menu

Tuesday 8 May 2012

ရွှေဖီမြေမှ ကြိုဆိုနှုတ်ခွန်းဆက်သပါသည်(ဝေကြီး)

နှစ်ကာလကြာရှည်စွာ မိဘဘိုးဘွား အစဉ်အဆက်ကတည်းက လုပ်ကိုင်လာတဲ့ ရိုးရာလက်ဖက်လုပ်ငန်းအပေါ် စိတ်ပျက်လာကြတာ ခြံရှင်အချို့ အခြားဝင်ငွေကောင်းတဲ့ သီးနှံအမျိုးမျိုးနဲ့ ပြောင်းလဲစိုက်ပျိုးလုပ်ကိုင်ဖို့အထိ ဖြစ်လာပါတယ်။ ထိုကဲ့သို့ အခြေအနေမှာ တရုတ်က'ဂျူတီမဲ့' အချိုခြောက်တွေဝင်လာတာမို့ . . .

၂၀၁၂ ရှမ်း/မြောက် လက်ဖက်ဒေသ 'ရွှေဖီ' လက်ဖက်ရာသီအချိန် ပြီးပါပြီ။ ဒါကြောင့် မတ်လဆန်းကတည်းက ရွှေဖီလက်ဖက်ခူးဖို့ တက်လာတဲ့ မြေပြန့်၊ မြေလတ်ဒေသက လက်ဖက်ခူးသမားတွေ အခုအခါ လက်ဖက်တောင်တွေဆီကနေ ပြန်ဆင်းလာကြပါပြီ။ ကျန် လက်ဖက် ရာသီများဖြစ်တဲ့ 'ခါးကန်ဦး' ရာသီ (ဧပြီ-မေ)'ခါးကန်'ရာသီ(ဇွန်) 'ခါး ဟွယ်'(ဇူလိုင်)'ခါးနှိုင်း'(သြဂုတ်-စက်တင်ဘာ)စသဖြင့် နောက်ဆုံး ဒီဇင်ဘာ 'နှင်းဘတ်'ရာသီအချိန်ထိ ဒေသခံတွေ ဆက်လက် ဆွတ်ခူးလုပ်ကိုင်ကြမှာပါ။


ခါတိုင်းနှစ်တွေထက် ယခုနှစ် လက်ဖက်ခူးတက်သူ ထက်ဝက်ခန့် လျော့ကျသွားပါတယ်။ နယ်မြေ အေးချမ်းမှုနဲ့ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုနေတဲ့သတင်းကြောင့် လက်ဖက်ခူးလုပ်သား အတော်များများ တက် မလာရဲကြတာ ဖြစ်ပါတယ်။ သည့်အတွက် လက်ဖက်ခြံရှင်တွေ နစ်နာကြရ ပါတယ်။ ရှမ်း/မြောက် လက်ဖက်ဟာ နှစ်စဉ် မတ်လတတိယပတ် (ရွှေဖီချိန်)မှစပြီး ဒီဇင်ဘာလအထိ ကိုးလထွက်ပါတယ်။ ကျန်သုံးလမှာ လက်ဖက်ရွက်နု မထွက်ပါဘူး။
မတ်လ ၂၀ ရက်ဝန်းကျင်မှ အစပြုကာ သွေးသစ်လောင်းပြီး အဆီအနှစ် ပြည့်ဝစွာနဲ့ ဦးဆုံးထွက်လာတဲ့ 'ရွှေဖီ' လက်ဖက်ဟာ အနံ့အရသာ အရည်အသွေးနဲ့ သောက်ရည်အရောင်အဆင်း အကောင်းဆုံးဖြစ်ပြီး ကမ္ဘာ့ဘယ်ဒေသထွက် လက်ဖက်နဲ့မှ နှိုင်းယှဉ်လို့ မရဘူးလို့ ဆိုပါတယ်။ သို့နှင့်အမျှ ဆိုခဲ့တဲ့ ပထမရွက်ရွှေဖီကို ရာသီအမီ နိုင်နိုင်နင်းနင်း မဆွတ်ခူးနိုင်ရင် တစ်နှစ်လုံး လက်ဖက်အထွက် ထိခိုက်ပါတယ်။
ကျောက်မဲ၊ နမ့်ဆန်ပတ်ပတ်လည် မိုင် ၅၀၊ ၆၀ ကျော် လက်ဖက် တောင်တွေချည်းဖြစ်ရာ လက်ဖက်လုပ်ငန်းဟာ ဒေသအကျိုးစီးပွားအတွက် အဓိက ကျောရိုးဖြစ်ပါတယ်။ အခြား စိုက်ပျိုးသီးနှံမဖြစ်ရင် ဘာမှ မပြောပလောက်ပေမယ့် လက်ဖက်လုပ်ငန်းမကောင်းရင် ဒေသဖွံ့ဖြိုးတိုး တက်မှု ထိခိုက်ကျဆင်းစေပါတယ်။
လက်ဖက် စိုက်ပျိုးခြင်းလုပ်ငန်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ပလောင် (ခေ) တ-တိုင်းရင်းသား အများစု လုပ်ကိုင်တဲ့ ဓားမဦးချ လုပ်ငန်းဖြစ်ပါတယ်။ လက်ဖက်နဲ့ပလောင်၊ ပလောင်နဲ့လက်ဖက် ဘယ်လိုမှ ခွဲခြားလို့ မရတဲ့ မိရိုးဖလာ ရိုးရာလုပ်ငန်း ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်က လက်ဖက်(စို) ဆိုးဆေးကိစ္စနဲ့ နာဂစ်လေဘေးကိစ္စကြောင့် လက်ဖက်လုပ်ငန်း အခြေအနေမကောင်းခဲ့တာ လေးနှစ်ဆက်တိုက် ရှိခဲ့ပါတယ်။ သိသာထင်ရှားတဲ့ အကျိုးဆက်ကတော့ တောင်ပေါ်က လူငယ်၊ လူရွယ်အတော်များများ ပြည်တွင်း၊ ပြည်ပယာယီရွှေ့ပြောင်း အလုပ်သမားဘ၀ ရောက်ခဲ့ကြရပါတယ်။ အထူးသဖြင့် နှစ်ကာလကြာရှည်စွာ မိဘဘိုးဘွားအစဉ်အဆက်ကတည်းက လုပ်ကိုင်လာတဲ့ ရိုးရာလက်ဖက်လုပ်ငန်းအပေါ် စိတ်ပျက်လာကြတာ ခြံရှင်အချို့ အခြားဝင်ငွေကောင်းတဲ့ သီးနှံအမျိုးမျိုးနဲ့ ပြောင်းလဲစိုက်ပျိုး  လုပ်ကိုင်ဖို့ အထိ ဖြစ်လာပါတယ်။ ထိုကဲ့သို့ အခြေအနေမှာ တရုတ်က 'ဂျူတီမဲ့' အချိုခြောက်တွေ ၀င်လာတာမို့ ပြည်တွင်း အချိုခြောက်လုပ်ငန်းရှင်တွေ ထိခိုက်ပြီး နိုင်ငံတော်အခွန်လည်း နစ်နာခဲ့ရပါတယ်။ ဆိုခဲ့သလို လေးနှစ်ဆက်တိုက် လက်ဖက်လုပ်ငန်း အခြေအနေ မ ကောင်းခဲ့ရာက ၂၀၁၂ နှစ်ဆန်းမှာ အနည်းငယ် ဦးမော့လာပါတယ်။ ဆိုရရင် ယခင်နှစ်လက်ကျန်လက်ဖက် (ရွက်ဟောင်း) မရှိသလောက်တဲ့အထိ အောက်ဝယ်လက် အဆွဲများခဲ့ကာ လက်ဖက်ဈေးမှာ အခြောက်တစ်ပိဿာ ကျပ် ၄၅၀၀၊ အချိုခြောက် တစ်ပိဿာကျပ် ၅၀၀၊ လက်ဖက်(စို)တစ်ပိဿာ ကျပ် ၁၂၀၀ အထိ ဖြစ်ခဲ့ပါတယ်။ လက်ဖက်ရဲ့သဘာဝမှာ သက်တမ်း တစ်နှစ်၊ တစ်နှစ်ခွဲကျော်ရင် သူ့ရဲ့ ပင်ကိုယ်အာနိသင်လျော့ကျဆုံးရှုံး သွားတတ်ပါတယ်။
လက်ဖက်ခူးသမားတွေအဖို့ယခု နှစ် ရွက်စိမ်းတစ်ပိဿာ ကျပ် ၉၀၀၀ မှကျပ် ၁၀၀၀၀ အထိ ရကြပါတယ်။ လုပ်အားခအဖြစ်ဆွတ်ခူးရရှိတဲ့ လက် ဖက်အပေါ်ခြံပိုင်ရှင်နဲ့တစ်ယောက် တစ်ဝက်ဆီအညီအမျခွဲယူရပါတယ်။ ရွှေဖီရာသီမှာ ရွက်စိမ်းသုံးပိဿာ၊ သုံးပိဿာခွဲခူးရင်လက်ဖက်ခြောက် -အချိုခြောက်တစ်ပိဿာရရှိပြီး နောက်ပိုင်းရာသီတွေမှာ ရွက်စိမ်း လေးပိဿာ၊ လေးပိဿာကျော်ကျော်ခူးမှ တစ်ပိဿာရပါတယ်။
နှစ်ကာလကြာရှည်စွာ မိဘဘိုးဘွား အစဉ်အဆက်ကတည်းက လုပ်ကိုင်လာတဲ့ ရိုးရာလက်ဖက်လုပ်ငန်းအပေါ် စိတ်ပျက်လာကြတာ ခြံရှင်အချို့ အခြားဝင်ငွေကောင်းတဲ့ သီးနှံအမျိုးမျိုးနဲ့ ပြောင်းလဲစိုက်ပျိုးလုပ်ကိုင်ဖို့အထိ ဖြစ်လာပါတယ်။ ထိုကဲ့သို့ အခြေအနေမှာ တရုတ်က'ဂျူတီမဲ့' အချိုခြောက်တွေဝင်လာတာမို့ . . .
ဒါကြောင့် ဆွတ်ခူးလို့ မနိုင်လောက်အောင် လှိုင်လှိုင်ထွက်တဲ့ ရွှေဖီချိန်ထွက် ရွှေဖီလက်ဖက်ကို မိမိနေရပ်အထိသယ်မလား၊ တောင်ပေါ်မှာ ပင်ပေါက်ရာဈေးနဲ့ ရောင်းပြီးပြန်မလား စသဖြင့် အိမ်အပြန်ခရီးမှာ မိမိတို့ အဆင်ပြေသလိုဖြစ်ပါတယ်။ လက်ဖက်စိုက်ရင် လက်ဖက် ထွက်ပေမယ့် ထွက်တဲ့လက်ဖက်တိုင်း တန်းဝင်စံမီတဲ့ လက်ဖက်လို့ မပြောနိုင်ပါဘူး။ ရှမ်း/မြောက်လက်ဖက်ဟာ တောင် (ဒေသ)အလိုက် ရာသီဥတုအချိန်ကာလ အလိုက် လက်ဖက်အရည်အသွေး အဆင့်အတန်းအလိုက် (ဈေးနှုန်းမှအစ)အနည်းနဲ့အများ ဆိုသလို ကွဲပြားပါတယ်။ ခွဲခြားပါတယ်။ တောင်အလိုက်ဆိုတာ အတွင်းတောင်၊ အပြင်တောင်၊ တောင်လတ်ဆိုပြီးရှိရာ အကြမ်းဖျင်းအားဖြင့် တောင်တွေရဲ့ မြေအချိုး၊ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်၊ ရေထုသိပ်သည်းမှု၊ စိုထိုင်းစ၊ ရေအဆင့်အတန်း(ထုံးဓာတ်ပါဝင်မှု အနည်းအများ) စတာတွေအပေါ် ကွဲပါတယ်။ တောင်ချင်းတူစေဦးတော့ မနက်ခင်း (တက်နေ) ကျတဲ့ခြံ၊ ညနေခင်း (ကျနေ)မိတဲ့ခြံစသဖြင့် နေလမ်းကြောင်း သက်ရောက်မှုအပေါ် မူတည်ပြီး လက်ဖက်အရသာ အရည်အသွေး ကွာပါတယ်။ နောက်ပြီး တစ်ရက် (တစ်နေ) တည်းနဲ့ ခြောက်တဲ့ လက်ဖက်ခြောက်ဟာ ပိုကောင်းတယ်လို့ ဆိုပါတယ်။
ရာသီအလိုက်ဆိုတာ မိုးမကျခင်ထွက်တဲ့ ရွှေဖီဦး၊ ရွှေဖီ၊ ခါးကန်ဦးရာသီလက်ဖက်၊ မိုးကျပြီးထွက်တဲ့ ခါးကန်၊ ခါးနှိုင်း၊ ခါးတွက်ရာ သီလက်ဖက်၊ နှင်းရည်သောက်ပြီးထွက်တဲ့ နှင်းတက် ရာသီလက်ဖက်စ သဖြင့် လက်ဖက်(ရွက်)ပုံသဏ္ဍာန် အတိုအရှည်၊ အရွက်အထူအပါးစသ ဖြင့် ကွဲပါတယ်။ ရှေးက လက်ဖက်ပွဲစား၊ ပွဲကတော်များဟာ လက်ဖက်ခြောက်ကို လက်နှစ်ဖက်မှာထည့်ပြီး နှာခေါင်းနားကပ် ခပ်ပြင်းပြင်းရှုရုံနဲ့ ဘယ်တောင်ကလာတဲ့ လက်ဖက်၊ ဘယ်ရာသီထွက်လက်ဖက်ဆိုတာ အတတ်ပြောဆိုနိုင်ကြပါတယ်။  မြန်မာနိုင်ငံရဲ့ လက်ဖက်မြို့တော်လည်းဖြစ်၊ ပလောင်(တအောင်း) တိုင်းရင်းသားတွေရဲ့ မြို့တော်လည်းဖြစ်တဲ့ နမ့်ဆန်မြို့ (ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့်ပေ ၅၃၃၂) ဟာ မြန်မာနိုင်ငံရဲ့ မူလလက်ဖက်မျိုးစေ့ စတင်စိုက်ပျိုးရာ ဒေသလို့ ဆိုပါတယ်။

'အင်္ဂတိဒေ၀'၊ 'ဇေယျ'၊ 'သကြူ' 'ဘာနူဒိဗ္ဗ' ဘီလူးညီနောင်လေးဦးထံ မှ နိုလဗီဇ (ခေါ်) ရသတီ နတ်သစ်စေ့ရရှိထားတဲ့ မဏိစည်သူမင်းကြီးဟာ ပလောင်တွေ အစဉ်အဆက် စိုက်ပျိုးစားသောက်နိုင်ရန်အတွက် ပလောင်အကြီးအကဲ 'တာငွန်း'ကို ဆုလာဘ်တော်အဖြစ် ပေးခဲ့ပါတယ်။ ထိုသို့ စတင်ပေးသနားရာမှ လက်ဖက်မျိုး စတင်ပေါက်ဖွားရာ ဒေသဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မွေးတော့လည်း လက်ဖက်တောမှာမွေး၊ သေတော့လည်း လက်ဖက်ပင်ခြေရင်းမှာသေတာ ပလောင်လူမျိုးတွေပါ။

ရှစ်မျက်နှာတခွင် မြင့်မြင့်မားမားနဲ့ နိမ့်ချီမြင့်ချီ အစီအရီ သွယ်တန်းလျက်ရှိတဲ့ မှိုင်းညို့ညို့ တောင်စဉ်တောင်တန်းတွေ လက်ဖက်စိုက်ခင်းနဲ့ ချယ်ရီပင်တွေ တောင်ယာတဲတွေဟာ စိတ်လှုပ်ရှားဖွယ်အတိနဲ့ ရှုမငြီးအောင်လှပတဲ့ သက်ငြိမ်ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်ပါတယ်။အိမ်လွမ်းစိတ်နဲ့ ဆူဝေနေလျက်ရှိတဲ့ တောင်ပေါ်သားတွေအဖို့ တောင်ပေါ်အိမ်အပြန်ခရီးမှာ လှပြီးရင်း လှနေဆဲ ဖြစ်မှာပါ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis