menu

Thursday 22 March 2012

ယဉ်ကျေးလိမ္မာသင်တန်းမှ ကလေးငယ် ၄၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား




အစာအဆိပ်သင့်သည့် ကလေးငယ်များ တက်ရောက်ကုသခဲ့သည့် အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီးကို တွေ့ရစဉ်
ထောက်ကြန့်မြို့၊ တိလောကရပ်ကွက်၊ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ၊ ပဏ္ဍိတာရာမကျောင်းတိုက်အတွင်း နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းတက်ရောက်နေသည့် ကလေးငယ်များ မတ်လ ၂၀ ရက်နေ့ မွန်းလွဲသုံးနာရီခန့်တွင် နို့သစ်ခွဖျော်ရည် သောက်ရာမှ တစ်ဆင့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''ညနေသုံးနာရီမှာ ကလေးတွေကို နို့သစ်ခွတိုက်တယ်။ ကလေးတွေက ညနေ သုံးနာရီခွဲလောက်မှာ စပြီး အစာအဆိပ်သင့်တဲ့ လက္ခဏာတွေ စဖြစ်လာတယ်လို့ သင်တန်းကျောင်းကသူတွေရဲ့ ပြောကြားချက်အရ သိရတယ်။ သင်တန်းမှာ ကလေးကအယောက် ၁၀၀ ကျော်လောက် ရှိပေမယ့် အစာအဆိပ်သင့်တဲ့ ကလေးကတော့ ၄၀ ကျော် ဖြစ်ခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်း ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးရယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရယ်၊ ထောက်ကြန့် ဒေသန္တရကျန်းမာရေးက တာဝန်ရှိသူတွေရယ်၊ ထောက်ကြန့် ရဲစခန်းကသူတွေ ရယ် လာစစ်ဆေးပြီး ကလေးတွေကို အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်။ တချို့ကလေးတွေကတော့ ချက်ချင်း သက်သာသွားတဲ့အတွက် ဆေးရုံတောင် မပို့ခဲ့ရပါဘူး'' ဟု ဖြစ်စဉ်အား သွားရောက်စစ်ဆေးခဲ့သော မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းလွင်က ပြောကြားခဲ့ပါသည်။

အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးသို့ ကလေးဦးရေ ၃၀ ခန့် တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီး အတွင်းလူနာ ၁၂ ဦး၊ ပြင်ပလူနာ ၁၈ ဦး တက်ရောက်ကုသခဲ့ရကြောင်း သိရသည်။

''ဆေးရုံကို ကလေးတွေ ညနေ ငါးနာရီခွဲလောက်မှာ စရောက်လာတယ်။ ကလေးအားလုံးပေါင်း ၃၀ ဦး ရောက်လာပါတယ်။  အများစုက ဗိုက်အောင့်တာ၊ ဗိုက်ထဲမှာ မအီမလည်ဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်ခဲ့ပါတယ်။ ကလေးတွေကို လာပို့တဲ့သူ တွေရဲ့ ပြောကြားချက်အရ နို့သစ်ခွ ဖျော်ရည်ထဲကို သံပရာသီး ညှစ်ထည့်ထားတဲ့ ဖျော်ရည် တိုက်လိုက်တယ်လို့ ပြောတယ်။ တွဲဖက်မစားသင့်တဲ့ နို့နဲ့ သံပရာသီးကို တွဲစားမိလို့ ဓာတ်မတည့်ဘဲ အစာအဆိပ်သင့်တာတွေ ဖြစ်တာပါ။ အသေအပျောက်လည်း မရှိခဲ့ပါဘူး''ဟု အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဆန်းက ပြောကြားခဲ့ပါသည်။

ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ သူများတွင် အသက် ၈ နှစ်မှ ၁၆ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြောင်းနှင့် ဆေးရုံတက်ရောက်ခဲ့သူများ အားလုံး ကျန်းမာရေး ကောင်းမွန်သွားသည့်အတွက် မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း အင်းစိန်အထွေ ထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဆန်းက ဆိုသည်။  
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis