menu

Thursday 10 May 2012

ပန်းပျိုးလက် ပိုင်ရှင်များ၏ ဒုတိယမြောက် တနင်္ဂနွေ





l562 အေးမြတဲ့ မိုးစက်မှုန်တွေကြား၊ ပူနွေးပွင့်လင်းတဲ့ နေရောင်ခြည်တွေ ကြားမှာပဲ မေလဟာ ဒုတိယပတ်ထဲ ကို ခရီးနှင်ဝင်ရောက်လာခဲ့ပါပြီ။ မေ လထဲဝင်ပြီဆိုရင် မေလရဲ့ဒုတိယ မြောက် တနင်္ဂနွေကို မှတ်မှတ်ရရရှိ ကြရပါတယ်။ အဲဒီနေ့ကတော့ ကမ္ဘာ တစ်ဝန်းနိုင်ငံ အများစုက လက်ခံသတ်မှတ်ကြတဲ့ မိခင်များနေ့ (Mother's Day) ပါပဲ။
မိခင်တို့ရဲ့ ကလေးငယ်များအပေါ် နွေးထွေးလွှမ်းမိုးနိုင်မှု၊ အနှိုင်းမဲ့ မေတ္တာတရားတို့ကို အသိအမှတ်ပြု သောအားဖြင့် ကမ္ဘာတစ်ဝန်းမှာ မိခင်များနေ့အဖြစ် နှစ်စဉ်မေလရဲ့ ဒုတိယမြောက် တနင်္ဂနွေကို သတ်မှတ် ကျင်းပကြပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဒုတိယမြောက် တနင်္ဂနွေဟာ မေလ ၁၃ ရက်နေ့ဖြစ်ပါတယ်။ မိခင်များနေ့ဟာ မဝေးတော့တဲ့ကာလမှာ နွေးနွေးထွေးထွေး ကြိုဆိုသူတွေဆီကို ဆိုက်ရောက်လာတော့မှာပါ။

မိခင်များနေ့ကို နိုင်ငံအသီးသီးမှာ ကျင်းပတတ်ကြပေမယ့် နေ့ရက်တွေကတော့ မတူညီကြပါဘူး။ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ စသည်ဖြင့် နိုင်ငံအလိုက် အထိမ်းအမှတ်ပြု ခွဲခြားကျင်းပကြပါတယ်။ မေလကတော့ နိုင်ငံအများစုမှာ ကျင်းပကြတဲ့ ကာလပါပဲ။ တောင်ကိုရီးယားနိုင်ငံ မှာ မေလ ၈ ရက်နေ့ကို မိဘများနေ့ လို့ သတ်မှတ်သလို မက္ကဆီကိုနိုင်ငံ မှာတော့ မိခင်များနေ့ဟာ မေလ ၁၀ ရက်နေ့ပါ။ ပါရာဂွေး၊ ပိုလန်၊ ဘို လီးဗီးယားနိုင်ငံတို့ကလည်း မေလထဲမှာပဲ မိခင်များနေ့ကို ကျင်းပကြပါတယ်။ မေလရဲ့ဒုတိယမြောက် တနင်္ဂနွေကို အမေများနေ့အဖြစ် သတ်မှတ်ကျင်းပကြတဲ့ နိုင်ငံတွေကတော့ အမေရိကန်နိုင်ငံ အပါအ၀င် ဥရောပ၊ အာရှ က နိုင်ငံအများစု ပါဝင်ပါတယ်။ မြန်မာအပါအ၀င် အာဆီယံနိုင်ငံတွေကို လည်း မေလရဲ့ဒုတိယမြောက် တနင်္ဂနွေမှာ မိခင်များနေ့ ကျင်းပတဲ့နိုင်ငံတွေအဖြစ် တစ်ကမ္ဘာလုံးကို ညွှန်း ဆိုတဲ့ ပြက္ခဒိန်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
မိခင်များနေ့ဟာ အမေရိကန်နိုင်ငံသူ နာမည်ကျော် စာရေးဆရာမ Julai Ward Home ရဲ့ ကြိုးပမ်းအား ထုတ်မှုနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ မိခင်များနေ့ ပေါ်ပေါက်လာအောင် ကြိုးပမ်းခဲ့တဲ့ Julai Ward Home ရဲ့ ဆန္ဒကို သူ့ရဲ့သမီး Anna Jarvis က ဆက်ပြီး ပုံဖော်ပေးခဲ့ပါတယ်။ ဒါနဲ့ပဲ မိခင်များနေ့ကို ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာကြတာလို့ သိရပါတယ်။
မိခင်များနေ့ ကျရောက်ကျင်းပတဲ့ တနင်္ဂနွေနေ့ဆိုရင် အခမ်းအနားတွေဟာ နိုင်ငံအလိုက် ဘာသာရေး အသွင်ဆောင်တာရှိသလို စီးပွားရေး အသွင်ဆောင်တာမျိုးလည်း ရှိကြပါတယ်။ စတိုးဆိုင်တွေ၊ စူပါမားကတ် တွေမှာ မိခင်များနေ့ နီးကပ်လာတာနဲ့အမျှ ပို့စကတ်တွေ၊ ပန်းစည်းတွေ၊ တခြားသော အမျိုးသမီးအသုံးအ ဆောင်တွေကို အလှဆင်ထုပ်ပိုး ပြင်ဆင် ရောင်းချနေတာကို တွေ့မြင်နိုင် ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ တွေ့နိုင်ကြမှာပါ။
မိခင်များနေ့ ရောက်ရင် မိခင်ကို လက်ဆောင်ပေးတာ၊ နွေးနွေး ထွေးထွေးပြုစုတာ၊ တစ်ရက်တာပဲ ဖြစ်ဖြစ် မိခင်နဲ့ အတူနေထိုင်ပြီး စားသောက်ဖွယ်ရာ ပြင်ဆင်စားသောက်တာ၊ အခမ်းအနား ကျင်းပရာမှာ မိခင်ရဲ့ကျေးဇူးထုတ်ဖော် ပြောဆိုတာဆိုပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ပြုလုပ်ပုံ အလေ့အထတွေ ကွဲပြားကြပါတယ်။ နိုင်ငံနဲ့လိုက်ပြီးတော့လည်း ကွဲပြားနိုင်ပါတယ်။
မိခင်ဆိုတာဟာ အားလုံးက ချစ်ခင်တန်ဖိုး ထားကြရတဲ့သူ၊ အစား ထိုးမရတဲ့သူ၊ သားသမီးတွေကို အ သက်နဲ့ရင်းပြီး လောကထဲကို ခေါ်ယူခဲ့ကြသူတွေပါ။ ကိုယ်ဝန်လွယ် ထားရတဲ့ ကိုးလ၊ ဆယ်လအတွင်း သေမင်းနဲ့ အကြိမ်ကြိမ် စစ်ခင်းနိုင်တာမို့ ရှေးလူကြီးများက ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေလို့ ဆိုရိုးရှိခဲ့ ကြတာဖြစ်ပါတယ်။ သားသမီးကို မွေးဖွားသန့်စင်ပြီးတဲ့ နောက်မှာလည်း ကလေးကျောင်းနေစဉ်ကစလို့ ပညာစုံသည်အထိ ပြုစုပျိုးထောင်ကြရတာပါ။
ဒီလို မိခင်တွေအပေါ် သတ်သတ်မှတ် ဂုဏ်ပြုတဲ့ မိခင်များနေ့မှာ မိခင်ရဲ့ အနီးအနားရှိမနေနိုင်တဲ့ သားသမီးတွေလည်း ဒီနေ့ခေတ်မှာ အတော်များများရှိလာပါပြီ။ ပညာစုံချိန်မှာ မိခင်ရင်ခွင်ကခွဲခွာလို့ အလုပ်ခွင်မှာ ကျင်လည်ရသလို ကိုယ့်မိသားစုနဲ့ကိုယ် အချိန်ကုန်ဆုံးရသူတွေလည်း ရှိကြပါတယ်။ မိခင်ကို တစ်နှစ်မှာ တစ်ရက်တောင် အချိန်ပေး မတွေ့နိုင်တော့တဲ့ သားသမီးတွေ လည်းရှိလာခဲ့ပါတယ်။ မိခင်ဆိုတာ ကတော့ အနီးမှာရှိတာပဲဖြစ်ဖြစ်၊ အဝေးမှာ ရှိတာပဲဖြစ်ဖြစ် သားသမီးအပေါ် မေတ္တာထားမြဲထားလျက်ပါပဲ။
မြန်မာနိုင်ငံမှာတော့ နိုင်ငံအများစုက လက်ခံကျင်းပကြတဲ့ မိခင်များနေ့ကို အသွင်အမျိုးမျိုးနဲ့ဂုဏ်ပြု ကျင်းပတာတွေ ဒီနောက်ပိုင်းနှစ်တွေမှာ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် မြန်မာတို့ ရဲ့ ကိုယ်ပိုင်အမေနေ့လည်း ရှိပါသေးတယ်။ နှစ်စဉ် ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် ပြုလုပ်ကျင်းပလာတာ ၁၉၉၅ ခုနှစ်ကတည်းကပါ။ စာရေးဆရာ ဒါရိုက်တာဦးသု ခရဲ့ကြိုးပမ်း တိုက်တွန်းမှုနဲ့ မန္တလေးမှာ ပထမဆုံး ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနေ့အထိလည်း ပြာသိုလပြည့်အမေနေ့ကို မြို့အတော်များများမှာ ကျင်းပနေကြဆဲ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ ယဉ်ကျေးမှု ကူးလူးဆက်စပ်လာမှုတွေ တဖြည်းဖြည်း ကျယ်ပြန့်လာတာကြောင့်လည်း မေလရဲ့ဒုတိယမြောက် တနင်္ဂနွေနေ့ကို မိခင်များနေ့အဖြစ် အခမ်းအနားတွေ အသွင် ကျင်းပလာကြတာကိုလည်း မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ တွေ့လာခဲ့ကြရတာပါ။ တစ်နှစ်မှာ မိခင်ရဲ့ကျေးဇူးကို နှစ်ကြိမ် ထုတ်ဖော်သိမှတ်ခွင့် ရတယ်လို့လည်း ဆိုကောင်း ဆိုနိုင်ပါတယ်။
ပုခက်လွှဲခဲ့တဲ့ လက်တွေဟာ ကလေးတွေကို ပန်းလေးတွေပျိုးသလိုလည်း ပျိုးကြရပါတယ်။ ရင်နဲ့ရင်းပြီး ပျိုးတဲ့ပန်းတွေမို့ အလှဆုံပွင့် စေချင်တာ မိခင်တိုင်းရဲ့စေတနာပဲဖြစ်မှာပါ။ ဒါကိုမိခင်ဘ၀ ရောက်ရှိနေပြီ ဖြစ်တဲ့ မိခင်တချို့ကလည်း အခုလို ဖွင့်ဟပြောဆိုခဲ့ပါတယ်။
l562b
မေသန်းနု
ကိုယ့်ရင်သွေးလေးက သားလေးလား သမီးလေးလား မသိခင်မှာ ဒီရင်သွေးလေးအတွက်ကို စိတ်ပူပန်တဲ့စိတ်၊ ချောချောမွေ့မွေ့ မွေးပါစေလို့ ပူပန်ရတဲ့စိတ်တွေ ဖြစ်နေပြီ။ သား လေးကို ပထမဆုံးမြင်လိုက်ရတဲ့ အချိန်မှာတော့ ၀မ်းသာကြည်နူးစိတ် နဲ့ မျက်ရည်တောင်ကျမိပါတယ်။ မိခင်ဆိုတာ သားသမီးအတွက် အစစအရာရာ အမြဲတမ်း အဆင်သင့်ဖြစ်နေတယ်ဆိုတာ နားလည်လာတယ်။ အနုပညာရှင် မိခင်တစ်ယောက်အနေနဲ့ သားသမီး အတွက် သီးခြားအချိန်ပေးနိုင်ဖို့ တော်တော်လေး ညှိနှိုင်းယူရပါတယ်။ သားကိုပြုစုပျိုးထောင်ရာမှာ အကြောက်တရားနဲ့ကွယ်ရာမှ ထင်တာလုပ်တယ် ဆိုတာမျိုးထက် ဘာမဆိုအမေသိပြီးသား ဆိုတဲ့ပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးဖြစ်အောင်လည်း ညှိနှိုင်းယူပါတယ်။

ထွန်းအိန္ဒြာဗို
မိခင်တစ်ယောက်ရဲ့ စိတ်ခံစားချက်ကို တကယ်နားလည်လာတဲ့ အချိန်က သားလေးကို ကိုယ်ဝန်ရှိလာတဲ့အချိန်မှပါ။ ကိုယ်လွယ်ထားရတဲ့ ကိုယ့်ရင်သွေးဆိုတဲ့ အသိနဲ့တင် ကြည်နူးရတဲ့ပီတိကို ခံစားမိတဲ့အချိန်မှာ အမေ့ကျေးဇူးကိုလည်း ပြန် သတိရတယ်။ သားလေးမွေးပြီးတဲ့ အချိန်က စပြီး မခိုင်ကြီးရဲ့အနုပညာ အလုပ်တွေ ကို အချိန်ဇယားလေးနဲ့ လုပ်နိုင်အောင် ကြိုးစားပါတယ်။ အရွယ်ရောက်လာတာနဲ့ အမျှ အခုလိုပဲ အချိန်ပိုပေးဖြစ်အောင် ကြိုးစားသွားမှာပါ။ အဓိက တော့ သူ့အတွက် သီးသန့်အချိန်ပေးနိုင်အောင် ကြိုးစားဖြစ်တဲ့ သဘောပေါ့လေ။ သူ့ခံစားချက်လေးတွေ နားလည်အောင်၊ သူ့လုပ်ချင်တာလေးတွေကို အကျိုးသင့် အကြောင်းသင့် ပြောပြနိုင်အောင် အချိန်ပေးတဲ့သဘောပါ။ သားဖြစ်ချင်တဲ့၊ သူရွေးချယ်တဲ့ လမ်းကြောင်းကိုပဲ အကောင်းဆုံး ပံ့ပိုးပေးနိုင်အောင် ကြိုးစားသွားမှာပါ။

ခိုင်သင်းကြည်
မခိုင်လေး သမီးလေး မွေးလာတဲ့ အချိန်မှာတော့ မိခင်တစ်ယောက်ရဲ့ စိတ်ကိုသေချာ ခံစားနားလည်တတ်ခဲ့တာ။ အရင်ရိုက်ကွင်းသွားဖို့ဆိုရင် အမြဲပျော်ရွှင် တက်ကြွနေတဲ့သူက အခုဆိုရင် သမီးလေးကိုထားခဲ့ဖို့ကို သနားနေမိတယ်။ သမီးလေးက သူ့အဘိုးအဘွားတွေနဲ့ အိမ်မှာပျော်နေတယ် ဆိုပေမယ့်လည်း ညနေ မခိုင်လေးတို့ပြန်လာမယ့် အချိန်ကို မျှော်နေမှာပဲဆိုတာ ကိုယ်က သိနေတယ်။ ဒီတော့ ညနေဘက် ရှုတင်သိမ်းတဲ့အချိန် ရောက်ပြီဆိုရင် ဘယ်သွားစရာပဲရှိရှိ အိမ်ကိုအရင်ပြန်တာမျိုးပေါ့။ အနုပညာရှင် တစ်ယောက်ဖြစ်နေတဲ့ အခါကျတော့ ကိုယ့်အလုပ်တွေ မအားတဲ့ ကြားထဲကပဲ သမီးအတွက် အချိန်ပေးနိုင်အောင် ကြိုးစားရတာပေါ့လေ။
l562a
စိုးမြတ်နန္ဒာ
ဒါဒါ မိခင်တစ်ယောက် ဖြစ်လာတဲ့ အချိန်မှာ ကိုယ့်အမေရဲ့ မေတ္တာကို သေချာနားလည် သဘောပေါက်လာတယ်လို့ ဆိုရမှာပါ။ အရင်တုန်းကတော့ လူငယ်စိတ်နဲ့အမေကို ချစ်တာကလွဲရင် စိုးရိမ်တာတွေ၊ စိတ်ပူတာတွေကို အပြစ်မြင်ချင်ခဲ့ဖူးတယ်။ ဒါဒါ့မှာ သားလေး ရှိလာတဲ့အခါကျတော့ မိခင်တစ်ယောက်ရဲ့ သားလေးအပေါ် ထားတဲ့မေတ္တာကို ကိုယ်တိုင် ခံစားပြီးနားလည်လာတယ်။ ဒါဒါ့ အတွက် သားလေးက မရှိမဖြစ် အဖော်မွန်ပါပဲ။ သူက အရမ်းလည်း သိတတ် လိမ္မာတယ်။ ဒါဒါ ရိုက်ကွင်းသွားတော့မယ် ဆိုရင်တောင် စိတ်ဖြောင့်ဖြောင့်သွားဖို့သူက အမြဲပြောပေးတယ်။ သားလေးက အဲဒီလိုသိတတ်တဲ့အခါ ကျတော့ ဒါဒါလည်း စိတ်ချမ်းသာရတာ ပေါ့နော်။
အိန္ဒြာကျော်ဇင်
အူဝဲက ငယ်ငယ်ကတည်းက အခုချိန်ထိ အမေနဲ့ပဲ အနီးကပ်ကြီးပြင်း လာရတဲ့အခါကျတော့ အမေ့ကို အရမ်းတွယ်တာစိတ်က ရှိတယ်။ မိခင်တစ်ယောက်ရဲ့မေတ္တာကို နားလည်တယ် ဆိုပေမယ့် အူဝဲသမီးလေးကို မြင်လိုက်ရတဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်ကျမှပဲ သေချာနားလည်ခွင့်ရတယ်။ အရင်က အလုပ်တစ်ခုခု လုပ်တယ် ဆိုရင်ကိုယ့်အတွက်၊ မိသားစုအတွက် ပေါ့။ အခုကတော့ ဘာလေးပဲလုပ်လုပ် သမီးလေးအတွက် ဆိုတာမျိုး စိတ်ထဲ မှာ ၀င်လာတာပေါ့လေ။ သမီးလေး ဂုဏ်ယူရတဲ့ မိခင်တစ်ယောက်လည်း ဖြစ်ချင်ပါတယ်။
ရတနာခင်
ရတနာသားလေး မွေးတဲ့ အချိန်တုန်းက အသက်လည်း ငယ်သေးတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့ အချိန်တုန်းကတော့ လူငယ်စိတ်နဲ့ပဲ အရမ်းကြီး လေးလေးနက်နက် မရှိလှဘူးပေါ့။ သားလေးကို တကယ်မွေးတဲ့အချိန်ကျမှ ငါ့သားလေးပေါ့။ ဖြစ်တဲ့ပီတိကတော့ ပြောမပြတတ်အောင်ပါပဲ။ အဲဒီတော့မှပဲ အမေလည်း ဒီလိုပဲဖြစ်ခဲ့မှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ် ၀င်လာခဲ့တယ်။ အနုပညာရှင် မိခင်တစ်ယောက်ဖြစ်တဲ့ အတွက် ကိုယ့်အလုပ်ပေါ်မှာ နားလည်မှု ရှိအောင်လည်း ပြောပြရတာပေါ့လေ။
မေကဗျာ
အိဘုတ် ကိုယ်ဝန်ရှိနေတဲ့အချိန် မှာ အမှတ်တရ အနေနဲ့ကတော့ ဦးကျော်က ဇာတ်ကားရိုက်ဖို့ ပြောတာနဲ့ ကိုယ်ဝန်အစစ်နဲ့ ဇာတ်ကားရိုက် ဖြစ်တာပါပဲ။ သမီးလေးမွေးလာတဲ့ အချိန်မှာတော့ အိဘုတ်အတွက် ခွန်အားတွေ အများကြီးရလာသလို အနီးစပ်ဆုံး အဖော်လေးတစ်ယောက် ရသလိုလည်း ခံစားရတယ်။ အခုချိန်မှာ သမီးလေးက အရွယ်ရလာတာနဲ့အမျှ အရမ်းလည်း သိတတ်လာတယ်။ သမီးလေးအပေါ် ထားတဲ့ချစ်ခြင်းမေတ္တာကို ပြောမပြတတ်အောင်ပါပဲ။ သမီးလေးကို ချစ်တာနဲ့အမျှ ကိုယ့်အပေါ် ထားတဲ့မိခင် ကျေးဇူးကိုလည်း သိတတ် နားလည်လာတယ်။ ကိုယ်ငယ်ငယ်က ခေါင်းမာခဲ့တာတွေ စွတ်တရွတ်နိုင် ခဲ့တာတွေအတွက်လည်း တစ်ခါတလေ နောင်တရမိတယ်။ သမီးလေးကိုတော့ နားလည်သိတတ်အောင် ပြောပြဆုံးမတာမျိုးပဲ လုပ်ဖြစ်ပါတယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis