ထမ်းတစ် ယောက် နေပြည်တော်မှာ တာဝန်ကျတဲ့ ဦးစီးအရာရှိ အဆင့်ပါ။ မိန်းမနဲ့ ကလေးတစ်ယောက်ပဲ ရှိပါတယ်။ ဘာ အပိုဝင်ငွေမှမရတဲ့ ရာထူးနေရာတဲ့။ သူ့ခမျာ လုပ်သက် ၁၈ နှစ်နဲ့ အရာရှိဖြစ်နေတာတောင် ခုထိ နှစ်သိန်းဖုန်း လေးမကိုင်နိုင်သေး။ သူ့အထက်လူကြီး မိုးကျရွှေကိုယ် တွေက သူ့ကို အချိန်မရွေးဆက်သွယ်မရလို့ ဖုန်းဝယ်သုံး ဖို့ ခဏခဏ ပြောသတဲ့။ သူကလည်း သူ့လခလေး တစ်သိန်းဝန်းကျင်နဲ့ မိသားစုသုံးယောက် စရိတ်တောင် မလောက်လို့ မဝယ်နိုင်ဘူး။ အချိန်မရွေးခေါ်ခိုင်းချင် ခိုင်းချင်တဲ့ သူတွေက ဝယ်ပေးပေတော့လို့ မကြားတကြား ဘုတောထားသတဲ့။
တကယ်တော့ ကျွန်တော့်သူငယ်ချင်းဟာ ဒီပလိုမာ နှစ်ခု၊ ဘွဲ့တစ်ခုရထားတဲ့ ကျွမ်းကျင်ပညာရှင်ဝန်ထမ်း တစ်ယောက်ပါ။ ဒါပေမဲ့ ဘာကျောထောက်နောက်ခံမှ မရှိ၊ ဘာကြွယ်ဝမှုမှ မရှိတော့ အခုသူ့ဘဝလည်း စက်မှု ဇုန်အလုပ်သမတွေနဲ့ ဘာမှ မထူးပါဘူး။ သူ့ဌာနမှာ ချပေးထားတဲ့ လိုအပ်ချက်မပြည့်စုံပေမယ့် ရှိတာနဲ့ အ လုပ်ဖြစ်အောင် ထိန်းသုံးနေရတဲ့ ကွန်ပျူတာတွေလိုပဲ သူနဲ့သူ့မိသားစုဘဝဟာလည်း Minimum Requirement လေးတောင် မပြည့်စုံနိုင်သေးဘဲ အဘက်ဘက်က လိုအပ် နေသေးတာ စိတ်မကောင်းစရာ။
ဟော ဘာဘာညာညာ ကောင်းတယ်လို့ နာမည် ကြီးတဲ့ ဌာနမှာ ဝင်လုပ်ခွင့်ရပြန်သူကျတော့လည်း လုပ် သက်ငါးနှစ်တောင် မပြည့်ခင် တိုက်ခန်းဝယ်၊ ကားဝယ် နဲ့ ဖုန်းဆိုလည်း သိန်းသုံးဆယ်လောက်ခေတ်ကတည်းက ခါးချိတ်လိုအချိတ်၊ ဒီလိုဌာန ဒီလိုဝန်ထမ်းမျိုးကျပြန် တော့ Minimum Requirement ထက်တောင် ကျော်လွန် ပြည့်လျှံထွက်ပြီး ဘဝရဲ့ ဂိမ်းပလေးက အပျံစား၊ ဗန်း စကားနဲ့ ပြောရလျှင် ဖလန်းဖလန်းကို ထလို့။
သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ် ရေးဆိုပြီး ဒီလိုမညီမျှမှုတွေ မရိုးမသားကြီးပွားမှုတွေ ဆက်ခေါင်းထောင်ခွင့်ရနေတာကလည်း ရိုးသားကြိုးစား လိုတဲ့ ဝန်ထမ်းတွေအတွက် စိတ်ပျက်ဒေါသထွက်စရာ၊ သမ္မတကြီးနဲ့ ဒုတိယသမ္မတကြီးတို့ရဲ့ Reform တွေလုပ် ကြ၊ Mind Set တွေ ပြောင်းကြဖို့ မှာကြားတဲ့အသံတွေ တော့ကြားရပြန်ပြီ။ တုပ်တုပ်မျှလှုပ်ချင်ပုံမရတဲ့ ကျောက် ရုပ်ကြီးတချို့ ဘယ်လိုရွေ့မလဲ ကြည်ရဦးမှာပါ။
ကွန်ပျူတာမှာတော့ သုံးလကြာလာတာနဲ့အမျှ Up-grade လုပ်ထားတာတောင်မှ စနစ်လည်ပတ်ပုံမမှန်ကန်တဲ့ ပြဿနာနဲ့ သိပ်ကြီးကျယ်လာလျှင် စနစ်လုံးဝမလည် ပတ်တော့တဲ့ အထိ စက်မတက်တော့တဲ့အထိ ပြဿနာ ကြီးကြီးကျယ်ကျယ်ကြုံရတတ်ပါတယ်။ ဒါကတော့ အွန်လိုင်းနဲ့ မမ်မိုရီစတစ်တွေက တစ်ဆင့် ကူးစက်ဝင် ရောက်တတ်တဲ့ ဗိုင်းရပ်စ် ဆိုတဲ့ အမှောင့်ပရိုဂရမ်တစ်ခုခု တိတ်တိတ်လေးရောက်နေတတ်လို့ပါ။
ဒီတော့ ဗိုင်းရပ်စ်သတ်တဲ့ ပရိုဂရမ်တစ်ခုခုနဲ့ ရှင်း ရတာပေါ့။ ဗိုင်းရပ်စ်ကို ဘယ်လိုမှ သတ်မရနိုင်လျှင် ကွန်ပျူတာရဲ့ ပင်မလည်ပတ်ရေးစနစ်ကြီးတစ်ရပ်လုံးကို အသစ်ပြန်တင်ရတာမျိုးလည်း ကြုံဖူးပါရဲ့။
တိုင်းကားပြည်ရွာ လူ့ဘဝတွေမှာကော... တစ်လွဲ တချော်စီမံမှုတို့၊ အကျင့်ပျက်ခြာစားမှုတို့၊ လက်သင့်ရာ စား အခွင့်ထူးပေးမှု ဆိုတာတွေက မလိုလားအပ်တဲ့ ဗိုင်း ရပ်စ်တွေပဲပေါ့။ ဆန်ရှင်တွေ၊ ဆန်ရှင်ဖြစ်ပေါ်စေတဲ့ အ ကြောင်းတရားတွေဟာလည်း မလိုလားအပ်တဲ့ နာတာ ရှည်ပိုးကောင်တွေပါပဲ။
အခုစက်မှုဇုန်လုပ်သားတွေ လုပ်ခနည်းလွန်းလို့ ဆန္ဒ ပြကြတယ်။ ဘာကြောင့်လုပ်ခနည်းလွန်းသလဲ။ စက်ရုံ ပိုင်ရှင်တွေ ဘက်ကလည်း တခြားနိုင်ငံတွေထက် Transition Cost တွေ များလွန်းတာကြောင့် လျှော့လိုရတဲ့ လုပ်ခကို လျှော့ထားကြသတဲ့။ ဘာကြောင့် ဒီCost တွေ များရတာလဲ။ တစ်လွဲစီမံမှုနဲ့ အခွင့်ထူးခံအမြတ် ထုတ်မှုဆိုတဲ့ ဗိုင်းရပ်စ်တွေကြောင့်ပါပဲ။ ဒါ ဥပမာ တစ်ခု ပါ။
အခု နိုင်ငံရေးအပြောင်းအလဲကြောင့် ကမ္ဘာအရပ် ရပ်က စီးပွားရေးသမားတွေ ရင်းနှီးမြှုပ်နှံလိုသူတွေ အသီးသီး လာရောက်လေ့လာကြပြီး။ လက်တွေ့လုပ် ကိုင်ဖို့တော့ နှောင့်နှေးနေကြပြန်တယ်။ ဥပဒေလိုအပ် ချက်အပြင် စွမ်းအင်၊ မြေနေရာ၊ ဆက်သွယ်ရေး၊ လမ်း တံတား စတဲ့ အခြေခံအဆောက်အဦ အားနည်းချက်တွေ ကြောင့် လက်တွန့်နေကြရတာပါ။ Minimum System Requirement တောင် မပြည့်စုံတဲ့သေးတဲ့ နေရာမှာ ဘယ်သူက အလွယ်တကူ စွန့်စားရင်းနှီးမြှုပ်နှံရဲပါ့မလဲ။ ဈေးကွက်စီးပွားရေး ဖော်ဆောင်ပေးခဲ့တာ နှစ်ပေါင်းများ စွာကြာ၊ တည်ဆောက်ရေးတွေ လုပ်ခဲ့တာလည်း နှစ်နဲ့ ချီ၊ နားနဲ့ မဆန့်အောင်ကြားခဲ့ရပြီး လက်တွေ့မှာတော့ ဒီအားနည်းချက်တွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ရတာ လည်း အထက်ကပြောခဲ့တဲ့ ဗိုင်းရပ်စ်တွေကြောင့်ပဲပေါ့။
ဒါကြောင့် တိုင်းပြည်ကောင်းဖို့၊ အများပြည်သူဘဝ လည်ပတ်ရှင်သန်တိုးတက်ဖို့ဆိုလျှင် ဒီဗိုင်းရပ်စ်တွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ရှင်းလင်းနိုင်မှ ဖြစ်ပါလိမ့် မယ်။
ကွန်ပျူတာမှာတော့ ဗိုင်းရပ်စ်တွေကို Scanning - ရှာဖွေဖော်ထုတ်ခြင်း၊ Quarantine - ထိန်းချုပ်ခြင်း နဲ့ Remove - ထုတ်ပယ်ခြင်း၊ Delete - ဖျက်ဆီးခြင်း ဆိုတာတွေကို လိုအပ်သလို လုပ်ဆောင်ရပါတယ်။ ဗိုင်း ရပ်စ်တွေကို ဖယ်ရှားတဲ့ ပရိုဂရမ်နဲ့မှ မနိုင်လျှင်တော့ မလွှဲမရှောင်သာ လုပ်ရတာက ပင်မလည်ပတ်ရေး ယန္တရား အသစ်ပြန်တင်ရတာပါပဲ။ ဒါကိုလည်း Operation System Reinstall (or) Fresh Install ရယ်လို့ ရွေးချယ်လုပ်ဆောင်ရပါတယ်။ တစ်လက်စတည်း Up grade လည်း လုပ်နိုင်လျှင်တော့ အတိုင်းထက်အလွန် ပေါ့။
တတ်နိုင်သမျှဗိုင်းရပ်စ်တွေကင်းတဲ့အပြင်ရင်း နှီးမြှုပ်နှံလိုသူတွေ
အတွက်ကော အများပြည်သူအတွက် ပါအနိမ့်ဆုံး အဆင့် လိုအပ်ချက်တွေကိုလည်း ဖြည့် ဆည်းပေးထားနိုင်မှ
တစ်တိုင်းပြည်လုံး၊ တစ်မျိုးသားလုံးရဲ့ စီးပွားလူမှုဘဝတွေ ကောင်းကောင်းမွန်မွန်
လည်ပတ်ရှင်သန်တိုးတက်နိုင်မှာ အသေအချာမို့...။
မင်းမြတ်စံ
Messenger Journal Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis