menu

Tuesday 8 May 2012

အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံခွင့်အတွက် ပွင့်လင်းစွာ တောင်းဆိုမှုများ ပြုလုပ်လာ


အမေရိကန် Caterpillar Inc. မှ ထုတ်လုပ်သော လယ်ယာသုံး ထွန်းစက်များကို နိုင်ငံခြားသို့တင်ပို့ရန် ဘယ်လ်တီမိုးရှိ ဒန်ဒေါ့ခ် ဆိပ်ကမ်းတွင် ရပ်နားထားသည်ကို ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်တွင် တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

တိုးပွားဖြစ်ထွန်းလာနေသည့် စီးပွားရေးတွင် ပါဝင်ခွင့်မရမည်ကို စိုးရိမ်နေကြ သည့် အမေရိကန်ကုမ္ပဏီများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို အဆုံးသတ်ရန် မေတ္တာ ရပ်ခံတောင်းဆိုထားကြသော်လည်း ၎င်းတို့မှာ မူဝါဒချမှတ်သူများနှင့် လူ့အခွင့်အရေးအုပ်စုများ၏ တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရသည်။
လူ့အခွင့်အရေးချိုးဖောက်သည်ဟု ဆိုသည့် နိုင်ငံစာရင်းတွင် နှစ်ပေါင်းများစွာ နှစ်စဉ်ထိပ်ဆုံးက ရပ်တည်နေသည့် သယံဇာတ ပေါများကြွယ်ဝရာ မြန်မာနိုင်ငံ၏ စီးပွားရေးလောကသို့ ၀င်ရောက် နိုင်ရေး ပွင့်ပွင့်လင်းလင်း ကြိုးပမ်းရန် အမေရိကန်ကုမ္ပဏီ အများစုမှာ မ၀ံ့မရဲဖြစ်နေကြပြီး ယင်းနိုင်ငံတွင်း စီးပွားရေး လုပ်ကိုင်နေကြသည့် ကုမ္ပဏီအချို့မှာတက်ကြွ လှုပ်ရှားသူများ၏ တုံ့ပြန်မှုနှင့် ရင်ဆိုင် နေရသည်။

သို့သော် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်ကစပြီး ပြုပြင်ပြောင်းလဲမှုများ စတင် ခဲ့ရာ ဝေဖန်သူများကိုပင် အံ့ဩသွားကြရစေပြီး မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှု အများစုကို ဥရောပ သမဂ္ဂနှင့် ကနေဒါနိုင်ငံတို့က ရပ်ဆိုင်းပေးခဲ့ပြီး ဂျပန်နိုင်ငံကလည်း အကူအညီများ စတင်နေပြီဖြစ်သည်။
အနောက်အုပ်စု၏ စီးပွားရေးပိတ် ဆို့မှု ပြုလုပ်ထားသည့် နှစ်ပေါင်း ၂၀ အတွင်း တရုတ်နိုင်ငံသည် မြန်မာ့ စီးပွားရေးတွင် ကြီးမား သည့် ကဏ္ဍမှ ပါဝင်ခဲ့သည်။
အမေရိကန်သမ္မတ ဘာရက်အို ဘားမားထံသို့ ပေးပို့ထားသည့် စာတစ်စောင်တွင် နိုင်ငံတွင်း အမေရိကန် ခရက်ဒစ်ကတ် သုံးခွင့် ပေးခြင်းကဲ့သို့သော စီးပွားရေးပိတ်ဆို့မှုအနည်းငယ် လျှော့ချပေးခြင်းမျိုးထက် ပိုသည့် ကြေညာမှုများ ပြုလုပ်ပေးရန် အမေရိကန် အစိုးရကို 'ကန်'စီးပွားရေးသမားအုပ်စုက မေတ္တာရပ်ခံတောင်းဆိုထားသည်။
"တခြားသူတွေကို ချန်လှပ်ထားပြီး တကယ်လုပ်သင့်တဲ့ အမေရိကန်ကုမ္ပဏီတွေကိုမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံခွင့် ပေးလိုက်ခြင်းဟာ မြန်မာနိုင်ငံမှာ အဲဒီ လုပ်ငန်းတွေ တိုးတက်ကြီးပွားဖြစ်ထွန်းလာမှာကို အဟန့်အတားဖြစ်စေမှာ မဟုတ်ပါဘူး" ဟု အမေရိကန် ကုန် သည်ကြီးများအသင်း၊ အမေရိကန် ရေနံလုပ်ငန်း၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီနှင့် အခြားအဖွဲ့အစည်းများက လက်မှတ် ရေးထိုးထားသည့် မေတ္တာရပ်ခံချက်တွင် ဖော်ပြထားသည်။
"ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေက အစကတည်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့အတွက် ဒီဟာကွက်တွေကို သူတို့နေရာ ယူသွား လိမ့်မယ်ဆိုတာ ရှင်းပါတယ်။ အမေရိကန်အလုပ် သမားတွေရမယ့် အလုပ်အကိုင်အခွင့် အလမ်းတွေလည်း အာရှနဲ့ တခြားနိုင်ငံကသူတွေအတွက်ပဲ ဖြစ်သွားမယ်" ဟု ယင်းစာတွင် ဖော်ပြထားသည်။
ဆောက်လုပ်ရေးနှင့် လယ်ယာထွက် ကုန်ပစ္စည်းများရောင်းဝယ်တပ်ဆင်ရေး ကုမ္ပဏီဖြစ်သော Caterpillar Inc. မှ အုပ်ချုပ်ရေး ဆိုင်ရာ ဒါရိုက်တာ ကလေးသောမ်ဆင်န်က မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံများဆောက် လုပ်နေချိန်ဖြစ်ရာ ၎င်းတို့အတွက် ခိုင်မာသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် နာမည်ပျက်စာရင်းဝင် စီးပွားရေးလုပ်ငန်းများ သို့မဟုတ် လုပ်ငန်းရှင်များနှင့် ပတ်သက်မှုကို ကန့်ကွက်ထားခြင်းအား Caterpillar အနေဖြင့် ထောက်ခံသော်လည်း ယင်း လုပ်ရပ်သည် ၎င်းတို့ရရှိမည့် စီးပွားရေး ကို မဟာပြိုင်ဘက် တရုတ်ကုမ္ပဏီများသို့ မုချပေးအပ်လိုက်ရခြင်း ဖြစ်သည်ဟု သောမ်ဆင်န်က ပြောသည်။
"ဒီလို ပိတ်ဆို့မှုတွေဟာ ပြုပြင် ပြောင်းလဲမှုတွေဖြစ်လာစေဖို့ ပိုပြီးတော့တောင် အဟန့်အတားဖြစ်စေတယ် ဆိုတဲ့အချက်ကို ကျွန်တော်တို့မြင်လာကြပါပြီ"ဟု ၎င်းက အေအက်ဖ်ပီကို ပြောပြသည်။
"နိုင်ငံတစ်နိုင်ငံက ပြုပြင်ပြောင်းလဲသူတွေ တကယ်လိုအပ်တဲ့အရာက စီးပွားရေးတိုးတက်မှုပါ။ တကယ်လို့ အမေရိကန် ကုမ္ပဏီ တွေကို မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံခွင့်နဲ့ စီးပွားရေးအရ အကူအညီတွေပေးခွင့်ပြုလိုက်ရင် အဲဒီနိုင်ငံရဲ့ စီးပွားရေးလည်း တိုးတက် လာမှာပါ" ဟု ၎င်းက ပြောသည်။
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆက်ဆံရေးသည် သံခင်းတမန်ခင်းအရ ရှေ့တန်းတွင် ရှိနေပြီး မြန်မာနိုင်ငံ၏ နှစ်ရှည်လများ ထီးတည်းရပ်တည်နေခြင်းကို အဆုံးသတ်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၉ ခုနှစ်တွင် ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ သည်။
ပြီးခဲ့သည့်နှစ်ကစပြီး နိုင်ငံ့တာဝန်ကိုယူခဲ့သည့် သမ္မတဦးသိန်းစိန်သည် အကျဉ်းသားများ လွှတ်ပေးခြင်း၊ အတိုက်အခံများနှင့် ဆွေးနွေးခြင်းနှင့် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နှင့် နေခဲ့ရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါလီမန် ရွေးကောက်ပွဲဝင်ခွင့်ပေးခြင်း စသည့် ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည်။
အမေရိကန်ကုမ္ပဏီများတွင် မှန်ကန်သည့် တန်ဖိုးရှိပြီး အုပ်ချုပ်မှုတွင် ပြုပြင် ပြောင်းလဲမှုများပြုလုပ်ရန် အထောက် အကူဖြစ်စေ ကြောင်း တစ်ဖက်က ပြောကြားခဲ့သကဲ့သို့ အမေရိကန်အစိုးရသည် ပြောင်းလဲမှုကို သတိဖြင့် စဉ်းစဉ်း စားစားလုပ်လိုကြောင်းနှင့် စီးပွားရေး ပိတ်ဆို့မှုများကို တစ်ခုမကျန်ရုပ်သိမ်းရန် စီစဉ်မထားကြောင်း အရှေ့အာရှ ဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ပြောသည်။
အိုဘာမားထံ ပေးပို့သည့်စာတွင် လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ နှင့်အမေရိကန် အလုပ်သမားသမဂ္ဂ (AFLCIO) အပါအ၀င် လူ့အခွင့်အရေး အဖွဲ့များလည်း ပါဝင်သည်။
စီးပွားရေးပိတ်ဆို့မှုများကို အဆင့် လိုက်လျှော့ချပေးရာတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ လူနည်းစု မျိုးနွယ်စုများ၏ နယ်မြေများမှ ပဋိပက္ခများ အဆုံးသတ်ရေးနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တရားမျှတမှုရှိရေး အပါအ၀င် သတ်မှတ်ထားသည့် ရည် မှန်းချက်သို့ သိသိသာသာ ရောက် မရောက်ချိန်ထိုးပြီး လျှော့ချပေးရမည်ဟု အဆိုပါအုပ်စုက ပြောကြားခဲ့သည်။
အမေရိကန် ကုမ္ပဏီတချို့သည် မြန်မာနိုင်ငံတွင် ယခင်ကတည်းက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ မှုများမစတင်မှီ အမေရိကန်ကုမ္ပဏီများကို ပေးထားသည့် ခွင့်ပြုချက်အရ Chevron ၏ လုပ်ငန်းခွဲ တစ်ခုသည် ပြင်သစ် Total ကုမ္ပဏီက လုပ်ကိုင် လျက်ရှိသည့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းတွင် ရှယ်ယာ အနည်းငယ် ပါဝင်ထားသည်။
ပြီးခဲ့သည့်နှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည့် မြန်မာနိုင်ငံ၏စီးပွားရေးသည် နိုင်ငံခြားဝင်ငွေများကြောင့် ယခုနှစ်တွင် ခြောက်ရာခိုင်နှုန်းအထိ တိုးလာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားသည်။
နိုင်ငံခြားငွေသားများသည် နိုင်ငံတွင်း အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေးနှင့် ၎င်း၏ အခွန်ငွေ ကောက်ခံနိုင်သည့် ဇာစ်မြစ် များပြားလာစေရေးစသည့် အရေးပါသည့် ကိစ္စများကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံကို အခွင့် အလမ်းတစ်ရပ်ပေးခြင်း ဖြစ်သည်ဟု မနီလာအခြေစိုက်ဘဏ်၏ ဘောဂဗေဒ ပညာရှင်ကြီး Changyong Rhee က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
"တကယ်လို့ နိုင်ငံခြားငွေလုံးငွေရင်းကိုပဲ အားထားနေမယ်ဆိုရင် ဘာဖြစ်လာမယ်ဆိုတာကို သိမှာမဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံခြား ငွေလုံးငွေရင်းဟာ ပြည်တွင်းသယံဇာတ ထုတ်ဖော်အသုံးချရေးအတွက် အချိန်အတိုင်းအတာ တစ်ခုတော့ ပေးမှာပါ"ဟု ၎င်းက ပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis