အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံပေါ်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေဟာ အတော့်ကို ရောယှက် ရှုပ်ထွေးနေတာကြောင့် ဘယ်တော့လောက် စောစော ရုပ်သိမ်းနိုင်မယ်ဆိုတာကို အတိအကျ မပြောနိုင်သေးဘူးလို့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်ကို အဆုံးသတ်ပြီး တဲ့နောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဗုဒ္ဓဟူးနေ့ညနေပိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂျင်မ် ၀က်ဘ်က အဲဒီလို ပြောသွားတာပါ။ ဒါပေမဲ့လည်း အခုအချိန်ဟာ အခွင့်အလန်းအတွက် အချိန်အခါကောင်းဖြစ်ပါတယ်လို့ သူကဆိုပါတယ်။ အပြည့်အစုံကို သတင်းစာရှင်းလင်းပွဲ ကိုယ်တိုင် သွားတက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက ဘန်ကောက်ကနေ သတင်းပေးပို့ထားပါ တယ်။
အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားတာတွေကို ဖယ်ရှားဖို့ လိုလားသူအဖြစ် သိထားကြတာကြောင့် သူ့ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်အပြီး အဓိက စိတ်ဝင်စားကြတဲ့မေးခွန်းက အရေးယူထားတာတွေကို ဘယ်လောက်မြန်မြန် ရုပ်သိမ်းနိုင်မလည်းဆိုတာပါပဲ။

မြန်မာနိုင်ငံပေါ် အမေရိကန်ကချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေဟာ အရင်တုန်းက ဗီယက်နမ်နိုင်ငံအပေါ် ချမှတ်ခဲ့ဖူးတဲ့ အရေးယူမှုတွေနဲ့တောင် မတူဘဲ အတော်လေးကို ရောစပ် ရှုပ်ထွေးနေပြီး လက်ရှိမှာ ဥပဒေနှစ်ရပ်အပြင် သမ္မတရဲ့ အမိန့် ကြေညာချက်တွေနဲ့ချမှတ်ထားတဲ့ အရေးယူမှုတွေ ရှိနေပါတယ်လို့ မစ္စတာဝက်ဘ်က ပြောပါတယ်။ ဘယ်တော့လောက် မြန်မြန် ရုပ်သိမ်းနိုင်မယ်ဆိုတာကိုတော့ သူ အမေရိကန်ပြည်ထောင်စု ပြန်ရောက်ပြီး နောက်ထပ် ဆွေးနွေး ပြောဆိုတာတွေ လုပ်ပြီးတော့ မှပဲ သိနိုင်ပါလိမ့်မယ်လို့ ပြောသွားပါတယ်။
“အခုလက်ရှိ ကွန်ဂရက်လွှတ်တော် သက်တမ်းအတွင်းမှာ ရုပ်သိမ်းနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ဒါပေမဲ့လည်း ကျနော် ပြန်ရောက်သွားပြီးတော့မှပဲ ပိုပြီးတော့ အသေအချာ သိနိုင်မှာပါ။ ပိုပြီးပြင်းထန် တဲ့ ဒဏ်ခတ်အရေးယူမှုတချို့ကို ချမှတ်ခဲ့ချိန်တုန်းက ပူးတွဲ ကမကထပြု လုပ်ဆောင်ခဲ့တဲ့ အထက်လွှတ်တော်အမတ် မက်ကိန်း လို လူပုဂ္ဂိုလ်ဆီကနေ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ထွက်ထားပါတယ်။ ဒါပေမဲ့ ကျနော် ပြန်ရောက်ပြီး နောက်ထပ် ဆွေးနွေးမှုတွေ လုပ်မပြီးမချင်းတော့ ဘယ်တော့ရုပ်သိမ်းနိုင်မယ်ဆိုတာ ကျနော် တကယ့်ကို မသိပါဘူး။”
ဂျင်မ် ၀က်ဘ်ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်ဟာ တတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ၂၀၀၁ ခုနှစ်တုန်းက သာမန်နိုင်ငံသားတဦး အဖြစ်၊ ၂၀၀၉ ခုနှစ်မှာ အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့တာပါ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်ခြံဝန်းထဲကို တရားမ၀င် ရေကူးပြီး ၀င်ရောက်လို့ အကျဉ်းချခံထားရတဲ့ အမေရိကန်နိုင်ငံသား ဂျွန် ယက်တော ကို အဲဒီ ၂၀၀၉ ခုနှစ် ခရီးစဉ်အတွင်း လွတ်မြောက်အောင်လုပ်ပေးပြီး နေအိမ်ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တော့ နေအိမ်အကျယ်ချုပ်ချထားတဲ့ စည်းကမ်းကို ချိုးဖောက်တယ်ဆိုပြီး အဲဒီစွဲချက်နဲ့ပဲ နောက်ထပ် နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ထပ်ပြီး ချမှတ်ခံခဲ့ရတာပါ။
အခု မြန်မာနိုင်ငံအခြေအနေဟာ ၂၀၀၉ ခုနှစ်ကအခြေအနေနဲ့ လုံးဝကို မတူတော့ဘဲ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ကို မစ္စတာဝက်ဘ်က အထူးချီးကျူးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက အခြေအနေအရပ်ရပ်အပေါ်မှာ အတော်လေးကို အကောင်းမြင် ပြောဆိုခဲ့တာပါ။
အခုလို အချိန်အခါ အခွင့်အလန်းကောင်းကို လက်လွှတ်မခံဘဲ အရအမိ ဆုပ်ကိုင်သင့်ပြီး အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ ကိုပြတဲ့ အထောက်အထားတွေပေါ် မူတည်ပြီးတော့ လုပ်ရပ်နဲ့ တုန့်ပြန်ရပါမယ်လို့ သူကဆိုပါတယ်။
“အစိုးရအဖွဲ့ ထဲက အပြောင်းအလဲ လိုလားသူတွေရဲ့ ရိုးသားတဲ့ကြိုးပမ်းချက်တွေကို ကျနော် တွေ့ရပါတယ်။ ဒါပေမဲ့လည်း လုပ်ဆောင်တဲ့ အပြောင်းအလဲတွေအတွက် အသိအမှတ်ပြုတဲ့အနေနဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ပြု ချီးမြှင့်ဖို့ ကျနော် တို့အတွက် အရေးကြီးပါတယ်။ ဒီအချိန်အခါကောင်းကို ကျနော်တို့ အဆုံးရှုံးမခံနိုင်ပါဘူး။”
အခုခရီးစဉ်အတွင်း မစ္စတာ ဂျင်မ် ၀က်ဘ်ဟာ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ရထားပို့ဆောင်ရေးဝန်ကြီး၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သတင်းမီဒီယာသမားတွေ စသည်အားဖြင့် တွေ့ဆုံခဲ့ပါတယ်။
၂၀၀၉ ခုနှစ် ဒုတိယအကြိမ် ခရီးစဉ်တုန်းက တွေ့ဆုံခဲ့တဲ့ အဲဒီတုန်းက စစ်ကောင်စီခေါင်းဆောင် အခု အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တော့ အခုတကြိမ်မှာ မတွေ့ဆုံခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံဖြစ်ခဲ့တာမှာ ထူးထူးခြားခြား ကိစ္စရပ်တခုခုကြောင့်မဟုတ်ဘဲ သူသွားသမျှနိုင်ငံတိုင်းမှာ တယောက်ယောက်နဲ့တွေ့ဆုံဖို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ သူ မပြောခဲ့ကြောင်း၊ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က တွေ့ဆုံမယ်ဆိုရင်တော့ သူတွေ့ခဲ့မှာဖြစ်ကြောင်း ပြောသွားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားထရားကျွန်း၊ အာချေးပြည်နယ်ဘက်မှာ ဗဟိုပြုပြီး မကြာသေးခင် အချိန်ပိုင်း လေးကမှ  လှုပ်ခတ်သွားခဲ့တဲ့ ငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်းအန္တရာယ်တွေအပေါ် စိုးရိမ်မိ ပါကြောင်းကိုလည်း အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်က သတင်းစာရှင်းလင်းပွဲအစမှာပဲ ထည့်သွင်း ပြောကြားသွားပါတယ်။
VOA