menu

Thursday 10 May 2012

လုပ်ခလစာ နှုန်းထားနှင့် ပတ်သက်၍ High-Art ဆံပင်တုစက်ရုံမှ အလုပ်သမားများ ဆန္ဒပြမှုဖြစ်ပွား




အခြေခံလုပ်ခလစာနှုန်းထား များနှင့်ပတ်သက်၍ လှိုင်သာယာ စက်မှုဇုန်၊ ဇုန် (၄)၊ ၀က်မစွတ်ဝန်ထောက်လမ်း၊ အမှတ်(၁၁၆၊ ၁၁၇) ရှိ High-Art ဆံပင်တုစက်ရုံ(A)နှင့် (B)မှ စက်ရုံအလုပ်သမားများ ဆန္ဒပြမှု မေလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဆန္ဒပြအလုပ်သမားများမှာ လှိုင်သာယာမြို့နယ်၊ High-Art ဆံပင်တုစက်ရုံမှ လှိုင်သာယာမြို့နယ် အလုပ်သမားရုံးသို့ လည်းကောင်း၊ ယင်းမှတစ်ဆင့် မရမ်းကုန်းမြို့နယ်ရှိ တိုင်းအလုပ်သမားရုံးသို့ လည်းကောင်း ကားများဖြင့် သွားရောက် ကာ ရုံးရှေ့တွင် စုဝေးဆန္ဒပြုမှုများ ပြုလုပ်ကြကြောင်း သိရှိရသည်။

''လှိုင်သာယာ အလုပ်သမားရုံးကို ဦးဆုံးသွားတာ အဲ့ဒီကဆောင်ရွက်ဖို့ အဆင်မပြေဘူးပြောတဲ့အတွက် ဒီကိုမနက် ၁၁ နာရီဝန်းကျင်မှာ ရောက်လာခဲ့ပါတယ်။ အဓိကတော့ အခြေခံလစာ တိုးပေးဖို့ပါ။ တစ်နှစ် လုံးမှလည်း လစာကို ၇၀၀၊ ၁၀၀၀ လောက်ပဲ တိုးပေးပါတယ်။ အခုအခြေခံလစာ မတိုးပေးတဲ့အပြင် အရုပ်ခေါင်းနှုန်းထားတွေလည်း တစ်ခုပြီးရင် သင်္ကြန်မတိုင်ခင်က ကျပ် ၉၀၀၀ အထိ ပေးထားရာကနေ အခု တစ်ခေါင်းကို ကျပ် ၇၀၀၀ အထိ ဖြတ်ချလိုက်တဲ့အတွက် ဆန္ဒပြရ ခြင်းဖြစ်ပါတယ်'' ဟု လုပ်သက်သုံးနှစ်ကျော်ရှိ မချိုချိုဝင်းက ပြောပြခဲ့သည်။
မရန်းကုန်းမြို့နယ် တိုင်းဒေသကြီးရုံးရှေ့၌ မနက် ၁၁ နာရီဝန်းကျင်တွင် အလုပ်သမား ၁၈၀၊ ၂၀၀ နီးပါး ဆန္ဒပြလျက်ရှိပြီး၊ စက်ရုံတံခါးပိတ်လိုက်သောကြောင့် ကျန်အလုပ်သမများ လာရောက်နိုင်ခြင်းမရှိကြောင်းနှင့် ညနေ ၃ နာ ရီဝန်းကျင်တွင် စက်ရုံတံခါးဖွင့်ပေး၍ ဆန္ဒပြအလုပ်သမား ၁၀၀ ကျော် ထပ်မံရောက်ရှိလာကြောင်း သတင်းရရှိသည်။
'' မတ်လက လစာတိုးပေးဖို့ သွားပြောတာ သူဌေးခရီးထွက်နေတဲ့အတွက် ပြန်လာရင်လုပ်ပေးမယ် ပြောပါတယ်။ ထပ်စောင့်တာဘာမှ မထူးပါဘူး။ နောက်ထပ်သွားပြောတော့ သွားပြောတဲ့ဌာနတစ်ခုပဲ တစ်ယောက် ကျပ် ၅၀၀၀ အထိပဲ တိုးပေးပါတယ်။ ဒါတောင် အားလုံး မဟုတ်ပါဘူး။ နောက်ထပ်လည်း တစ်ရက်ပျက်ရင် ကျပ် ၈၀၀၀အထိ ဖြတ်တာ၊ အိုတီမဆင်းရင် သန့်ရှင်းရေးလုပ်ရတာ၊ အစားအသောက် အဆင်မပြေတာတွေကအစ ကြုံတွေ့ရပါတယ်။ အဓိက အခြေခံလစာ တိုးပေးရင်အဆင်ပြေပါတယ်''ဟု စက်ရုံ အလုပ်သမတစ်ဦးဖြစ်သူ မလဲ့လဲ့ခင်က ပြောပြခဲ့သည်။
High-Art  ဆံပင်တုစက်ရုံသည် တရုတ်နှင့် ကိုရီးယား ဖက်စပ်လုပ်ကိုင်သည့် စက်ရုံဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ အလုပ်သမားဦးရေ ၂၀၀၀ ၀န်းကျင်ခန့်ရှိပြီး လုပ်ခလစာနှင့်ပတ်သက်၍ စက်ရုံတွင်း ပဋိပက္ခ သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ် မတ်လတွင် ဆန္ဒပြမှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျွမ်းကျင်အလုပ်သမားတစ်ဦးယောက်မှ ဆံပင်တု အရုပ်ခေါင်းတစ်ခုပြီးရန် အချိန် ၈ ရက်ဝန်းကျင် ပေးရပြီး၊ တစ်လလျှင် အရုပ်ခေါင်း သုံးခုမှ လေးခုထိပြီးကြောင်း၊ ကုန်ချောဆံပင်တု အရုပ်ခေါင်းများအား ကျပ် ၁၈ သိန်း ၀န်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် အလုပ်သမားတစ်ဦးလျှင် အခြေခံလစာ ကျပ် ၈၀၀၀၊ အလုပ်ချိန် မနက် ၈ နာရီမှ ၅ နာရီ၊ အိုတီချိန် ည ၉ နာရီထိ မဆင်းမနေရ သတ်မှတ်ထားကြောင်း၊ တစ်လ အိုတီကြေး ကျပ် ၈၀၀၀၊ လမ်းစရိတ် ကျပ် ၅၀၀၀ နှင့် အရုပ်ခေါင်းတစ်ခု ကျပ် ၄၀၀၀ မှ ကျပ် ၇၀၀၀ နှုန်းဖြင့်ပေးကြောင်း၊ လုပ်သက် ငါးနှစ်ရှိ အလုပ်သမတစ်ဦး၏ တစ်လစာဝင်ငွေမှာ ကျပ်လေးသောင်းခွဲဝန်းကျင်ဖြစ်ကြောင်း သိရှိရသည်။

''အလုပ်သမားရုံးက စက်ရုံကို ပြန်သွားပြီး ညှိပေးမယ် ပြောနေပါတယ်။ စက်ရုံရောက်ရင် အရင်အတိုင်း ဖြစ်သွားမှာစိုးလို့ အလုပ်သမားတွေက မပြန်ချင်ကြပါဘူး။ ဒီမှာပဲဆက်စောင့်ပြီး အခြေခံလစာ ကျပ် ၃၀၀၀ ပေးတဲ့အထိ ဆန္ဒပြသွားမှာ ဖြစ်ပါတယ်'' ဟု အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ၀င်ရောက်ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် စက်ရုံအလုပ်သမ မအေးမြတ်မွန်က ပြောပြခဲ့သည်။

မေလ ၉ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ဆန္ဒပြအလုပ်သမားများသည် စက်ရုံမှစီစဉ်ပေးသည့် ကားများဖြင့် နေထိုင်ရာအဆောင်များသို့ ပြန်သွားကြပြီး မေလ ၁၀ရက်နေ့၊ မနက် ၈နာရီခွဲတွင် လှိုင်သာယာစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်း၊ တိုက် ၁၀၊ အခန်း ၁ တွင် ညှိနှိုင်းမှုများ ထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis