menu

Saturday 2 June 2012

မမဥ အသိအမှတ်ပြုသူများ



ကျနော့်ရဲ့ မွေးရပ်မြေ တောမြို့လေးကို ပြန်မရောက်တာ နှစ်ပေါင်း အစိတ်ကျော်ပြီလို့ ပြောရင်လည်းရတယ်၊ သို့ပေမယ့် ကြားထဲမှာ နှစ်ခေါက် သုံးခေါက်တော့ ဖြတ်ကနဲဖြတ်ကနဲ ဆိုသလို ရောက်ပါသေးတယ်။ ရောက်တာကလည်း ရောက်တယ်ဆိုရုံ တခေါက်ကို လေးငါးရက်သာသာလောက်ပါပဲ။ အမေဆုံးတော့ တခါရယ်၊ နောက်သုံးနှစ် အကြာမှာ အဖေဆုံးတော့ တခါရယ်။ နောက်ဆုံး ရောက်တာတော့ မိဘတွေ ချန်ထားရစ်တဲ့ ထန်းတောကို မောင်နှမတတွေ အမွေခွဲတော့ တခါရယ်၊
ထန်းတောကို အမွေခွဲတယ် ဆိုလို့ တောသူဌေးတွေ အောက်မေ့ပြီး အထင် သိပ်မကြီး လိုက်နဲ့ဦး၊ မောင်နှမ ခြောက်ယောက်အတွက် ကျန်ခဲ့တဲ့ ထန်းပင်က ရှယ်ဆယ်ကျော်ပဲရှိတာ။ အမအကြီးဆုံး အပျိုကြီးက သူ့ကျောင်းဆရာမ အလုပ်ကကလွဲလို့ အဲသည့်ထန်းပင် တွေကို စိတ်ဝင်စားတာမဟုတ်။ စီမံခန့်ခွဲတဲ့ ဒုက္ခကိုလည်း မခံနိုင်၊ ပြီးတော့ ကျနော်အပါအဝင် ကျန်တဲ့ မောင်နှမတွေ အားလုံးက မန္တလေး။ ရန်ကုန်မှာပဲ အိမ်ထောင်တွေကျပြီး အခြေကျ နေကြတော့ အဲသည့် ထန်းတွေကို ဘယ်သူကမှ ကြပ်ကြပ်မတ်မတ် မစီမံနိုင်တော့တာမို့ ရတဲ့ဈေးနဲ့ရောင်းပြီး အမွေခွဲလိုက်ကြတာ။ အဘေးတို့ အဘွားတို့။ အဖိုးတို့ အဖွားတို့။ အမေတို့ အဖေတို့ အစဉ်အဆက်လုပ်လာခဲ့တဲ့ ထန်းလုပ်ငန်း မျိုးဆက်ပြတ် သွားတယ်ဆိုရင်လည်း မမှားဘူးပေါ့။
သူများနိုင်ငံတွေမှာတော့ ဘာလုပ်ငန်းကြီး။ ညာလုပ်ငန်းကြီး။ ဘာကုမ္ပဏီကြီး ၁၈ ရာစုမှာ တည်ထောင်တယ်။ ၁၉ ရာစုမှာ တည်ထောင်တယ်။ ဆဌမမြောက်။ သတ္တမမြောက်။ အဌမ မြောက် မျိုးဆက်များက ဆက်လက်ထိန်းသိမ်း ထုတ်လုပ်တယ်။ စသဖြင့် ကြော်ငြာတွေမှာ ဖတ်ဖူးတယ်။ ကျနော်တို့ဆီမှာကတော့ အဲသလိုမျိုး မထိန်းသိမ်းနိုင်လို့ မျိုးဆက် ပြတ်သွားရတဲ့ လုပ်ငန်းတွေ ဘယ်လောက်များ ရှိလိမ့်လေမလဲမသိ။ ထားတော့။ လုပ်ငန်းအကြောင်း ပြောမလို့မဟုတ်ပါ။ ကျနော့်အမ မမဥ အကြောင်း ပြောချင်လို့ပါ။ အပျိုကြီးမို့ ကျွေးရမယ့် နောက်ထပ် ပါးစပ်ပေါက်တွေ မရှိတာကြောင့် ကျောင်းဆရာမ လစာနဲ့ လောက်တယ်လို့ ပြောလို့လဲ မရပြန်ဖူး။ ဝမ်းကွဲတွေက မွေးထားတဲ့ တူ၊ တူမ ဝမ်းကွဲတွေကို တတ်နိုင်သလောက် စောင့်ရှောက် ရသေးတယ်။ ဒါကြောင့် မမဥက ဘာလုပ်တုန်းဆိုတော့ ဝိုင်းထဲမှာ တဲခပ်ကြီးကြီး တလုံးထိုးထားပြီး မုန့်ဟင်းခါး ရောင်းတယ်။ တူတွေ တူမတွေက ဝိုင်းလုပ်ကြပေါ့။ သူက ကျောင်းတဖက်နဲ့ ဆိုတော့ ကွပ်ကဲရုံလောက်ပါပဲ။
မမဥကြည့်ရတာ မုန့်ဟင်းခါးရောင်းရင်း၊ ကျောင်းဆရာမလုပ်ရင်းနဲ့ပဲ မိဘဘိုးဘွားတွေ ခေါင်းချခဲ့တဲ့ ဒီမြို့ကလေးမှာ အရိုးထုတ်မယ့် သဘောရှိတယ်။ ကျနော့်အမက သူ့တသက်လုံး တောမှာပဲနေလာတော့ တောသူပီသတယ်။ ကြိုက်ရင် ကြိုက်တယ် မကြိုက်ရင် မကြိုက်ဖူး။ သိရင်သိတယ် မသိရင်မသိဖူး။ ကောင်းရင်ကောင်းတယ်၊ မကောင်းရင် မကောင်းဘူး ပြောင်ပဲပြောတတ်တယ်။ ဟန်ဆောင်ပန်ဆောင် အလုပ်တွေကို လုပ်လေ့မရှိဘူး၊ မမဥက ဘာပြောတုန်းဆိုတော့ ထန်းလျက် စားချင်ရင် ပိုက်ဆံပေးပြီး ဝယ်စားမယ်တဲ့၊ ထန်းတောကြီးကို စီမံဖို့ သူ့ကျောင်းဆရာမ အလုပ်ကို မစွန့်နိုင်ဘူးလို့ ရိုးရိုးပဲ ပြောပါတယ်။
ဟုတ်တော့လည်း ဟုတ်တယ်လေ ကျန်တဲ့သူတွေက မြို့ကြီးသားမြို့ကြီးသူ ဘဝတွေမှာပဲ သက်သာလိုနေကြပြီး မိန်းမသား တယောက်ထဲနဲ့ သည်ထန်းတောကြီးကို ဘယ်လို လုပ်တတ်မှာလဲ။ နောက်တချက်က ထန်းလုပ်ငန်းဆိုတာကလည်း ဟိုခေတ်တုန်းကလို မဟုတ်တော့ဖူး၊ ကောင်းလိုက် မကောင်းလိုက်နဲ့။ ဒီဖက်ခေတ်တော့ ပိုဆိုးလာတယ်လို့တောင် ပြောနိုင်တယ်။ ထန်းအပင် တထောင် ထောင့်ငါးရာလောက် ပိုင်တဲ့သူတွေကတော့ ဟိုဖက်ကလိုတာကို ဒီဖက်ကဟာနဲ့ ပြန်ဖို့ စသဖြင့် လုပ်နိုင်တယ်လေ၊ ထန်းပင်လေး ရှစ်ဆယ် ကျော်လောက်ပိုင်တဲ့ သူတို့ကတော့ ဘာလုပ်နိုင်မှာတုန်း။
ကျနော်၊ ဇနီးသည်နဲ့ ကလေးတွေ မြို့လေးကို အလည်ပြန်ရောက်တော့ မမဥ သိပ်ဝမ်းသာနေတယ်၊ သူ့တူတွေ တူမတွေ ကိုလည်း တွေ့ရတာကိုး။ စနေနေ့ဆိုတော့လည်း ကျောင်းပိတ် ရက်ဖြစ်တာမို့ မောင်နှမနှစ်ယောက် အိမ်ဘေးကထန်းလက်တဲ အဖီလေးထဲက ကွပ်ပျစ်မှာထိုင်ပြီး အခါးရည်သောက် လက်ဖက်သုတ်စားရင်း ရောက်တတ်ရာရာတွေ ပြောနေကြတယ်။ ဘယ်သူတွေ သေကုန်ပလဲ၊ ဘယ်သူတွေ ရှိသေးသလဲ။ ဘာတွေလုပ်နေကြသလဲ။ ဘယ်သူတွေ ဘယ်ကို ပြောင်းကုန်ပြီလဲ စသဖြင့်ပေါ့လေ။ ကျနော့်ဇနီးကတော့ သည်မြို့အကြောင်း ဘာမှ မသိတာမို့ နားထောင်သူသက်သက်။
“မမဥ...  မြို့တောင်ပိုင်းက စာသင်ကျောင်းဆရာတော် . . . ” လို့ စကားပဲ စရသေးတယ်။
မမဥက “သေဘော့ (ပေါ့)” ဆိုပြီး ခပ်မြန်မြန်ပဲ ဖြတ်ပြောတယ်၊ ပျံလွန်တော်မူသွားပြီလို့တောင် မပြောတော့ဘူး၊ မမနှယ် တယ်ပြီး ဂွကျလိုက်တာလို့ ကျနော်ထင်လိုက်မိတယ်။
“ဖိုးလုံး . . . ငါ့မောင်ရဲ့၊ ဒါမျိုးတွေ အမ မပြောချင်ပေမယ့် မင်းသိအောင် ဘုန်းကြီးနဲ့ ပတ်သက်လို့ တခုတော့ ပြောရဦးမယ်။ အမေတို့ အဖေတို့ တလျှောက်လုံး ကိုးကွယ်လာလို့ ငါပါ လိုက် ကိုးကွယ် ခဲ့ရတာ။ စာသင်ကျောင်း ဆရာတော်ကို ဟိုတုန်းကထဲက ငါသိပ်ကြိုက်လှတာ မဟုတ်ဘူး။ အရင်ဦးဆုံး အမေဆုံးသွားပေမယ့် အဖေက ရှိနေသေးတော့ တချက်တချက် စာသင်ကျောင်း ဆရာတော်ဆီ အဖေနဲ့ သွားရသေးတယ်။ ဒါပေမယ့် အဖေဆုံးပြီး နောက်ပိုင်း ငါအဲသည့် ကျောင်းကို သွားကို မသွားတော့တာ။ ဘုန်းကြီးသေတဲ့ အထိပဲ။ ကိစ္စ ရှိရင် ငါတောရကျောင်းကိုပဲ သွားတယ်ကွဲ့။”
ကျနော်လည်း မမဥ စကားကြောင့် အံ့အားသင့်သွားတယ်၊ “ဘာဖြစ်လို့တုန်းဗျ” လို့ ကျနော်ကမေးတော့ မမက ဆက်ရှင်းပြပါတယ်။
“မင်းကွယ် . . . စဉ်းစားသာကြည့်၊ ကျောင်းထိုင် ဆရာတော်ကြီး ဖြစ်သားနဲ့ လောဘက တယ်ကြီးသကွဲ့။ ဒကာ ဒကာမတွေဆီက လာဘ်လာဘကို သိပ်မျှော်ကိုးလွန်းတယ်။ သူ့ကို လှူဖို့တန်းဖို့ စကားကိုလည်း ရေလာမြောင်းပေး ပြောလွန်းတယ်။ သူ နိုင်စားတဲ့ ဒကာ ဒကာမဆိုရင်တော့ ဘာလိုတယ် ညာလိုတယ်ဆိုပြီး ပြောင်ကြီးတောင် လှူခိုင်းသကွဲ့။ ပြီးတော့ကွယ် ရဟန်းတန်မယ့် မေတ္တာရှေ့ထားရမယ့်အစား ဒေါသကလည်း ကြီးသေးတယ်။ ဒို့လို အငယ်တွေ သူ့ကျောင်းသွားပြီး အလုပ်တွေကို ကူလုပ်ပေးနေတာတောင် သူစိတ်တိုင်းမကျရင် မောင်းလိုက် မဲလိုက်တာကလည်း စစ်ဗိုလ်များလား အောက်မေ့ရတယ်။ သူဌေးဦးနီတို့ သူဌေးဦးကြွေတို့ စုပေါင်းပြီး လှူထားတဲ့ ကားပေါ်မှာ ရှေ့ခန်းကနေ လူလိုလက်တင်ပြီး စတိုင်နဲ့ စီးတာတွေ့တိုင်း အဲတာကို ငါအမုန်းဆုံးပဲ။ ဘုန်းကြီးတန်မယ့် ဇိမ်ကလည်း ခံသေးတယ်။ တခါသားတော့ မြို့က ဥက္ကဌနဲ့ တနှစ်လောက် စကားမပြောဘဲ စိတ်ကောက်သေးတယ်၊ စိတ် ကောက်တာကလည်း ဒီလိုကွဲ့။ ရွာက တက်လာတဲ့ သူ့တူကိုကွယ် လစ်လပ်နေတဲ့ ဈေးကော်မတီရုံး စာရေးနေရာမှာ အလုပ်ရစေချင်တာ၊ အဲတာကို ဥက္ကဌက အလုပ်ရအောင် လုပ်ပေးနိုင်တဲ့ အာဏာရှိရဲ့သားနဲ့ မျက်နှာလွဲခဲပစ် နေလို့တဲ့။ အလုပ်က ဘယ်ရပါ့မလဲ သူ့တူက ရွာမှာ လေးငါးခြောက်တန်း လောက်ပဲ နေဖူးတာ။ အဲတာကို ဆယ်တန်းအထိ ပညာသင်ဖူးတယ်ဆိုတဲ့ ထောက်ခံစာအတုနဲ့ ဝင်လာတာလေ။ အလုပ်မရတာ နည်းတောင် နည်းသေးတယ်၊ ဘွဲ့ရတွေတောင် အလုပ်ရှာရခက်တဲ့ ခေတ်ကြီးမှာ။”
မမဥ အပြောကို သဘောကျလွန်း၍ ကျနော်တချက် ရယ်လိုက်ရင်း “မမရယ် …. ဘုန်းကြီး ကိုယ်တိုင် ကားကိုမောင်းသွားတာမှ မဟုတ်တာ။ သူ့တူ ကိစ္စကလည်း သူ့တူကို အလုပ် ကလေးဘာလေး ရစေချင်လို့ ဖြစ်မှာပါဗျာ။ ဒီခေတ်ကြီးမှာ အလုပ်ကလည်း ရှားတယ်မို့လား၊ သလောက်တော့ ထားလိုက်ပါတော့” လို့ပြောရင်း ဖြေသိမ့်လိုက်ရတယ်။

ဒါနဲ့ စာသင်ကျောင်းဆရာတော် အကြောင်း စကားလည်းလွှဲရင်း မမဥကို နောက်သိချင်တာတခု မေးလိုက်တယ်။
“ဒါနဲ့ ကိုဖိုးစံ တယောက်ကောဗျ”။
ကိုဖိုးစံ နာမည်ကြားတော့ မမဥရဲ့ မျက်နှာမှာ စိတ်မကောင်းဟန် အရိပ်တွေ ဖြတ်သွားတယ်။ “အေးကွယ် … ။ မင်းတို့ကလဲ အဝေးမှာ နေကြတယ်ဆိုတော့ ဘယ်သိပါ့မလဲ။ ဖိုးစံ တယောက် ဆုံးရှာပြီကွဲ့။ ဘာကြာသေးလို့လည်း သုံးနှစ်လောက်ပဲ ရှိဦးမှာပေါ့၊ အရွယ်ကောင်းတုန်း ဖြစ်ရတာ။ သူ့ အင်္ဂလိပ်စာ ကျူရှင်က ဒို့မြို့ အတိုင်းအတာနဲ့ဆိုရင် အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ကျောင်းသားတွေကလည်း သူ့ကို ချစ်ကြတယ်။ သူကလည်း အရွယ်ရှိတုန်း အချိန်ရှိတုန်းဆိုပြီး အလုပ်ကို ကုန်းရုန်းလုပ်တာကွဲ့။ ဆရာဝန်ကပြောတာတော့ သူ့မှာ တီဘီ အခံရှိတယ်တဲ့။ နောက်ကွယ် ကျူရှင်ဆရာ ကျောင်းဆရာဆိုတော့ မင်းလဲအသိသား ငါ့မောင်ရယ်။ မြေဖြူမှုန့်ကလည်း နေ့တိုင်းရှုနေရတာ မဟုတ်လား။ ပြီးတော့ ဖိုးစံက အရက်မသောက် ပေမယ့် ဆေးလိပ်ကိုတော့ အလွန်ကြိုက်တာ။ နောက်ဆုံးကွယ် အဲတာတွေနဲ့ပဲ သေရရှာတာပဲ။ မိန်းမနဲ့ ကလေးသုံးယောက် ကျန်ခဲ့တယ်။ သနားစရာပါကွယ်။”
“အဟွာကောဗျ …. တမြန်နှစ် ရွေးကောက်ပွဲတုန်းက အမတ်ဖြစ်သွားတဲ့ ဦးပုလေး တယောက်ကော။ ဒီမှာလား နေပြည်တော်မှာလား” လို့ ကျနော်က ထပ်ပြီး စပ်စုလိုက်တယ်။
မမဥက “သေပေါ့” ဆိုပြီး ခပ်တိုတိုပဲ ဖြေပါတယ်။
ပြီးတော့မှ ဆက်ပြီး “မင်းမသိလို့ ငါ့မောင်ရဲ့။ ဦးပုလေးက နေ့မီးညမီးနဲ့ သောက်တာ။ သေတာပဲ ကောင်းပါတယ်ကွယ်။ သူအမတ် ဖြစ်တယ် ဆိုတာကလည်း တကယ်တန်း ပြောရမယ် ဆိုရင် ဒို့မြို့က လူတွေ ထည့်တဲ့မဲကြောင့် မဟုတ်ဘူးကွဲ့။ သူတို့ဘက်က မဲခိုးပြီး ဖြစ်လာတဲ့ အမတ်ဟဲ့၊ မဲခိုးတာမှ ပြောင်ကြီးကို ခိုးကြတာတဲ့။ ရှက်စရာပါကွယ် ဒို့မြို့သားလို့ ပြောရမှာ တောင်။ အမတ်ဖြစ်ပြီး ဘာကြာလို့တုန်း။ အရက်ကိုးမောင်းသောက်ပြီး တခါ ပူတယ်ပူတယ်ဆိုပြီး သူ့အိမ်က တမံသလင်းပေါ်မှာ ခဏဆိုပြီး အိပ်လိုက်တာ။ သူ့အိမ်သားတွေ သွားနှိုးတော့ တောင့်တောင့်ကြီး သေနေရောတဲ့၊” တောင့်တောင့်ကြီး သေနေရောတဲ့လို့ ပြောလိုက်တဲ့ မမဥရဲ့ လေသံဟာ ဝမ်းသာတဲ့ အသံပေါက်နေတယ်။
“ဈေးထဲက အမဲသားရောင်းတဲ့ ဒေါ်ပျိုကြီးကော ရှိသေးရဲ့လား မမ။ သူ့သမီး အငယ်မလေးက ခပ်ချောချောလေ။”
“ရှိပါ့တော် ရှိပါ့ …. ဒေါ်ပျိုကြီးက အသက်ရှည်တယ်ကွဲ့။ မင်းပြောတဲ့ သူ့သမီး အငယ်မလေးက တရွာသားနဲ့ အိမ်ထောင်ကြပြီး မြစ်ကြီးနားဖက်ဆိုလား ပြောင်းသွားကြတယ်။ အခု ဒေါ်ပျိုကိုယ်တိုင်ကတော့ အမဲသား မရောင်းတော့ဘူး။ သူ့သမီး အကြီးမတယောက်က ဆက်ရောင်းနေတယ်။ ဒေါ်ပျိုက ပြောတယ် သူအခုလို အမဲသားရောင်းနေရတာ ရှေးဘဝက အကုသိုလ် တခုခုကြောင့်လို့ ပြောတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ ဒေါ်ပျိုဟာ ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းသွားတယ်။ ဥပုသ်စောင့်တယ်။ ဒါပေမယ့် သူလည်းငါ့လိုပဲ စာသင်ကျောင်း ဆရာတော်ကို မကြိုက်လို့ အဲသည့်ကျောင်းကို မသွားဘူးကွဲ့၊ တောရကျောင်းကိုပဲ သွားတာ။ မင်းကြုံရင်လည်း သူတို့အိမ်ဖက်ကို သွားလည်လိုက်ဦး။” လက်စသတ်တော့ ဒေါ်ပျိုကြီးဟာ မမဥနဲ့ ဘုန်းကြီးကျောင်းဆိုင်ရာ မဟာမိတ်တွေကိုးလို့ တွေးမိတာနဲ့ ကျနော်ပြုံးမိပါသေးတယ်။
“ဒါနဲ့ အရင်ပါတီကောင်စီခေတ်က မြို့နယ်အတွင်းရေးမှူး လုပ်ခဲ့တဲ့ ဦးငွေမောင်းကောဗျ။ အဲသည့် ခေတ်တုန်းက သူဂျစ်ကားဝယ်စီးတာ မြို့ကလူတွေ စွပ်စွဲသလို လာဘ်စားလို့မဟုတ်ဘူး၊ အောင်ဘာလေ တသိန်းဆု ထီပေါက်လို့ဆိုပြီး မြို့ထဲမှာ ဖြစ်လိုက်သေးတယ်မို့လား။” ပြောရရင် အဲသည့် ခေတ်တုန်းက သေသေချာချာ သထားတဲ့ ဂျစ်ကားတစီးဟာ မန္တလေးမှာ တက်ဝယ်ရင် ကျပ်ရှစ်သောင်းနဲ့ တသိန်းကြားလောက်ပဲ ရှိတယ်။ ဦးငွေမောင်း အတွင်းရေးမှူးလစာက ရလွန်းမှ တလ ကျပ်တထောင်ပေါ့။
မမဥက လဖက်သုတ်ကို တဇွန်းခပ်စားလိုက်ရင်း မလွမ်းလောက်ပါဖူးဆိုတဲ့ လေသံမျိုးနဲ့ “သေပေါ့” ဆိုပြီးပြောပါတယ်။ ဦးငွေမောင်းနဲ့ ပတ်သက်လို့ ဘာမှထပ်ပြီး မှတ်ချက်ပေးတာ ပြောတာ မျိုးတောင် မလုပ်ဘူး။
“ဆရာကြီး ဦးတိုင်းကျော်ကော မမ။ မေးသာမေးရတယ် ရှိလောက်တော့မှာ မဟုတ်ပါဘူး။” ဆရာကြီး ဦးတိုင်းကျော်ဟာ ကျနော်တို့ မိဘတွေလက်ထက်ကထဲက အားကိုးလာရတဲ့ တိုင်းရင်းဆေးသမားတော်ကြီးပါ။ သည်မြို့လေးထဲက လူတွေအပြင် ရွာနီးချုပ်စပ်က အင်္ဂလိပ်ဆေး မတတ်နိုင်တဲ့ လူတွေရဲ့ အားကိုးရာလည်း ဖြစ်တယ်လို့ ပြောရမှာပေါ့။
“အေးကွယ် ငါ့မောင်ရယ် ဆရာကြီးအဖြစ်က ရင်နင့်စရာကွဲ့။ ဆရာကြီး ဦးတိုင်းကျော်ခမျာ ကံခေရှာတယ်။ သူကသာ တသက်လုံး လူတွေကို ဆေးကုပေးလာတာ။ အခကြေးငွေကိုလည်း မက်တဲ့ သမားတော်မျိုးမဟုတ်ဘူး။ မင်းလဲသိသားပဲ။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ဆုံးသွား ရှာတယ်။ ကင်ဆာနဲ့လို့ ပြောကြတာပဲ။ သမားတော် ကိုယ်တိုင်မှ အဲသလို ရောဂါမျိုး ရရတယ်လို့။ မဆုံးခင်မှာလည်းကွယ် သူမိသားစုက ရလိုရငြားပေါ့။ မန္တလေးမှာ အင်္ဂလိပ်ဆေးနဲ့ အထူးကုတွေနဲ့ တက်ကုသေးတယ်။ ဆရာကြီးကိုယ်တိုင်က ပြောသွားတယ်တဲ့။ ကင်ဆာဆိုတာ ဒို့မြန်မာတိုင်းရင်း ဆေး သဘောအရဆိုရင် မြစ်လျှောက်နာဆိုလားပဲ။ ခန္ဓာကိုယ်အထဲမှာ အမြစ်တွေလျောက် ပြန့်ရင်းပြန့်ရင်းနဲ့ နောက်ဆုံးတော့ သေရတာပဲတဲ့။ မြစ်လျှောက်နာဖြစ်ပြီဆိုရင် အင်္ဂလိပ်ဆေးကော တိုင်းရင်းဆေးကော ဘာဆေးနဲ့မှ ကုလို့မရဘူးလို့ ပြောသွားတယ်ကွဲ့။ အရင်ဘဝက ကံပါလာလို့ အဲသည့် ရောဂါဖြစ်ပြီဆိုရင် ဘာဆေးမှ မစွမ်းဘူးတဲ့။ မသေခင်သာ တရားကို မှတ်နိုင်သလောက် မှတ်ပေတော့လို့ ပြောသွားတယ်။ ဆရာကြီးကတော့ နိဗ္ဗာန်ရောက်မှာ ကျိန်းသေပါတယ် ငါ့မောင်ရယ်။ သူ့တသက် သူဆေးကု ပေးခဲ့တဲ့ လူတွေထဲမှာ ဆင်းရဲသားက များတာကိုး။”
“ဒါဖြင့်ရင် ဆရာကြီးဆုံးပြီးနောက်ပိုင်း တိုင်းရင်းဆေးဆရာ ဘယ်သူရှိသေးလဲ။”
“ရှိတယ် ရှိတယ်။ ဆရာကြီးရဲ့ သားအကြီးဆုံး ဦးတိုင်းဇော်က ဆက်ကုပေးနေတယ်ကွဲ့။ တော်သေးတာပေါ့ကွယ် လူတွေအားကိုးရာ ရှိသေးတာပေါ့။ သူကတော့ တိုင်းရင်းဆေးအပြင် ဗေဒင်တွေ ဘာတွေလည်း တွက်ပေးသေးတယ်ကွဲ့။ သူ့အဖေ လက်ထက်လိုပါပဲ။ ဆင်းရဲတဲ့သူဆိုရင် ပိုက်ဆံတွေဘာတွေ ယူတာမဟုတ်ဘူး။”
ကျနော်မေးသမျှ ဘယ်သူတွေရှိသေးလဲ၊ ဘယ်သူတွေသေကုန်ပြီလဲ၊ ဘယ်သူတွေ ဘာလုပ် နေကြသလဲ ဆိုတာတွေကို မမဥက မညည်းမညူ ဖြေပါတယ်။ အထူးသဖြင့် သေဆုံးသွားတဲ့ သူတွေနဲ့ ပတ်သက်လို့ မမဥပေးတဲ့ မှတ်ချက်က ရိုးရှင်းလှတယ်။ ကွယ်လွန် သေဆုံးခဲ့ပေမယ့် မြို့ရဲ့ ကောင်းရာကောင်းကျိုး သယ်ပိုးခဲ့သူတွေ၊ လူကောင်းသူကောင်းတွေကို မမဥဟာ မှတ်မှတ်ရရ သံယောဇဉ်နဲ့ တလွမ်းတဆွေး ဇာတ်ကြောင်းကို ပြန်ပြောပြတယ်။ ကောင်းတဲ့မှတ်ချက်လို့လဲ ပြောနိုင်တာပေါ့။ ဒါဟာ သူ့နည်းသူ့ဟန်နဲ့ အဲသည့်လူများကို ဂုဏ်ပြုတာလို့လည်း ဆိုနိုင်ပါရဲ့။
“သေပေါ့” လို့ အပြောခံရတဲ့ လူမျိုးတွေကို အသက်ရှင်စဉ် တုန်းကလည်း တန်ဖိုးရှိတယ်လို့ တောသူဖြစ်တဲ့ ကျနော့်အမ မမဥက မသတ်မှတ်ဘူးဆိုတာ အခုမှ ကျနော်ပိုပြီး သဘော ပေါက်တော့တယ်။
ဇော်မင်း
၂၈ . မေ .၂ဝ၁၂
MAUKKHA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis