menu

Sunday 6 May 2012

တရုတ်နှင့် ရေပိုင်နက် အငြင်းပွားမှုများ မြင့်တက်ချိန်တွင် စစ်တပ်အတွက် ရေဒါ၊ ကင်းလှည့်သင်္ဘောနှင့် လေယာဉ်များ ထောက်ပံပေးရန် အမေရိကန်ကို ဖိလစ်ပိုင် တောင်းဆို




အမေရိကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ် ငါးဖမ်းနေသည့် ဖိလစ်ပိုင် ငါးဖမ်းသမားတစ်ဦး
တရုတ်နှင့် ရေပိုင်နက် အငြင်းပွားမှုများ မြင့်တက်ချိန်တွင် စစ်တပ်အတွက် ရေဒါစနစ်၊ ကင်းလှည့်သင်္ဘောနှင့် လေယာဉ်များ ထောက်ပံ့ပေးရန်အတွက် အမေရိကန်ကို တောင်းဆိုခဲ့ကြောင်း မေလ ၂ ရက်နေ့တွင် ဖိလစ်ပိုင်က ထုတ်ပြန်ခဲ့သည်။

အကြီးစား စစ်လက်နက်ပစ္စည်းများသည် ဖိလစ်ပိုင်နိုင်ငံ၏ လုံခြုံရေးအတွက် ကူညီပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန် အကြီးတန်းအရာရှိများနှင့် ၀ါရှင်တန်တွင် ပထမအကြိမ် ဆွေးနွေးမှု ပြုလုပ်ရာတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert del Rosario က ပြောကြားခဲ့သည်။


''ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတာလဲဆိုတာ သိဖို့လို အပ်တယ်။ ဒါဟာ ရေပိုင်နက်ဆိုင်ရာ သတိရှိမှုပါပဲ။ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာရှိတဲ့ ရေပိုင်နက်အတွင်းကို ၀င်ရောက်နှောင့်ယှက်မှုတွေကို ဟန့်တားဖို့လည်း လိုအပ်ပါတယ်''ဟု The Heritage Foundation အကြံပေးအဖွဲ့ ဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်၌ တရုတ်နှင့် အငြင်းပွားမှုများကို del Rosario က ရည်ညွှန်းပြောကြားခဲ့သည်။

စစ်လက်နက် ကိရိယာများ စာရင်းကို အမေရိကန်သို့ ပေးပို့ခဲ့ကြောင်း၊ အဆိုပါစာရင်းတွင် ကင်းလှည့်ရေယာဉ်၊ လေယာဉ်၊ ရေဒါစနစ်များနှင့် ကမ်းခြေစောင့် တပ်ချထားမှုများ ပါဝင်မည်ဖြစ်ကြောင်း၊ အခြားနိုင်ငံတကာဆိုင်ရာ မိတ်ဖက်နိုင်ငံများထံမှ အကူအညီကိုလည်း စောင့်မျှော်နေကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏ မိတ်ဖက်နိုင်ငံများဖြစ်သည့် ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် တစ်စုတည်း စုစည်းခဲ့ပြီး အဆိုပါနိုင်ငံများထံမှ ရေကြောင်းလုံခြုံရေး၊ လူသားချင်း စာနာထောက်ထားမှုကူညီမှုနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးအကူအညီများ ရရှိခဲ့သည်။

''အမေရိကန်ဟာ ဒေသတွင်းမှာ အင်အားကောင်းတဲ့ မဟာမိတ်တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ အနောက် ဖိလစ်ပိုင်ပင်လယ် စိုးရိမ်ပူပန်မှုဟာ အထူးစိန်ခေါ်မှုတွေ ရှိလာပါပြီ''ဟု del Rosario က ပြောကြားခဲ့သည်။
အမေရိကန်သည် ယခုနှစ် အတွင်းတွင် ဖိလစ်ပိုင်နိုင်ငံအတွက် စစ်ရေးရန်ပုံငွေကို သုံးဆနီးပါး ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Ref: AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis