menu

Thursday 22 March 2012

Smart World သို့ အလည်သွားခြင်း-၁(ဇော်ရဲနောင်)





Eleven Media Group က ရုံးခန်းထဲမှာ Smart Phone တစ်လုံးနဲ့ ကျွန်တော် အလုပ်ရှုပ်နေတယ်။ မနက်က ရုံးအမီ ပြေးလာလို့ မပြီးခဲ့တာတွေကို အခုမှ လုပ်နေရတယ်။ ပထမဆုံးအိမ်က CCTV တွေကို စစ်တယ်။ အိမ်မှာ ဘယ်သူမှ မရှိဘူးဆို တာသေချာတော့ အ၀တ်လျော်စက်ထဲကို ပစ်ထည့်ခဲ့တဲ့ အင်္ကျီတွေကို လျော်ပြီးအခြောက်ခံဖို့ အ၀တ်လျှော်စက်ကို လှမ်းခိုင်းတယ်။ ပြီးတော့ ဖုန်စုပ်စက်မှာပါတဲ့ CCTV ကိုသုံးပြီး အိမ်သန့်ရှင်းရေး လှမ်းလုပ်တယ်။ကျွန်တော်ပိတ်ဖို့ မေ့နေခဲ့တဲ့ လေအေးပေးစက်ကို ပိတ်လိုက်တယ်။ အင်တာနက်ကလည်း မြန်တော့ စိတ်သွားတိုင်း ကိုယ်ပါနေတာပေါ့။ ဒါနဲ့ ကျွန်တော်ရဲ့ ဘဏ်အကောင့်ကို စစ်ပြီး စားစရာဝယ်ဖို့လုပ် .  .  .''မစ္စတာ မစ္စတာ ...မစ္စတာ ... ''ရုတ်တရက် ကျွန်တော် လန့်နိုးသွားတယ်။ ထိုင်း လေယာဉ်မယ်လေးက လေယာဉ်ဆင်းတော့မှာဖြစ်လို့ ကျွန်တော့်ကို ထိုင်ခုံ ခါးပတ်ပတ်ဖို့ လာသတိပေးတာပါ။

ဒီတော့မှ ကျွန်တော့်အဖြစ်ကို ကျွန်တော်သိတော့တယ်။ မနက်က TG Check In ကောင်တာမှာ System Error ဖြစ်ပြီး တစ်နာရီခွဲလောက် လူအုပ်ကြီးနဲ့အတူ ရပ်လိုက်ရတာရယ် ညက အိပ်ရေးပျက်ခဲ့တာရယ်ကြောင့် အိပ်ပျော်ပြီး နေခင်းကြောင်တောင် လေယာဉ်ပေါ်မှာ အိပ်မက် မက်နေတာပဲ။ ကျွန်တော်ခါးပတ်ပတ်ပြီးတော့မှ ဘန်ကောက်မှာလုပ်မယ့် Samsung Forum 2012 မှာ သတင်းယူဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေ၊ တွေ့ရမယ့်သူ တွေနဲ့ သူတို့ရဲ့ ဖုန်းနံပါတ်တွေကို ပြန်စစ်တယ်။ ဒီလေယာဉ်ပေါ်မှာ ကျွန်တော်နဲ့အတူ  Samsung Forum တက်မယ့် မြန်မာတိုင်မ်းနဲ့ အင်တာနက်ဂျာနယ်က ဂျာနယ်လစ် နှစ်ယောက်ရယ်၊ Samsung ရဲ့ Mobile Dealer တစ်ဦးဖြစ်တဲ့ Mobilemate  က Chairman ဦးအောင်သန်းတို့ စုစုပေါင်း လေးဦး ပါလာခဲ့ပါတယ်။
Samsung Forum က ကျွန်တော့်ကို စိတ်လှုပ်ရှားမှုတွေ အများကြီး ဖြစ်စေခဲ့ပါတယ်။ ၂၀၁၀ ဒီဇင်ဘာလ လောက်မှာ Samsung နဲ့ Google ပူးပေါင်းပြီး Google Nexus ဖုန်းကို ထုတ်ခဲ့တယ်။ အဲဒီဖုန်းက ပိုက်ဆံအိတ် သုံးစရာမလိုတော့ဘဲ ဖုန်းမှာ Credit ကတ်ထည့်ပြီး သုံးနိုင်တဲ့ e-wallet လို ထူးခြားတဲ့ ၀ိသေသတွေ၊ ကျွန်တော့်အိမ်မက်ထဲကလို Smart Home အဖြစ် ပြုလုပ်လာနိုင်တဲ့ အစွမ်းတွေ၊ ဖုန်းဒါမှမဟုတ် Tablet တစ်ခုနဲ့ ကမ္ဘာကြီးရဲ့ ဘယ်နေရာရောက်နေနေ အင်တာနက်ကောင်းရင် Cloud Network သုံးပြီး အလုပ်ဆက်လုပ်လို့ရတဲ့ အစွမ်းတွေနဲ့ အနာဂတ်မှာ e-Passport အဖြစ် ဖုန်းကို အသုံးပြုနိုင်တော့မယ်။ နည်းပညာဆိုင်ရာ ဖြစ်နိုင်ခြေတွေက ရှိနေပြီ၊ ဒီကနေ့ခေတ်ရဲ့ ပဉ္စလက်ဆန်တဲ့ နည်းပညာ ထုတ်ကုန်တစ်ခုပါ။ ဒါတွေကို ဒီပွဲမှာ ပြမှာလား။ ဒါက စိတ်လှုပ်ရှားစေပါတယ်။ နောက်ပြီး Eleven Media Group ရဲ့  IT Manager တာဝန်ကို လွန်ခဲ့တဲ့သုံးနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အခု Samsung Forum ပထမဦးဆုံးအကြိမ် တစ်ကိုယ် တော်ခရီး ထွက်လာရတာဆိုတော့ ကျွန်တော်ရဲ့ စိတ်လှုပ်ရှားမှုကို ပိုပြီး မြင့်တက်စေပါတယ်။

ဖုန်းတစ်လုံးဖြင့် တစ်အိမ်လုံးကို ထိန်းချုပ်စေခိုင်းနိုင်မှုကို ပြသထားသည့် Smart Home ပြခန်းကို မြင်တွေ့ရစဉ်
သုဝဏ္ဏဘူမိ လေဆိပ်ကိုရောက်တော့ Samsung က စီစဉ်ထားတဲ့ Event Management Team တစ်ခုရဲ့ အစီအစဉ်နဲ့ Mobilemate က  Chairman ဦးအောင်သန်း၊ ကျွန်တော်နဲ့ တခြားမြန်မာ ဂျာနယ်လစ်နှစ်ယောက်တို့ ဟိုတယ်ကို အတူတူ သွားခဲ့ကြပါတယ်။ လေဆိပ်ကနေ ဟိုတယ်ကို သွားတဲ့လမ်းတစ်လျောက်လုံး ဦးအောင်သန်းနဲ့ စကားပြောဖြစ်ခဲ့တယ်။ သူက စီပွားရေး လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ရေရှည် စီးပွားရေးတွေကို လုပ်ကြောင်း၊ ရေတိုစီးပွားရေးကို စိတ်မ၀င်စားကြောင်းနဲ့ လူငယ်တွေကို ယုံကြည်တဲ့အကြောင်းတွေ ပြောပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ ဆန်ကောထဲက ဆီးဖြူသီးလို စီးပွားရေးသမားမျိုးတွေကို စိတ်ပျက်တယ်။ တစ်ယောက်က တစ်ခုလုပ်လို့ အောင်မြင်ရင် ကျန်တဲ့သူကအားလုံးက ဒါကို လိုက်လုပ်ကြတယ်။ ဒါကတိုင်းပြည်ရဲ့ စီးပွားရေးကို ဘာမှ အထောက်အပံ့မပေးဘူး။ ကောင်းကျိုးထက် ဆိုးကျိုး ပိုများတယ်လို့ ကျွန်တော်ထင်တယ်။
အခုချိန်မှာ တိုင်းပြည်က ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲလာနေပြီ။ စီးပွားရေး တံခါးဖွင့်မှုမှာ နေရာဝင်ယူတဲ့သူတွေက မြန်မာတွေ မဟုတ်ဘဲ နိုင်ငံခြားသားတွေ ဖြစ်နေမယ်ဆိုရင် တိုင်းပြည်အတွက် မကောင်းဘူး။ ဆန်ကောထဲက ဆီးဖြူသီးလို စီးပွားရေးတွေ မလုပ်ဘဲ ရေရှည်လုပ်တဲ့ စီးပွားရေးတွေမှာ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေ အပြည့်ရှိနေဖို့ လိုပါတယ်။ မဟုတ်ရင် အကျိုးကျေးဇူးတွေက မြန်မာတွေထက် နိုင်ငံခြားက အကွက်မြင်တဲ့သူတွေအတွက်ပဲ ဖြစ်သွားနိုင်ပါတယ်။ ပြည်တွင်းမှာ မြန်မာနိုင်ငံသား စွန့်ဦးတီထွင်နိုင်တဲ့ မျိုးဆက် သစ် စီးပွားရေးလုပ်ငန်းရှင်တွေ များလာဖို့ အရေးကြီးပါတယ်။ မြန်မာတွေ စီးပွားရေးမှာ အမြင်ကျယ်ပြီး အားကောင်းဖို့ လိုအပ်နေတယ်လို့ ထင်ပါတယ်။
Glaxy Note ကို အသုံးပြုပြီး ပန်းချီဆွဲမှုကို သရုပ်ပြနေစဉ်
ဟိုတယ်ရောက်တော့မှပဲ စကားပြောတာကို ရပ်ပြီး နေလည်စာစားဖို့အတွက် ပြင်ဆင်ရပါတယ်။ မြန်မာ ဆမ်ဆောင်းက ကိုဇော်ကိုကိုထွန်း၊ ထိုင်း ဆမ်ဆောင်းက ထိုင်းလူမျိုး မန်နေဂျာတစ်ဦးတို့နဲ့ ကျွန်တော်တို့ နေ့လည်စာ စားဖြစ်တယ်။ ထမင်းစားချိန်ကြည့်လိုက်တော့ လေယာဉ် Delay ဖြစ်တဲ့ အကျိုးနဲ့ မွန်းလွဲ ၃ နာရီခွဲ ဖြစ်နေပါတယ်။

ညစာကိုတော့ ထိုင်းဆမ်ဆောင်းက မန်နေဂျာ၊ ကမ္ဘောဒီးယားဂျာနယ်လစ်တွေနဲ့ အတူတူ စားဖြစ်ပါတယ်။ သူတို့နဲ့ စကားပြောကြည့်တော့ မြန်မာပြည်ကို တော်တော်စိတ်ဝင်စားကြတာ တွေ့ရပါတယ်။ အခုက ဧပြီလ နဲ့နီးနေတော့ စကားပြောရင်းနဲ့ သင်္ကြန်အကြောင်း ရောက်သွားပါတယ်။ ထိုင်း လူမျိုးမန်နေဂျာက မြန်မာပြည်က သင်္ကြန်ပိတ်ရက် ရှည်လွန်းတာကို ထောက်ပြပါတယ်။ ပိတ်ရက်များလွန်းရင် နိုင်ငံတကာ စီးပွားရေးမှာ ယှဉ်ပြိုင်နိုင်မှု လျော့တယ်ဆိုပြီး ပြောပါတယ်။ သူတို့ ထိုင်းမှလည်း ဆောင်ခရမ်ဆိုတဲ့ သင်္ကြန်ပွဲတော် ရှိကြောင်းနဲ့ အများဆုံး ငါးရက်ပဲပိတ်ကြောင်း ပြောပါတယ်။
ညစာစားပြီးတော့ ဟိုတယ်မပြန်ဘဲ  Siam Paragon ကိုသွားပြီး အရင်က အကြိမ်ကြိမ်လွဲခဲ့ရတဲ့ 4D ရုပ်ရှင်ကို ဘာတွေများ ထူးခြားသလဲဆိုပြီး သွားကြည့်ခဲ့ပါတယ်။ ကျွန်တော်ကြည့်တဲ့ ဇာတ်ကားက ဂျွန်ကာတာ၊ ဘာထူးခြားလဲဆိုတော့ မျက်နှာကို ရေခဏခဏ အဖြန်းခံရတယ်။ နားရွက် နောက်ဖက်ကို လေတွေမှုတ်တယ်၊ ခုံတွေ လှုပ်တယ်၊ ဇာတ်ကားကညံ့လို့ ရုပ်ရှင်ရုံထဲမှာ ၁၀ မိနစ်လောက် အိပ်ပျော်သွားတယ်၊ ဘတ် ၅၀၀ ကုန်သွားတယ်၊ နောက်ထပ် 4D မကြည့်တော့ဘူးဆိုတဲ့ အသိတော့ ရခဲ့ပါတယ်။
CSR လို့ စီးပွားရေး စာအုပ်တွေမှာ ပါလေ့ရှိတဲ့ Corporate Social Responsibility ကို သေသေချာချာကို အချိန်ယူပြီး ပြသွားတာ တွေ့ရပါတယ်။ CSR ဟာ ဒီကနေ့ခေတ်ရဲ့ စီးပွားရေး ယဉ်ကျေးမှု၊ တစ်နည်းအားဖြင့် အရေးကြီးတဲ့ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ မြန်မာ့စီးပွားရေး လုပ်ငန်းတွေ ကမ္ဘာနဲ့အတူ လုပ်ကြတော့မယ်ဆိုရင် မေ့မထားသင့်တဲ့ အချက်တစ်ခုဆိုတာ လေ့လာခဲ့ရပါတယ် . . .
နောက်တစ်နေ့ မနက်မှာတော့ ကျွန်တော်တို့ မြန်မာ ဂျာနယ်လစ်သုံးယောက် Samsung Forum ကျင်းပမယ့် Bangkok Convention Center ကို Event Management Team ရဲ့ အကူအညီနဲ့ ထွက်လာခဲ့ပါတယ်။ ပွဲကျင်းပတဲ့ နေရာကိုရောက်တော့ ဆမ်ဆောင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ Country Manager ကိုကျော်ကျော်နိုင်က လိုအပ်တာတွေ စီစဉ်ပေးပါတယ်။ ပွဲ မစခင်မှာ ကိုကျော်ကျော်နိုင်က KHG Holdings ရဲ့ CEO ကိုမင်းဗညားစန်းနဲ့ မိတ်ဆက်ပေးပါတယ်။ ကိုမင်းဗညားစန်းက စီပွားရေးလောကမှာ မြန်မာတွေကို မြန်မာတွေက ယုံကြည်စေချင်တယ်။ နိုင်ငံခြားသားနဲ့ မြန်မာယှဉ်ရင် နိုင်ငံခြားသားကို အလေးပေးတာတွေ ရှိတယ်လို့ ပြောပါတယ်။ စီးပွားရေး လုပ်ငန်းတစ်ခုက နိုင်ငံခြားတိုင်းပြည်တစ်ခု မှာသွားပြီး ရင်နှီးမြှုပ် နှံတဲ့အခါ ရလာတဲ့ အမြတ်ကို မိခင်နိုင်ငံကိုပဲ အများဆုံးပို့ကြတယ်လို့ ပြောပါတယ်။ Foreign Direct Investment ရဲ့ Criticism တစ်ခုကို သူထောက်ပြသွားတာပါ။ FDI ဟာ တိုင်းပြည်ရဲ့ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့အလုပ် အကိုင် အခွင့်အလမ်းအတွက် အများကြီး အရေးပါပါတယ်။
မြန်မာလို နိုင်ငံအတွက် FDI ကို ကြိုဆိုဖို့ လိုသလို တစ်ဖက်မှာလည်း ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို မြန်မာတွေ ကိုယ်တိုင်ယုံကြည်ဖို့လည်း လိုအပ်ပါတယ်။ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ အားကောင်းမှ တိုင်းပြည် ရဲ့ ၀င်ငွေပိုတိုးပြီး စစ်မှန်တဲ့ တိုးတက်မှု ဖြစ်လာမယ်ဆိုတာလည်း သေချာပါတယ်။
Samsung Forum စတင်တော့မယ်လို့ ကြေညာတော့ ခန်းမထဲဝင်ပြီး နေရာယူလိုက်ပါတယ်။ အခမ်းအနားရဲ့ အဖွင့်ကို မိတ်ဆက်စကားပြောပြီး ပစ္စည်းအသစ်တွေကိုပြပြီး ဖွင့်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ့် တကယ်မှာတော့ Samsung ရဲ့ Corporate Social Responsibility ဘယ်လောက်ရှိတယ်ဆိုတာနဲ့ စဖွင့်ခဲ့ပါတယ်။ ဘယ်နိုင်ငံတွေမှာ Samsung က ဘယ်လို လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးမှုကို ကူညီခဲ့တာဆိုတာတွေကို ပြောပြီး ဖွင့်ခဲ့ပါတယ်။ CSR လို့ စီးပွားရေးစာအုပ်တွေမှာ ပါလေ့ရှိတဲ့ Corporate Social Responsibility ကို သေသေချာချာကို အချိန်ယူပြီး ပြသွားတာ တွေ့ရပါတယ်။ CSR ဟာ ဒီကနေ့ခေတ်ရဲ့ စီးပွားရေး ယဉ်ကျေးမှု၊ တစ်နည်းအားဖြင့် အရေးကြီးတဲ့ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ မြန်မာ့စီးပွားရေးလုပ်ငန်းတွေ ကမ္ဘာနဲ့အတူ လုပ်ကြတော့မယ်ဆိုရင် မေ့မထားသင့်တဲ့ အချက်တစ်ခုဆိုတာ လေ့လာခဲ့ရပါတယ်။ ဒါ့အပြင် စီပွားရေးဆိုင်ရာ ဈေးကွက် မဟာဗျူဟာတစ်ခုအဖြစ် အသုံးပြုလာကြတာကိုလည်း သတိထားမိခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis