menu

Thursday 10 May 2012

ကိုယ့်ရင်ထဲက မဟာလမင်း(ဆန်းထွန်းသောင်)


ဆရာပြောပြောနေတဲ့ မြန်မာ့စံတွေ မြင့်မားတယ် ဒါပေမဲ့ မြန်မာအများစုရဲ့ အပြုအမူတွေက မြန်မာနဲ့ စံ အများကြီးကွာဟနေလို့ မြန်မာတွေ အောင်မြင်မူမရသေးတာ ဆိုတဲ့စကားကိုလည်း သတိရမိပါတယ် ...


(၁)
ဆရာ
ကဆုန်လပြည့်နေ့  (၅.၅.၁၂) မှာ ဆရာ(နန္ဒာသိန်းဇံ) ကွယ်လွန်တာ ကိုးလပြည့်တဲ့နေ့ပါ။ ကဆုန်လပြည့် ဗုဒ္ဓနေ့ပါ။ ညောင်ရေသွန်းပွဲတော်နေ့ပါ။ ကဆုန်လဆိုတာ ရေခန်းခြောက်တဲ့လလို့လဲ အဓိပ္ပာယ်ရပါတယ်။ တဖြည်းဖြည်း ရေခန်းခြောက်လာနေတဲ့ ရေကန်လေးအကြောင်း ဆရာပြောပြတာ သတိရမိပါတယ်။ ၂၀၀၈ ခုနှစ်ဆရာနဲ့အတူ ပြင်ဦးလွင်မြို့ သွားခဲ့ကြတုန်းက ကြားခဲ့ရတာပါ။ မန္တလေးက ဆရာ့တပည့်ရှေ့နေတစ်ဦးရဲ့ သားဖြစ်တဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ်က ဗိုလ်လောင်းတစ်ယောက်ကို ဆရာပြောပြနေတာပါ။

(၂)
ဆရာ
ဆရာစကားပြောတဲ့အခါ အလင်္ကာတွေ၊ သင်္ကေတတွေနဲ့ ပြောတာပါ။ ဗုဒ္ဓစာပေမှာ အလင်္ကာတွေ သင်္ကေတတွေက အလွန်ခက်ခဲတဲ့ တရားဓမ္မတွေကို လွယ်လွယ်ကူကူ နားလည်စေတဲ့ ရှင်းလင်းနည်းတွေလို့  ဆရာပြောပြခဲ့တာလဲ သတိရမိပါတယ်။
(၃)

ဆရာ ဆရာပြောပြတဲ့ ရေကန်လေးမှာ ငါးတွေရှိတယ်။ ဂဏန်းတစ်ကောင် ရှိတယ်။ ရေကန်ဘေးကသစ်ပင်မှာ ဗျိုင်းငှက်တစ်ကောင်လည်း ရှိတယ်။ ပူပြင်းတဲ့လမှာ ရေကန်လေး တစ်ကန်ဟာ တဖြည်းဖြည်းနဲ့ ရေနည်းလာနေတယ်။ ရေကန်ဘေးက ဗျိုင်းငှက်တစ်ကောင်က ရေထဲက ငါးတွေကို ပြောတယ်။ တောထဲက တစ်နေရာမှာ ရေတွေပြည့်နေတဲ့ ကန်ရှိတယ်။ သွားချင်ရင်သူ လိုက်ပို့မယ်တဲ့။ မယုံရင် ငါးတစ်ကောင်လိုက်ကြည့်တဲ့။ လိုက်ကြည့်တဲ့ငါးကို ရေပြည့်ကန်ကို ပြတယ်။ ပြီးတော့ ရေနည်းကန်ပြန်ပို့တယ်။ လိုက်ကြည့်တဲ့ ငါးလဲသူမြင်တဲ့အတိုင်း ရေပြည့်ကန်ရှိကြောင်း ပြောတယ်။ ဒါနဲ့ငါးတွေ တစ်ကောင်ပြီး တစ်ကောင် ဗျိုင်းငှက်ခေါ်ရာ လိုက်ကြတာပေါ့။ တကယ်တော့ ဗျိုင်းငှက်က ငါးတွေကို တစ်ကောင်ပြီး တစ်ကောင်ခေါ်သွားပြီး ရေပြည့်ကန်နားက သစ်ပင်ပေါ်မှာ စားပစ်လိုက်တာပါ။
(၄)

ဆရာ

ဆရာပြောနေတဲ့အချိန်မှာ ဗျိုင်းငှက်က ကောက်ကျစ်စဉ်းလဲမှုရဲ့ သင်္ကေတနဲ့ ငါးတွေက အသိဉာဏ်နည်းမှုရဲ့ သင်္ကေတဖြစ်မယ်လို့ စဉ်းစားနေမိပါတယ်။ ဆရာက ဆက်ပြောပါတယ်။ ငါးတွေစားလို့ကုန်တော့ ဂဏန်းရဲ့အလှည့်ပေါ့။ ဂဏန်းက ဗျိုင်းရဲ့လည်ပင်းကို သူ့လက်မနဲ့ ညှပ်ရင်း လိုက်သွားတယ်။ ထုံးစံအတိုင်း ရေပြည့်ကန်နားက သစ်ပင်မှာ စားမယ်လုပ်တော့ ဂဏန်းက ဗျိုင်းလည်ပင်းကို ညှပ်ပြီး ရေကန်နားမပို့ရင် လည်ပင်းကို ညှပ်မယ်ဆိုတယ်။ ဗျိုင်းလည်း ရေကန်နားပို့ရတယ်။ ရေကန်နားလည်း ရောက်တော့ ဂဏန်းက ကောက်ကျစ်သူကို သတ် ပစ်ရမယ်ဆိုပြီး ဗျိုင်းရဲ့လည်ပင်းကို ဖြတ်ပစ်လိုက်တယ်။ ဂဏန်းက သတိရှိတဲ့ သင်္ကေတ ဖြစ်မယ်ထင်ပါတယ်။

ဆရာပြောပြောနေတဲ့ မြန်မာ့စံတွေ မြင့်မားတယ်
ဒါပေမဲ့ မြန်မာအများစုရဲ့ အပြုအမူတွေက
မြန်မာနဲ့ စံ အများကြီးကွာဟနေလို့
မြန်မာတွေ အောင်မြင်မူမရသေးတာ ဆိုတဲ့စကားကိုလည်း သတိရမိပါတယ် ...
ဆရာပြောပြောနေတဲ့ မြန်မာ့စံတွေ မြင့်မားတယ် ဒါပေမဲ့ မြန်မာအများစုရဲ့ အပြုအမူတွေက မြန်မာနဲ့ စံ အများကြီးကွာဟနေလို့ မြန်မာတွေ အောင်မြင်မူမရသေးတာ ဆိုတဲ့စကားကိုလည်း သတိရမိပါတယ် ...

(၅)

ဆရာ

ဆရာက ရေခန်းတော့မယ့် ရေကန်လေးအကြောင်းပြောပြီးတော့ ဗိုလ်လောင်းကို မေးခွန်းမေးပါတယ်။ ငါးလိုလူ ဖြစ်ချင်လား၊ ဗျိုင်းလိုလူ ဖြစ်ချင်လား၊ ဂဏန်းလိုလူ ဖြစ်ချင်လားလို့မေးပါတယ်။  ဗိုလ်လောင်းက သေချာစဉ်းစားတယ်။ ငါးလိုလူလဲ မဖြစ်ချင်ဘူး၊ ဗျိုင်းလိုလူလဲ မဖြစ် ချင်ဘူး၊ ဂဏန်းလိုလူလဲ မဖြစ်ချင်ဘူး၊ အဓိကပြဿနာက ရေခန်းတာမို့ ရေဖြည့်ပေးတဲ့သူ ဖြစ်ချင်တယ်လို့ ပြောပါတယ်။ ဆရာလည်း ဗိုလ်လောင်းရဲ့အဖြေကို ကျေနပ်သွားပါတယ်။
(၆)
ဆရာ
တစ်ခါတစ်ခါပေးထားချက်နဲ့ မေးခွန်းအပေါ်မှာ မစဉ်းစားဘဲ ရွေးချယ်စရာနောက်တစ်ခု ပြောင်းလဲစဉ်းစားကြရတယ်နော်။ ပေးထားချက်နဲ့ မေးခွန်းက ငါး၊ ဗျိုင်းနဲ့ဂဏန်းပါ။ ဒါပေမဲ့ တကယ်စဉ်းစားသင့်တာက ရေခန်းတဲ့ပြဿနာပါ။ အဓိကပြဿနာက ရေခန်းတာမို့ ရေဖြည့်ပေးတဲ့ သူဖြစ်ချင်တယ်ဆိုတဲ့ အဖြေကို ဆရာ နှစ်သက်တာပါ။
(၇)
ဆရာ
၃၀.၄.၁၂ နေ့က လွတ်တော်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မိန့်ခွန်းပြောပါတယ်ဆရာ၊ သူပြောတာတွေထဲမှာ မြန်မာ့အတွေးအခေါ်ဖြစ်တဲ့ အောင်မြင်ခြင်းတရားလေးပါးအကြောင်း ပါပါတယ်။ ဆရာမကြာခဏ ပြောပြောနေတဲ့ အဓိပတိလေးပါးပါ။ ဆန္ဒ၊ ၀ီရိယ၊ စိတ်ဓာတ်နဲ့ ပညာပါ။ နိုင်ငံရေးဆန္ဒရှိတဲ့ ခေါင်းဆောင်မှု၊ ရလဒ်ကောင်းဖြစ်စေတဲ့ အားထုတ်မှုဝီရိယ၊ အပြုသဘော စိတ်ဓာတ်၊ စစ်မှန်တဲ့ ခေါင်းဆောင်မှုပညာတွေနဲ့ အောင်မြင်တဲ့ နိုင်ငံဖြစ်လာနိုင်ကြောင်း ပြောပါတယ်ဆရာ။ ပြီးတော့ သူလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်တဲ့ မြန်မာ့သားကောင်း ဦးသန့် အစဉ်အလာကို အတုယူကြိုးစားနေကြောင်း ပြောပြပါတယ်။
(၈)
ဆရာ
ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်က မြန်မာ့အတွေးအခေါ် တန်ဖိုးနဲ့  မြန်မာ့သားကောင်းဦးသန့်ရဲ့ တန်ဖိုးကို ဖော်ထုတ်ပြနေတာ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူစရာပါ။ ဆရာပြောပြောနေတဲ့ မြန်မာ့စံတွေ မြင့်မားတယ် ဒါပေမဲ့ မြန်မာ့အများစုရဲ့ အပြုအမူတွေက မြန်မာ့စံနဲ့ အများ ကြီးကွာဟနေလို့ မြန်မာတွေ အောင်မြင်မှု မရသေးတာဆိုတဲ့စကားကိုလည်း သတိရမိပါတယ်။ ပြီးတော့ ဆရာရဲ့ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်မှာ ရေးထားတာ ပြန်ဖတ်မိပါတယ်။ (၁)မြင့်မြတ်တဲ့ ဆန္ဒသို့ မဟုတ်ရည်မှန်းချက်၊ (၂)  မြဲမြံတဲ့ ဇွဲ၊ ၀ီရိယလုံ့လ၊ (၃) ခိုင်ခံ့ တည်ကြည်တဲ့စိတ်ဓာတ်၊ (၄) အခြေ အနေတွေကို မှန်မှန်ကန်ကန် ကြည် ကြည်လင်လင်မြင်နိုင်တဲ့အမြင်၊ ဆိုတဲ့ အောင်မြင်ရေးအခြေခံအကြောင်း တရားလေးပါး လူတိုင်းရှိဖို့ လိုအပ်ကြောင်း ရေးထားပါတယ်။
(၉)
ဆရာ
ဆရာက အောင်မြင်မှုနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို မိမိအားကိုးရမယ်ဆိုတာကိုလည်း ပုံပြင်ဇာတ်လမ်း အလင်္ကာနဲ့ ရေးထားပါတယ်။ တစ်ခါက ရွာတစ်ရွာမှာ ပညာရှိတစ်ဦး ရှိတယ်။ သူကလူတွေရဲ့ အခက်အခဲတွေ ဖြေရှင်းပေးလို့ နာမည်ကြီးတယ်။ မနာလိုတဲ့လူတစ်စုက ပညာရှိကို အရှက်ခွဲဖို့ ကြိုးစားတယ်။ ငှက်တစ်ကောင်ကို လက်မှာကိုင်ထားပြီး ငှက်အရှင်လား အသေလား မေးခွန်းမေးမယ်။ အရှင်လို့ပြောရင် လက်နဲ့ညှစ်သတ်ပြီး မှားတယ်အသေလို့ ပြောမယ်။ အသေလို့ ပြောရင်လဲ ငှက်ကိုလွှတ်လိုက်ပြီး မှားတယ် အရှင်လို့ ပြောမယ်။ ပညာရှိသာဆို တယ်မှန်အောင် မဖြေနိုင်ဘူးဆိုပြီး အရှက်ခွဲမယ်လို့ ကြံစည်ကြတယ်။ ဒီလိုနဲ့ ပညာရှိဆီ သွားကြတယ်။ ပညာရှိကို စီစဉ်တဲ့အတိုင်း မေးခွန်း မေးတယ်။ ပညာရှိပြန်ဖြေတာက သူတို့မျှော်မှန်းသလို အရှင်လို့လည်း မဖြေ၊ အသေလို့လည်း မဖြေ။ မောင်ရင်တို့ သဘောအတိုင်းပါလို့ ဖြေလိုက်တယ်။
(၁၀)
ဆရာ
ဆရာဆက်ရေးတာက ငှက်ရဲ့ သေမှုရှင်မူဟာ ကိုင်ထားသူရဲ့ လက်ပေါ် မူတည်နေတယ်။ ဒီလိုပဲ လူတစ်ယောက်ရဲ့ ဘ၀အောင်မြင်မှုနဲ့ ကျရှုံးမှုဟာ မိမိကိုယ်တိုင် ဖန်တီးတာဖြစ်တယ်။ မိမိဘ၀ဟာ မိမိလက်တွင်းမှာ ရှိနေတယ်။ မိမိဘ၀ကို မိမိကိုယ်တိုင် မြင့်မြတ်တဲ့ ဆန္ဒ သို့မဟုတ် ရည်မှန်းချက်၊ မြဲမြန်တဲ့ ဇွဲဝီရိယလုံ့လ၊ ခိုင်ခံ့တည်ကြည်တဲ့ စိတ်ဓာတ်၊ အခြေအနေတွေကို မှန်မှန်ကန်ကန် ကြည်ကြည်လင်လင် မြင်နိုင်တဲ့အမြင်၊ ဆိုတဲ့အောင်မြင်ရေး အခြေခံအကြောင်းတရားလေးပါးနဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ရမယ်လို့ ဆရာရေးထားပါတယ်။ ဒုက္ခရှေ့မှောက်ရောက်တဲ့ အခါတချို့လူတွေဟာ ချိုင်းထောက်ဝယ်တပ်ရပြီး တချို့လူတွေမှာတော့ အတောင်တွေ ပေါက်လာကြတယ်တဲ့၊ ဆရာ့ရဲ့ မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်းစာအုပ်မှာ ရေးထားတာပါ။
(၁၁)
ဆရာ
နိုင်ငံတစ်ငံရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုဟာ နိုင်ငံသားတွေရဲ့ လက်ထဲမှာပါ။ လက်ဆိုတာ ပေးလို့လဲရတယ် ယူလို့လည်းရတယ်။ လက်မရှိတဲ့သူဟာ ပေးလို့လည်းမရ ယူလို့လဲမရပါ။ လက်ဆိုတာ ယုံကြည်မှုရဲ့ သင်္ကေတပါ။
(၁၂)
ဆရာ
ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့က ဗုဒ္ဓမွေးနေ့၊ ဗုဒ္ဓဖြစ်တဲ့နေ့၊ ပရိနိဗ္ဗာန်စံတဲ့နေ့ပါ။ ဗုဒ္ဓစကားလုံးအဓိပ္ပာယ်က သိခြင်း ၊ ပွင့်ခြင်း၊ လင်းခြင်း၊ နိုးခြင်းပါ။ ရေခန်းတဲ့ ကဆုန်လမှာခန်းတော့မယ့် ရေကန်တွေကို ရေဖြည့်တဲ့သူတွေရှိမယ်ဆိုရင် ပြဿနာဆိုတာ ကြိုတင် ဖြေရှင်းရာရောက်မယ် ထင်ပါတယ်။
(၁၃)
ဆရာ
တစ်နေ့က ရခိုင်တိုင်းရင်းသူ လေးနှစ်ယောက် ရောက်လာပါတယ်။ တစ်ယောက်က နိုင်ငံခြားတက္ကသိုလ် စကောလားရှစ်လျှောက်ဖို့ ထောက်ခံစာ လာယူတာပါ။ တစ်ယောက်က အဖော်လိုက်ခဲ့တာပါ။ အဖော်လိုက်ခဲ့သူက မူလတန်းပြ ဆရာမလေးတစ်ယောက်ပါ။ဆရာမလေးက ကျွန်တော့စာအုပ်စင်က စာအုပ်တွေထဲက စာအုပ်တစ်အုပ်ကိုမြင်တွေ့ပြီး မေးခွန်းမေးပါတယ် ဆရာ။ စာအုပ်က ဆရာမောင်ထွန်းသူ မြန်မာပြန်တဲ့ ဂျပန်ဘာကြောင့် အောင်မြင်ခဲ့သလဲဆိုတဲ့ စာအုပ်ပါ။ မေးတဲ့မေးခွန်းက ဂျပန်က ဘာကြောင့် အောင်မြင်ခဲ့ပြီး မြန်မာ က ဘာကြောင့် မအောင်မြင်တာလဲတဲ့ ဆရာ။
(၁၄)
ဆရာ
ဂျပန်ရဲ့ အောင်မြင်မှုအကြောင်းကို စီးပွားရေးပညာ ပါမောက္ခ မိချိအိုမိုရီရှီမားက ရေးထားတာပါ။ မေဂျီခေတ် (၁ဂ၆၇ -၆၈) ကစပြီး ပညာရေး အဆင့်မြင့်မားအောင် ကြိုးစားခဲ့ကြပါတယ်။ ပညာရေးမြင့်မားတဲ့ အနောက်တိုင်းပညာရေးကို အားပေးခဲ့ပါတယ်။ အနောက်တိုင်းစွမ်း ရည်နဲ့ ဂျပန်စိတ်ဓာတ်လို့ ကြွေးကြော်ခဲ့ကြတယ်။ နိုင်ငံခြားသား ပညာရှင်များကိုလည်း ၀န်ကြီးဌာနအသီးသီးတွင် ခန့်အပ် အသုံးပြုခဲ့ပါတယ်။ တီထွင်မှုတွေလည်း အောင်မြင်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာ ကျည်ဆံအမြန်ရထား အောင်မြင်စွာ တီထွင်ပြေးဆွဲနိုင်ခဲ့ပါတယ်။  ကျည်ဆံရထားဆိုတာ ရန်ကုန်နဲ့ မန္တလေး၊ ၃ နာရီနဲ့ ရောက်နိုင်တဲ့ ရထားပါ။ စာအုပ်ရဲ့နောက်ကျောဖုံးမှာ ရေးထားတာက ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံတို့မှ အနှစ်သာရများကိုရယူပြီး ဂျပန်စိတ်ဓာတ်ဖြင့် အောင်မြင်ခဲ့တယ်လို့ ဆရာမလေးကို ပြောပြလိုက် ပါတယ်ဆရာ။ မြန်မာတွေကတော့ ကြိုးစားနေဆဲပဲလို့ ဖြေလိုက်ပါတယ်။
(၁၄)
ဆရာ
တစ်နေ့နေ့မှာတော့ မြန်မာပညာရှင် တစ်ဦးဦးကလည်း မြန်မာဘာကြောင့် အောင်မြင်ခဲ့သလဲဆိုတဲ့ စာအုပ်ရေးနိုင်မယ်လို့ မျှော်လင့်နေမိပါတယ် ဆရာ။ ဒီတစ်ခါ ကဆုန်လပြည့်နေ့  လမင်းကြီးဟာ ကမ္ဘာနဲ့ ပိုပြီးနီးလို့ ပိုပြီးကြီး၊ ပိုပြီးလင်းနေပါတယ်ဆရာ။ မဟာလမင်းနေ့ပါ ဆရာ။ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုတာ ဗုဒ္ဓစာပေမှာ အောင်ခြင်း မင်္ဂလာနေ့ တစ်နေ့ပါ။ မြန်မာမူမှာ လစန္ဒာဆိုတာ ဆန္ဒရဲ့ သင်္ကေတပါ။ ကြီးမားတဲ့ နိုင်ငံရေး မဟာဆန္ဒရှိတဲ့ သူတွေနေတဲ့ နိုင်ငံဟာ အောင်မြင်တဲ့ နိုင်ငံဖြစ်မယ်လို့ ကဆုန်လပြည့် မဟာလမင်းကို ကြည့်ရင်း တွေးနေမိပါတယ်ဆရာ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis