menu

Tuesday 8 May 2012

အာရှ၏ စိုးရိမ်ဖွယ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဆယ်ခုစာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့ဟောင်း ပါဝင်နေ



ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေ အဖွဲ့ Global Heritage Fund က ထုတ်ပြန်ခဲ့သည့် အာရှမှ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမှု အမွေအနှစ် ဆယ်ခုစာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့ ပါဝင်နေကြောင်း သတင်းရရှိသည်။ မေလသုံးရက်နေ့က ထုတ်ပြန်ခဲ့သော အဆိုပါအစီရင်ခံစာတွင် ထိုင်းနိုင်ငံမှ အယုဒ္ဓယမြို့၊ ဖိလစ်ပိုင်နိုင်ငံမှ စန်တီယေဂိုခံတပ်ဟောင်း၊ တရုတ်နိုင်ငံမှ ပိုးလမ်းမမြို့တော် ဖြစ်သည့် ကတ်ရှ်ဂါမြို့ဟောင်း၊ ဘင်္ဂလားဒေ့ရှ်မှ Mahasthangarh ရှေးဟောင်းမြို့၊ အာဖဂန်နစ္စတန်မှ Mes Aynak ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း၊ မြန်မာနိုင်ငံမှ မြောက်ဦးမြို့၊ လာအိုနိုင်ငံမှ Plain of Jars ၊ ကမ္ဘောဒီးယားမှ Preah Vihear?၊ အိန္ဒိယနိုင်ငံမှ အကြီးဆုံးနှင့် ရှေးအကျဆုံး အမွေအနှစ် Rakhigari နှင့် ပါကိစ္စတန်မှ Taxila ရှေးဟောင်း တက္ကစီလာ လမ်းဆုံတို့ကို ဖော်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာမှာ အာရှတိုက်၌ တည်ရှိပြီး ပြန်လည်အစားထိုး မရနိုင်သော ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည့် ရှေးခေတ်ဗိသုကာ လက်ရာများရှိရာ နေရာဆယ်နေရာကို စာရင်းပြုစုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ရှေးကျပြီးနက်နဲ အဆင့်မြင့်သည့် အာရှယဉ်ကျေးမှုဗိသုကာ လက်ရာရတနာများသည် စီးပွားရေး ထွန်းကားကျယ်ပြန့်မှု၊ ခရီးသွား လုပ်ငန်းများ ရုတ်ခြည်းမြင့်တက်လာမှုနှင့် ပြုပြင် ထိန်းသိမ်းမှု နည်းပညာချို့တဲ့မှုတို့ကြောင့် ပျက်စီးဆုံးရှုံးမည့်ဘေးနှင့် ကြုံနေရသည့်အပြင် ဒေသတွင်းခိုးဝှက်လုယက်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်း ပျက်စီးနေကြရကြောင်း သိရသည်။
အဆိုပါ အစီရင်ခံစာဖြစ်သည့် Saving Our Vanishing Heritage ကို ၂၀၁၀ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများထဲမှ နေရာပေါင်း ၅၀၀ ကို အခြေခံ သုတေသနပြုလုပ်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မြောက်ဦးမြို့ကို ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ တွင် တည်ထောင်ခဲ့ပြီးနှစ်ပေါင်း သုံးရာကျော် တည်တံ့ခဲ့ကြောင်းနှင့် ရခိုင်သမိုင်းဆိုင်ရာ လက်ရာများနှင့် ယဉ်ကျေးမှုဗိသုကာလက်ရာများ အထွန်းကားဆုံး ပွားကြွယ်ဝဆုံး မြို့ဖြစ်သည်။ မြောက်ဦးမြို့မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်း က ပြုပြင်ထိမ်းသိမ်းမှု အားနည်းခဲ့ခြင်း နှင့် သဘာဝ ဘေးအန္တရာယ်တို့ကြောင့် ရှေးဟောင်း စေတီပုထိုးတော်များ ပျက်စီးနေခဲ့ကြောင်းလည်း သိရှိရပါသည်။
မြောက်ဦးမြို့မှ ဘုရားပုထိုးတော်များ၊ ဗိသုကာလက်ရာများမှာ မြို့ပြဖွံ့ဖြိုးမှု အတွက် ဖျက်ဆီးခံရခြင်း၊ ပြုပြင်ထိန်းသိမ်းကာကွယ်မှု လုံလောက်စွာမရှိခြင်းနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ပျက်စီး ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း သိရသည်။
“မြောက်ဦးမြို့ကို စိုးရိမ်စရာ စာရင်းထဲမှာ တွေ့ရတာ စိတ်မကောင်းပါဘူး။ အမှုမဲ့အမှတ်မဲ့ နေလာခဲ့တာ ကမ္ဘာကထောက်ပြမှ ရင်နာမဆုံးဖြစ်ရပါတယ်။ ဒီထက်မပျက်စီးရအောင် ကာကွယ်တားဆီး ဖို့ တစ်မျိုးသားလုံးမှာ တာဝန်ရှိနေပါပြီ။ နိုင်ငံခြားသားခရီးသည်များ ၀င်ရောက်တာတွေ ရှိပေမယ့် ထိန်းသိမ်းမှုမပြုနိုင်တဲ့ ရှေးဟောင်းစေတီတွေ၊ ဘုရားဆင်းတုတော်တွေ ဟာ မြင်မကောင်းအောင် တွေ့နေပါတယ်။ နောက်ပြီး သမိုင်းဝင်နေရာတွေမှာ လမ်းတွေဖောက်လုပ်တာတို့ အဆောက်အဦးတွေ ဆောက်လုပ်တာတို့ဟာလည်း ရှေးဟောင်း လက်ရာတွေ ပျက်စီးဖို့ဖြစ်လာတာပေါ့။ တချို့ဘုရာဆင်းတုတော်တွေဆို မြင်မကောင်းအောင် ဖြစ်နေပြီးတော့ ဗိသုကာဆိုင်ရာလက်ရာတွေ ဆိုလည်း သစ်ပင်ချုံနွယ်တွေ တက်ပြီး လုံးဝပျက်စီးမယ့် အန္တရာယ်တွေ ရှိနေပါတယ်” ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis