၂၀၀၇ မော်ဒယ်အထက်ကားများကို ပါမစ်မလိုဘဲ တင်သွင်းခွင့်ပေးမည်ဟု သတင်းရရှိ၊ ရှစ်လအတွင်း မူဝါဒ ခြောက်ကြိမ်ပြောင်းလဲခြင်းဖြစ်
ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် တိုးလာမည့်
သိန်းနှင့်ချီသောကားအစီးရေဖြင့်ကိုက်ညီသည့် အခြေခံအဆောက်အအုံများ အဆင်သင့်
ဖြစ်၊မဖြစ် မူဝါဒချမှတ်သူများ ပြန်လည်တွက်ချက်သုံးသပ်သင့်
ကားပါကင်အခက်အခဲဖြစ်နေသည့် ရန်ကုန်မြို့တွင်းရှိ ဗိုလ်ဆွန်ပက်လမ်းအား တွေ့ရစဉ်
၂၀၀၇ ခုနှစ်မော်ဒယ်အထက် ကားများကို ပါမစ်မလိုဘဲ ကားတင် သွင်းခွင့်ပြုသွားရန် မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာကြီးကြပ်မှုကော်မတီမှစီစဉ်ထားကြောင်း သတင်းရရှိပါသည်။
ဘဏ်စာရင်းဖွင့်လှစ်ခွင့်ပြုသည့် အသက်အရွယ်ရောက်ရှိသူ မည်သူ့ကိုမဆို
နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်းဖွင့်လှစ်ထားပါက အဆိုပါဘဏ်စာရင်းတွင်
ရှိသည့်ပမာဏမှာ ကားတင်သွင်းမှုအတွက် ကိုက်ညီသည့်ပမာဏ ရှိပါက ကားတင်သွင်းခွင့်ပြုသွားမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။ တင်သွင်းရာတွင် ကနဦးအနေဖြင့် ၂၀၀၇ မော်ဒယ်နှင့် အထက်ကားများကို တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး အခွန်နှုန်းမှာ လက်ရှိပြည်ပမှ ကားတင်သွင်းရာတွင် ကောက်ခံနေသည့် အခွန်နှုန်းအတိုင်း ကောက်ခံရန်စီစဉ်ထားကြောင်း၊ CIF ဈေးနှုန်းမှာလည်း လက်ရှိ ၂၀၀၇ မော်ဒယ်အထက် ကားဈေးနှုန်းများအတိုင်းသာ သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ မည်သည့်အချိန်တွင် စတင်မည်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ ပါမစ်မလိုဘဲ
ကားတင်သွင်းခွင့်ပေးမည့် အစီအစဉ်၊ Car Showroom နှင့် Car Sale Center
များ မည်သို့ရှေ့ဆက် လုပ်ဆောင်ရမည်ဆိုသည့် အစီအစဉ်များနှင့် ပတ်သက်၍
အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်းနှင့် သတင်းမီဒီယာများအား
ရှင်းလင်းမည့်အခမ်းအနားကို ၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့တွင် နေပြည်တော်၌
ကျင်းပမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။ ယခုနှုန်းဖြင့်
ခွင့်ပြုမည်ဆိုပါက မြန်မာနိုင်ငံတွင် လက်ရှိ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်အတွင်း၌ပင်
ကားအစီးရေသိန်းချီကာ တင်သွင်းလာနိုင်ကြောင်း၊
သိန်းနှင့်ချီကာတိုးပွားလာမည့် ကားအစီးရေဖြင့် ကိုက်ညီသည့်လမ်း၊
ကားပါကင်ကဲ့သို့သော အခြေခံအဆောက်အအုံများ အဆင်သင့်ဖြစ်မဖြစ်ကို မူဝါဒချမှတ်သူများ တွက်ချက်သုံးသပ် သင့်ကြောင်းကိုလည်း လမ်း၊ကားပါကင်နှင့်ပတ်သက်၍ လေ့လာထားသူများက ပြောကြားခဲ့သည်။ သို့သော် လက်ရှိတွင်မူ လမ်းနှင့်ကားပါကင်အား ဖော်ဆောင်မည့် အခြေအနေ၊ အစီအစဉ်များမှာ တိုးလာမည့် သိန်းဖြင့်ချီနိုင်သည့် ကားအစီးရေအတွက် အချိန်မီလုံလောက်မည့် အနေအထားမရှိနိုင်သေးကြောင်းလည်း သိရသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ခဲ့သည့်
ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေးနှင့် နိုင်ငံခြားငွေဖြင့်
အခွန်ပေးဆောင်ထားသူများ ကားသွင်းခွင့်ပေးသည့် အစီအစဉ်အရ တင်သွင်းလာသည့်
ကားအစီးရေမှာ ၈ လအတွင်း အစီးရေ ၄၀၀၀၀ ၀န်းကျင်သာ မြန်မာနိုင်ငံသို့ရောက်ရှိ သေးသော်လည်း ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုမှာ
ယခင်ကထက်နှစ်ဆနီးပါး မြင့်တက်လာခဲ့ပြီဖြစ်သည်ဟု လေ့လာထားသူများက
ပြောကြားခဲ့သည်။ ထပ်မံ၍ အစီးရေသိန်းချီကာ တိုးလာမည်ဆိုပါက ဆိုးရွားသည့်
ယာဉ်ကြောပိတ်ဆို့မှုကို ကြုံတွေ့ရမည်ဟုလည်း တွက်ချက်ထားကြသည်။ ရန်ကုန်မြို့တွင် လက်ရှိ လမ်း စုစုပေါင်း ၁၂၃၅၁ လမ်း၊ မိုင်ပေါင်း ၂၇၆၈ မိုင် ၂ ဖာလုံ ရှိပြီး ယာဉ်ရပ်နားစခန်းမှာ
မြို့တွင်းမြို့နယ်များတွင်သာ အဓိကရှိနေပြီး လက်ရှိတွင် ကားအစီးရေ ၃
သိန်းဝန်းကျင်သာ သွားလာနေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။ ကားအစီးရေ ၃ သိန်းဝန်းကျင် သွားလာနေသေးသည့် အနေအထား၌ပင် ရန်ကုန်၌ ဆင်ခြေဖုံးမြို့နယ်မှ မြို့တွင်း ၆ မြို့နယ်အထိ ယာဉ်ကြောမပိတ်သည့်နေရာ၊ ယာဉ်ကြောမကြပ်သည့် မြို့နယ်မရှိသလောက် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ်ဆို့မှုနှင့် ကားပါကင်ပြဿနာအပေါ် မြို့ခံတစ်ဦးက "အခုတိုက်ခန်းတွေမှာ
အောက်ထပ်နဲ့ အပေါ်ထပ် ကားရပ်ဖို့နေရာအတွက် ရန်ဖြစ်နေကြရတယ်။ ရုံးသွားရင်
မနှစ်က မိနစ် ၃၀ ကြိုပြီး အိမ်ကထွက်ရတယ်ဆိုရင် ဒီနှစ်
ကားသစ်တွေဝင်လာပြီးတဲ့နောက်မှာ
မိနစ် ၅၀၊ တစ်နာရီလောက် ကြိုထွက်ရတယ်။ ကားပိတ်မယ့်အချိန်ပါ
တွက်ပြီးသွားနေရတယ်။ ဘုရင့်နောင်လမ်းဆုံ၊ ဓမ္မစေတီလမ်းနဲ့
ဦးဝိစာရလမ်းဆုံနှစ်ခုတည်းကိုပဲ ဖြတ်ပြီးသွားရတာ။ ကျန်တဲ့လမ်းတွေကတော့
ကားရှင်းမယ့် လမ်းကြိုလမ်းကြားကနေ သွားရတာပေါ့" ဟု ပြောပြခဲ့သည်။ "အဓိကပြောချင်တာကတော့ လက်ရှိလှည်းတန်းခုံးကျော်တစ်ခု တည်ဆောက်တာတောင် ၄ လနဲ့ မပြီးဘဲ ၆ လလောက်မှ ပြီးစီးမယ်လို့ မှန်းရတယ်။ ရန်ကုန်၊ မန္တလေးမှာ လုံလောက်အောင် တည်ဆောက်မယ်ဆိုရင် အနည်းဆုံး အချိန်တစ်နှစ်နဲ့ အထက်ယူရမယ်။ ပြင်ဆင်တဲ့အချိန်မှာပဲ
ကားတွေသိန်းချီဝင်လာမယ်ဆိုရင်တော့ လမ်းပိတ်ဆို့မှုကို ဆိုးဆိုးရွားရွား
တွေ့ရနိုင်တယ်။ အခုကားသွင်းခွင့်ပေးမယ့် အစီအစဉ်က အရမ်းကောင်းတဲ့
ဖြစ်သင့်တာကြာပြီလို့ တွေးထားတဲ့အစီအစဉ်ပါ။ လုပ်ပေးတာကျေးဇူးတင်ပါတယ်။
ကားသွင်းခွင့်က မှန်ကန်တဲ့လမ်းကြောင်းကိုရောက်ပြီး လမ်းကမရှိဘူးဆိုရင်လည်း တစ်ချိန်မှာ
ပြဿနာရှိလာနိုင်ပါတယ်။ ကားနဲ့လမ်းက ဟန်ချက်ညီဖို့လိုတယ်။ ရန်ကုန်နဲ့
မန္တလေးက စည်ပင်သာယာအနေနဲ့ သိန်းချီဝင်လာမယ့် ကားတွေအတွက် လမ်း၊
ကားပါကင်အတွက် စီစဉ်ပြီးပြီလား။ လမ်းနဲ့ကားပါကင်အတွက် ဘယ်ဝန်ကြီးဌာနက
တာဝန်ယူပေးမလဲ။ ကားမူဝါဒချမှတ်တဲ့ ၀န်ကြီးဌာနတွေ အနေနဲ့ ဒါကိုအရင်စီစဉ်သင့်တယ်။ ပုဂ္ဂလိက ဆေးရုံဆေးခန်း၊ ရှော့ပင်းစင်တာတွေ ရှေ့မှာတောင် ကားပါကင်မပြည့်စုံသေးဘူး။ ဒါတွေပြည့်စုံအောင်လုပ်ဖို့ အစီအစဉ်ဘယ်လိုရှိကြသလဲ။ အဲလို ဖြစ်တဲ့အချိန်မှာ
လွတ်လပ်စွာ တင်သွင်းခွင့်ပြုမယ်ဆိုရင်တော့ ဒီအစီအစဉ်ဟာ
အရမ်းကောင်းတဲ့အစီအစဉ် ဖြစ်သွားလိမ့်မယ်လို့ထင်ပါတယ်။ လက်ရှိ ရန်ကုန်နဲ့
မန္တလေးအနေနဲ့ကတော့ ဒီလိုပြည့်စုံဖို့အချိန်အနည်းနဲ့ အများယူရလိမ့်မယ်လို့
ထင်ပါတယ်။ ဒီအချိန်မှာ သွင်းခွင့်ပြုရင်တော့ တင်သွင်းမယ့်သူတွေကို ဒုက္ခပေးသလိုဖြစ်မယ့် အနေအထားရောက်သွား ပါလိမ့်မယ်။ ဒါပေမယ့် လမ်းပြည့်စုံတဲ့ အချိန်မှာတော့ ကားသွင်းခွင့်ကို လွတ်လပ်စွာနဲ့ကို ခွင့်ပြုပေးရမှာပါ။ မပြည့်စုံသေးခင် အချိန်မှာတော့ ပြည့်စုံအောင် အများပြည်သူအတွက် အရင်လုပ်ပေးထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်
ကားသွင်းစီးမယ့် အများပြည်သူအပြင် လိုင်းကားနေ့တိုင်းတိုးစီးနေရတဲ့
အများပြည်သူကိုပါ အခက်အခဲအကြပ်အတည်းထဲကို ဆွဲထည့်သလို ဖြစ်နေပါလိမ့်မယ်။
ဒီအစီအစဉ်ကြောင့် အများပြည်သူ သက်သာရာမရဘဲ အခက်အခဲကြုံမှာမျိုးမဖြစ်ရအောင်၊
ဒီအစီအစဉ်ကို အကောင်အထည် ဖော်ပေးတဲ့အခါ ပြီးပြည့်စုံတဲ့အစီအစဉ်
ဖြစ်အောင်ဆိုရင်တော့ လမ်းနဲ့ ကားပါကင်ပြည့်စုံအောင်လုပ်ပါ။
ဒါတွေပြည့်စုံမှုရှိမရှိ မူဝါဒချမှတ်သူတွေအနေနဲ့
တွက်ချက်ကြည့်ပြီး အစီအစဉ်ရေးဆွဲသင့်တယ်"ဟု ရန်ကုန်မြို့နေ
မြို့ပြအင်ဂျင်နီယာဖြင့် ဘွဲ့ရထားသူတစ်ဦးကလည်း ပြောပြခဲ့သည်။
ယာဉ်ကြောပိတ်ဆို့မှုမြင့်တက်လာသည့် မန္တလေးမြို့မြင်ကွင်း
ကားတင်သွင်းခွင့်မူဝါဒ အပြောင်းအလဲအပေါ် "အကောက်ခွန်
ဒဏ်ကြေးအပြောင်းအလဲကြောင့် ကျွန်တော် ကျပ်သိန်း ၁၀၀ ကျော် နစ်နာခဲ့ရတယ်။
ကားစပြီးသွင်းခွင့်ပေးတဲ့ အချိန်ကစပြီး ကားအမျိုးအစား
ပြန်ပြင်ဆင်ထုတ်ပြန်တာ။ ကားမော်ဒယ်တွေ ပြန်ပြင်သတ်မှတ်တာ။ ကားဈေးနှုန်းတွေ ပြန်ပြင်သတ်မှတ်တာ။
သင်္ဘောသားနဲ့ အလုပ်သမားတွေကို အကုန်မပေးဘဲ ၃၀၀၀ ဆိုပြီး
အကန့်အသတ်နဲ့လုပ်တာ။ အကောက်ခွန်က ကားဒဏ်ကြေးတွေပြင်တာနဲ့ အခုကားကို
လွတ်လပ်စွာ တင်သွင်းခွင့်ပြုတာ စုစုပေါင်း ၆ ကြိမ်ပြင်ခဲ့တယ်။
နိုင်ငံနဲ့ပတ်သက်တဲ့ တခြားအရေးအရမ်းကြီးတဲ့ မူဝါဒတွေကို ချမှတ်မယ်ဆိုရင် ဒီလိုမကြာခဏ ပြောင်းရင် ဒုက္ခတွေမကြာခဏ ရောက်မှာစိုးလို့ တိကျတဲ့မူဝါဒမျိုးကို ရှေ့ဆုံးကတည်းက ချနိုင်အောင်ပညာရှင်တွေနဲ့ တကယ်တိုင်ပင်ပြီးမှ လုပ်ဖို့ပြောလိုပါတယ်။ မဟုတ်ရင်စိတ်ထင်တိုင်း ခဏခဏပြောင်းနေတာကြောင့် မဆိုင်တဲ့ပြည်သူကိုပါ ထိခိုက်လို့ပါ။ အခုလည်း လမ်းနဲ့ကားမျှတပြီလား အရင်တွက်ချက်ကြည့်ပြီးပါမှ စီစဉ်တာ အကောင်းဆုံးလို့ ပြောချင်တယ်"ဟု ကားတင်သွင်းခဲ့သူတစ်ဦးကလည်း ပြောကြားခဲ့ပါသည်။ ကားဝယ်ရောင်းတစ်ဦးမှလည်း "ဒီအစီအစဉ် ဖြစ်လာမယ်ဆိုရင်တော့ အရင်ဆုံးထိမှာက သင်္ဘောသား၊ နိုင်ငံခြားမှာ
အလုပ်သွားလုပ်တဲ့သူတွေပါ။ အဲဒီနိုင်ငံခြားငွေနဲ့ အခွန်ဆောင်ထားတဲ့ သူတွေက
လက်ရှိပါမစ်တစ်စောင်ကို သိန်း ၆၀ လောက်ရတာ။ အခုတော့အားလုံးနဲ့
တန်းတူဖြစ်သွားတော့ ပါမစ်ကြေးမရတော့ဘူးပေါ့။ ဒါနဲ့ဆက်နွယ်ပြီး
ကားဟောင်းဈေးကလည်း ကျပ်သိန်း ၁၂၀ ၀န်းကျင်လောက်အထိ ကျသွားနိုင်တယ်။
ကားဟောင်းဈေးကတော့ ဒီထက်ပိုပြီး မကျနိုင်ဘူး။ ကားဟောင်းအပ်တဲ့ ပါမစ်နဲ့မှ ၂၀၀၂ ကနေ ၂၀၀၆ မော်ဒယ်အတွင်းက ကားတွေစီးလို့ရမယ်။ ဆိုလိုတာက အများစီးနိုင်တဲ့ ကားတွေက ကားဟောင်းအပ်တဲ့ ပါမစ်နဲ့မှ စီးနိုင်မယ်။
ဒါကြောင့်လည်း ကားဟောင်းပါမစ်ဈေးက အရမ်းထိုးကျစရာမရှိဘူး။
အခုသွင်းခွင့်ပေးတာက ငွေရှိတဲ့သူ မော်ဒယ်မြင့်သွင်းပြီးစီးဆိုတဲ့
အနေအထားရောက်သွားလို့ပါ"ဟု သုံးသပ်ခဲ့ပါသည်။ "အခုကားတင်သွင်းမှုနဲ့ ပတ်သက်တာတာတွေက မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်လာတယ်လို့ ပြောလို့ရပေမယ့် မကြာခင်စီးပွားရေးမြို့တော် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ကားတွေကျပ်ပိတ်ပြီး သွားလို့လာလို့မရအောင် ဖြစ်လာတော့မယ်။ ဒီမြို့တွေရဲ့ အခြေခံအဆောက်အအုံအပိုင်းက နောက်ခြောက်လအတွင်းမှာ အများကြီးပြောင်းလဲသွားစရာ မရှိဘူး။ ဒါကြောင့် ဒီနှုန်းအတိုင်းသွားရင် နောက်ခြောက်လ တစ်နှစ်လောက်မှာ ကားတွေ သိန်းချီဝင်လာပြီး ထိုင်းမှာပြဿနာတက်သလို တစ်နေရာနဲ့ တစ်နေရာသွားဖို့ ယာဉ်ကြောကျပ်တာ ကြုံရလိမ့်မယ်။ ၉၀ ခုနှစ်ကာလတွေက ထိုင်းမှာကြုံခဲ့ရသလို ကားတွေကျပ်ပြီးတစ်နေရာနဲ့ တစ်နေရာသွားဖို့ နာရီဝက် တစ်နာရီ ကြာတာမျိုးတွေ ရန်ကုန်မြို့မှာ ဖြစ်လာမယ်ဆိုရင် နိုင်ငံခြားက ရင်းနှီးမြုပ်နှံသူတွေ စိတ်ပျက်သွားမယ်"ဟု ပြည်တွင်းကုန်ထုတ် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
ဦးဝိစာရလမ်းတစ်လျှောက်ယာဉ်ကြောပိတ်ဆို့နေမှုကို တွေ့ရစဉ်
"ကားကိစ္စမှာလည်း
အရင်တုန်းက Hiace ကို ဘက်စုံသုံးယာဉ်၊ Pajero ကို Myanmar Station Wagon
စက်မှုဇုန်ထုတ် ကားဆိုပြီးတော့ ပြည်သူတွေကို လိမ်လည်လှည့်ဖျားပြီး
ဈေးကြီးကြီးနဲ့ ရောင်းခဲ့တယ်။ ပေါ်လစီချခဲ့တာ အခုတာဝန်ရှိတဲ့သူတွေပါ။ အခု
ရှစ်လအတွင်းမှာ ပေါ်လစီခြောက်ကြိမ် ပြောင်းတာလည်း ဒီတာဝန်ရှိသူတွေပါပဲ။ အဲဒီတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမှာ
ဒီလို qualification မျိုးနဲ့ လုံးဝမဖြစ်နိုင်ပါဘူး။ နောက်ပြီးတော့လည်း
ခုံးကျော်တံတားကို လေးလနဲ့ပြီးအောင် ဆောက်မယ်ဆိုပြီးတော့ ဘီအိုတီစနစ်နဲ့
ငွေကောက်ဖို့ ကြံခဲ့တာပဲ။ ဒီလိုပြောသွားတာတွေ ဖြစ်လာလားဆိုတာတော့ ၇
လလောက်ရှိပြီ။ တခြားမကြည့်နဲ့ လှည်းတန်းခုံးကျော်တံတား တစ်ခုတည်းတောင်မှ အခုစဆောက်နေတာသုံးလရှိပြီ။ ခုထိဘာမှ ထူးခြားမလာသေးပါဘူး။ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖြေလျော့မှုတွေစတင်နေပါပြီ။ သက်ဆိုင်ရာ ကဏ္ဍတွေမှာ
policy maker ဖြစ်တဲ့ တကယ့်တာဝန်ရှိသူတွေရဲ့ Leadership Skill, Management
Skill မြှင့်တင်ဖို့ အရေးကြီးပါတယ်။ တကယ်ကိုအရည်အသွေးမြင့်တဲ့ အစိုးရ
ခေါင်းဆောင်တွေ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် ဘယ်လိုပဲနိုင်ငံရေး
အခြေနေကောင်းတွေ ရှိနေပါစေ ကောင်းမွန်တဲ့အသီးအပွင့်တွေကို ပြည်သူတွေခံစားရမှာ မဟုတ်ဘူး။ ဘာမဟုတ်တဲ့ ကားကိစ္စ အသေးအဖွဲလေးတွေတောင်မှ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေက ခဏခဏပါဝင်ပတ်သက်ပြီးတော့ မူဝါဒကို ရှစ်လအတွင်းမှာ ခြောက်ကြိမ်ပြောင်းလဲတယ်ဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ ပတ်သက်တဲ့ဟာတွေမှာ
ခုလိုပဲဆိုရင် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့
အချက်အလက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ အားလုံးပွင့်ပွင့်လင်းလင်း သိလိုပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဟာ
အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် လူမှန်နေရာမှန်ဖြစ်ဖို့ လိုပါတယ်။" Weekly Eleven News Journal ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။ EMG |
No comments:
Post a Comment