ဒီတစ်ခါနဲ့ပါဆိုရင် ရှမ်းပြည်နယ်ကိုရောက်တာ ဒုတိယအကြိမ်ပါ။
ပထမအကြိမ်တုန်းကတော့ ကိုးကန့်ဒေသတိုက်ပွဲတွေအပြီးမှာ အစိုးရက မီဒီယာတွေကို
ခေါ်ယူပြီး သတင်းစာရှင်းလင်းတဲ့ပွဲပါ။ အဲဒီတုန်းကတော့
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးကတစ်ဆင့် ကိုးကန့်ဒေသလောက် ကိုင်ကို
သွားခဲ့ရပါတယ်။
ဒီတစ်ခါရှမ်းပြည်နယ်ကို ဒုတိယအကြိမ် သွားဖြစ်တာကတော့
ငြိမ်းချမ်းရေးကိစ္စပါ။ ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီတို့ရဲ့
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ဖို့ ရှမ်းပြည်နယ်အရှေ့ပိုင်း
ကျိုင်းတုံမြို့ကို သွားရတာပါ။
ပွဲက ၁၉ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
ရောက်သွားတာက ၁၈ ရက်နေ့ နေ့လည်ပိုင်းပါ။ ဒေသန္တရ ဗဟုသုတရအောင်
ကျိုင်းတုံမှာရှိတဲ့ အထင်က ရနေရာတွေဟာ ဘယ်လိုဟာမျိုးတွေလည်းလို့
စုံစမ်းကြည့်ပါတယ်။ သစ်တစ်ပင်တောင်စခန်း၊ မြရွှေရည်ရေပူစမ်း၊
ရပ်တော်မူဘုရားကြီးနဲ့ နောင်တုံကန်တို့ဟာ အထင်ကရနေရာတွေထဲမှာ ပါတယ်လို့
သိရပါတယ်။
အချိန်ရတာနဲ့ အဲဒီအထင်ကရ နေရာတွေကို သွားဖြစ်ခဲ့ပါတယ်။ ဦးစွာပဲ
သစ်တစ်ပင်တောင် အပန်းဖြေစခန်းကို သုံးဘီးဆိုင်ကယ်နဲ့ သွားဖြစ်ပါတယ်။
သစ်တစ်ပင်တောင် အပန်းဖြေစခန်းက ကျိုင်းတုံမြို့ထက်မြင့်တဲ့ တောင်ကုန်းပေါ်က
စခန်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ တောင်ကုန်းပေါ်မှာ သစ်ပင်ကြီးကြီး
မြင့်မြင့်ဆိုလို့ တစ်ပင်တည်း ထင်ထင်ရှားရှား မြင်သာနေတာမို့
သစ်တစ်ပင်တောင်လို့ တင်စားမှန်းကို ကိုယ်ကိုယ်တိုင်တောင်ပေါ်ကို
ရောက်သွားမှပဲ သိလိုက်ရပါတယ်။
တောင်ပေါ်ကိုရောက်ဖို့ကို
စခန်းရဲ့အ၀င်ဝ မြေနိမ့်ကနေစပြီး သုံးဘီးဆိုင်ကယ်က ငယ်သံပါအောင်
အော်ပြီးတက်ရပါတယ်။ တောင်က တော်တော်လေးမြင့်တာက တစ်ကြောင်း၊
ဆိုင်ကယ်အင်ဂျင်က ကျနေတဲ့ပုံရှိတာ ကတစ်ကြောင်း ငယ်သံပါအောင်အော်ပြီး
တက်ရခြင်းဖြစ်ပါတယ်။
တောင်ပေါ်စတက်တယ်ဆိုရင်ပဲ သစ်ရိပ်ဝါးရိပ်နဲ့ တိတ်ဆိတ်တ ပတ်ဝန်းကျင်က
စခန်းလာသူတွေရဲ့ စိတ်ကို လွှမ်းခြုံငြိမ်သက်စေခဲ့ပါတယ်။
တောင်တက်လမ်းတစ်လျောက် မြွေလိမ်မြွေကောက် ကားနှစ်စီးရှောင်နိုင်ရုံသာ
လမ်းတစ်လျှောက်ဟာဖြင့် အသည်းယားစရာကြီးပါ။ အဲဒီ တောင်တက်လမ်း
ဘေးတစ်လျှောက်မှာ တစ်ပင်ကွယ်တစ်ခြုံပိတ်နဲ့ ကွယ်တဲ့
မြင်ကွင်းရှင်းပြီးဆိုတာနဲ့ အောက်ဘက်ဆီမှာ ကျန်ခဲ့တဲ့ ကျိုင်းတုံမြို့ပေါ်က
အိမ်ခြေခပ်ကျဲကျဲကိုလည်း လှမ်းမြင်ရပါတယ်။
တောင်ထိပ်ပေါ်ရောက်ရောက်ချင်း ထီးထီးကြီးမြင့်မြင့်မားမား
စတင်တွေ့ရှိသွားရတာကတော့က ညင်ဖြူပင်ကြီးပဲ ဖြစ်ပါတယ်။
စိုက်ပျိုးခဲ့တဲ့နှစ်က မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ်ကပါ။ အလောင်းမင်းတရားကြီး
လက်ထက် ခရစ်သက္ကရာဇ် ၁၇၅၃ ခုနှစ်ကလို့ သိရပါတယ်။ အမြင့်က ၂၁၈ ပေ။
ရင်စို့လုံးပတ်က ၃၆ ပေ ၈ လက်မ၊ အောက်ခြေလုံးပတ်က ၃၉ ပေ ၁၀
လက်မရှိပါတယ်။
သစ်ပင်ကြီးရဲ့ ပင်စည်နဲ့ကပ်ပြီး သစ်သားလှေကားတစ်စင်းရယ်
ကြိုးတစ်ချောင်းရယ် ချည်ထားပြီး တွဲလောင်းချထားတာကို တွေ့ရတော့
သစ်ပင်ကြီးကို တွယ်တက်နိုင်ဖို့ လုပ်ထားပုံရပါတယ်။ ကျွန်တော်ရောက်တုန်း
အချိန်မှာတော့ လှေကားနဲ့ တွယ်တက်နေသူ မတွေ့ရပါဘူး။ ဒါ ပေမယ့်
လာရောက်အပန်းဖြေလာတဲ့ သူတစ်ဦးကတော့ သစ်ပင်ကြီးဘေးက
တွဲလောင်းချထားတဲ့ကြိုးကို တွဲခဲ့ပြီး သစ်ပင်တက်တော့မယ့်ဟန်နဲ့
ဓာတ်ပုံရိုက်နေတာတော့ တွေ့ရပါတယ်။
သစ်ပင်ကြီးဘေး ပတ်ဝန်းကျင်မှာ မြင့်လည်းမမြင့်လွန်း၊ နိမ့်လည်း
မနိမ့်လွန်းတဲ့ ခပ်သွယ်သွယ်တခြား အပင်ငယ်လေးတွေလည်း ရှိပါတယ်။ ပြီးတော့
စေတီငယ်နှစ်ဆူပါ။ ရွှေသင်္ကန်းစစ်စစ် ကပ်မထားပေမယ့် ရွှေမင်ရည်ဆေးရောင်နဲ့
ပူဇော်ပြီးတည် ထားတာတွေ့ရပါတယ်။
သစ်တစ်ပင်တောင်ရဲ့ မြေအနေအထားက အနီရောင်တွေဖြစ်ပြီး
တောင်ရဲ့ဘယ်ဘက်ခြမ်းမှာက ကြိုးတံတားတစ်ခုပါ။ ပေ ၃၀၊ ၄၀ လောက် စောက်နက်ပြီး
မြေနီရောင်တွေ လွှမ်းခြုံထားတဲ့ လျိုတစ်ခုကိုဖြတ်လို့ သွယ်တန်းထားတဲ့သဘောပါ။
တံတားကအရှည်အားဖြင့် ပေ ၆၀ ၀န်းကျင်လောက်လို့ ခန့်မှန်းမိပါတယ်။
အဲဒီကြိုးတံတားကလည်း လာရောက်လေ့လာသူတွေကို စိတ်ဝင်စားစေပါတယ်။
အဲဒီတံတားပေါ်မှာ လာရောက် ဆော့ကစားတဲ့ ကလေးငယ်တွေ၊ ဓာတ်ပုံရိုက်နေတဲ့
ဧည့်သည်တွေလည်း ရှိပါတယ်။ တစ်တောင်လုံးကို လွှမ်းခြုံထားတာကတော့
သစ်ရိပ်ဝါးရိပ်နဲ့ အေးမြတဲ့ အတိတ်နိမိတ်ပဲ ဖြစ်ပါတယ်။
သစ်တစ်ပင်တောင်က
ဆင်းတော့ နောင်တုံကန်ကို ရောက်ပါတယ်။ သူလည်းပဲ ရန်ကုန်က ကန်တော်ကြီး
အလားပဲထင်ရပါတယ်။ မတူတာကတော့ အဲဒီကန်ပေါ်ကဖြတ်လာတဲ့ လေပြေညင်းက ရန်ကုန်က
ကန်တော်ကြီး ထက်ပိုပြီးလတ်ဆတ်ပါတယ်။ အဲဒီကန်ဘေးမှာ ယာဉ်သွား
ယာဉ်လာသိပ်မရှိတာကလည်း ကန်ပေါ်ကဖြတ်လာတဲ့ လေပြေလေညင်းတွေကိုပိုပြီး
လတ်ဆတ်စေခဲ့ပုံ ပေါ်ပါတယ်။
နောင်တုံကန်ပြီးတော့ ရပ်တော်မူဘုရားကြီးကို ၀င်ရောက်ဖူးမြော်ခဲ့ပါတယ်။
ရပ်တော်မူပြီး ဗျာဒိတ်ပေးနေတဲ့ ပုံသဏ္ဌန်ကို တည်ထားခြင်းပဲဖြစ်ပါတယ်။
ဘုရားကြီးရဲ့ ဘွဲ့အမည်က ခေမရဌဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီးဖြစ်ပါတယ်။
ဘုရားကြီးကပြန်တော့
ညနေစောင်းနေပါပြီ။ အဲဒီကနေ ညနေ၄ နာရီခွဲလောက် စထွက်လိုက်တယ်ဆိုရင်ပဲ
မြရွှေရည်ရေပူစမ်းကို ၅နာရီခွဲ ၀န်းကျင်မရှိတရှိမှာ ရောက်ပါတယ်။
ရေပူစမ်းကိုရောက်သွားတော့ ဘန်ဂလို အိမ်ငယ်လေးတွေရယ်၊ မြေပြန့်ပြန့်ပေါ်က
မြက်ခင်းစိမ်းစိမ်းတွေရယ်၊ ပြီးတော့ မြက်ခင်းစိမ်းစိမ်းပေါ်မှာ ကျက်စားနေတဲ့
ကျွဲတွေရယ်၊ အဲဒီအရာတွေနဲ့အတူ မြင့်မားတဲ့တောင်ညိုညိုတွေရယ်ကလည်း
ရေပူစမ်းကိုဝိုင်းရံပြီး ဧည့်သည်တွေကို ခရီးဦးကြိုပြုလို့ နေပါတယ်။
ရေပူစမ်းကို ဖြစ်ပေါ်စေတဲ့ အိုင်ကတော့ နှစ်အိုင်ပါ။ အုတ်ရိုး အုတ် ပေါင်နဲ့
စနစ်တကျ ခတ်ထားတာက အဖိုကန်လို့ဆိုပါတယ်။ သဘာဝအတိုင်းကို
အုတ်ပေါင်ခတ်လို့ထားခြင်းပါ။
အုတ်ပေါင်မခတ်ဘဲ သဘာဝအတိုင်းထားတဲ့ သူ့အောက်နားက ကျောက်တုံးနက်နက်
ရေညှိဖက်လို အရာတွေနဲ့က အမကန်လို့ ဆိုပါတယ်။ အမကန်က ကြက်ဥကိုတောင်
ကျက်အောင်ပြုတ်လို့ရပြီး အဲဒီကန်မှာ ပြုတ်ထားတဲ့ဥကိုစားရင် ကျန်းမာရေး
တွက်ကောင်းတယ်လို့ သိရပါတယ်။ ကျွန်တော်ရောက်တဲ့အချိန်မှာလည်း
ဝါးနဲ့ရက်ထားတဲ့ တောင်းလေးနဲ့ကြက်ဥကိုထည့်လို့ ရေပူစမ်းအိုင်ထဲမှာ
စိမ်ပြီး ပြုတ်ထားတာ တွေ့ရပါတယ်။ တစ်လုံး တစ်ရာ့ငါးဆယ်နဲ့ ရောင်းတာနဲ့ပဲ
ဝယ်စားကြည့်တော့ အရသာကတော့ ရိုးရိုးကြက်ဥပြုတ်လိုပါ။
ရေပူစမ်းပတ်လည်မှာ
စားသောက်ဆိုင်တန်းလေးတွေ ဖွင့်ထားပြီး မိသားစုအလိုက်
လာရောက်အပန်းဖြေကြတာလည်း တွေ့ရပါတယ်။ ရေပူစမ်းစခန်း ၀င်ဝင်ချင်းတွေ့ရတဲ့
ဘန်ဂလိုတွေကတော့ ရေပူစမ်းစိမ်ဖို့ အုတ်ကန်ငယ်တွေ ထည့်သွင်းဆောက်လုပ်ထားတဲ့
အခန်းတွေရှိတဲ့ နေရာပါ။ ရေပူစမ်းအိုင်ကထွက်တဲ့ရေကို
ကွန်ကရစ်မြောင်းနဲ့ခံယူပြီးမှ ဘန်ဂလိုတွေကို ပို့တာဖြစ်ပါတယ်။
ရှေးလူကြီးများရဲ့ အဆိုအရ ရေပူစမ်းကို ရှေးအခါက စော်ဘွားတွေ
ရေလာချိုးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရေပူစမ်း ဘန်ဂလိုတွေထဲက အခန်းစုစုပေါင်း ၂၀ ကျော်ရှိပြီး တစ်ခန်းကို
ကျပ်ငါးရာကနေ ကျပ်သုံးထောင်အကြား တစ်ယောက်ခန်း၊ နှစ်ယောက်ခန်း၊
မိသားစုခန်းဆိုပြီး အခကြေး ငွေယူနေတာဖြစ်ပါတယ်။ အခု
အချိန်ထက်ဆောင်းတွင်းမှာ လူအ၀င်ပိုများပြီး တစ်ခန်းကို မိနစ် ၂၀ ကနေ ၄၅
မိနစ်ကြား ခွင့်ပြုကြောင်းနဲ့ လူဝင်များချိန်မှာ မိနစ် ၂၀ သာ ခွင့်ပြုပြီး
ယခုကဲ့သို့ နွေရာသီ လူဝင်နည်းချိန်မှာ ၄၅ မိနစ် ခွင့်ပြုတယ်လို့
ရေပူစမ်းစခန်းမှာ ငွေကောက်ခံသူက ရှင်းပြပါတယ်။
ကျိုင်းတုံမြို့ပေါ်က
အထင်ကရ နေရာတွေကို လေ့လာပြီး ချိန်မှာတော့ ကျွန်တော်တို့နိုင်ငံ
အနှံ့မှာရှိတဲ့ ကျွန်တော်မရောက်ဖူးသေးတဲ့ သာယာလှပတဲ့
အထင်ကရနေရာများစွာကိုလည်း မှန်းဆမြင်ယောင်မိပါတယ်။ သာယာလှပလို့နေတဲ့ အထင်ကရ
နေရာတိုင်းကိုသာ ကမ္ဘာလှည့်ခရီး သွားတွေ ဆွဲဆောင်ရာနေရာတွေ အဖြစ်စနစ်တကျ
ဖော်ထုတ်နိုင်ခဲ့မယ်ဆိုရင်တော့ဖြင့် . . .။
EMG |
No comments:
Post a Comment