menu

Thursday 22 March 2012

အင်ဒိုနီးရှားသို့ပို့သည့် ဆန်တွင် အရည်အသွေးမမီ ဆန်ပါဝင်သဖြင့် သင်္ဘော ဆိပ်ကမ်းကပ်ခွင့် နှောင့်နှေး



အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော် ဆန်စပါးရောင်းဝယ်ရေးအဖွဲ့သို့ မြန်မာနိုင်ငံမှ ဦးစွာတင်ပို့သည့် ဆန်တန်ချိန် ၅၀၀၀ တွင် အရည်အသွေးမမီသည့် ဆန်အချို့ပါဝင်သဖြင့် ဆိပ်ကမ်းသို့ သင်္ဘောကပ်ခွင့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ခဲ့ရကြောင်း မြန်မာနိုင်ငံဆန် စပါးလုပ်ငန်းအသင်းမှသတင်းရရှိသည်။
“၁၀ ရက်နေ့ ဆိပ်ကမ်းကပ်ခွင့်ရတယ်။ ဘယ်ကုမ္ပဏီက ဆန်ဖြစ်တယ်ဆိုတာကို နောက်တစ်ရက်၊ နှစ်ရက်လောက်မှသိရမယ်”ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ အထွေထွေအတွင်းရေးမှူးဦးရဲမင်းကဆိုသည်။ ယခု အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့ခဲ့သည့် ဆန်တန်ချိန် ၅၀၀၀ ကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းက ကြီးကြပ်ပြီး ကုမ္ပဏီ များ စုပေါင်း၍ တင်ပို့ခဲ့ခြင်းဖြစ် သည်။ ထိုအထဲတွင် အရည်အသွေးမမီသည့်ဆန်မှာ တန်ချိန် ၇၀၀ ခန့်ပါဝင်ခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဆန်စက်များတွင် ၀ှိုက်
ပေါ်လစ်ရှာ (ဆန်ပေါလစ်တိုက် သည့်စက်)ကို မဖြတ်ခဲ့ခြင်းကြောင့်ယခုကဲ့သို့ ဖြစ်ရခြင်းဖြစ်ကြောင်း သိရသည်။

“စုပေါင်းပြီး ပို့တာ၊ ကိုယ့် ပစ္စည်းရဲ့ အရည်အသွေးကို မထိန်းလို့ အခုလို စစချင်း ပြဿနာကြုံရတာ။ ဒါတွေကိုကောင်း ဖို့ဆိုရင် တော့ ကိုယ့်အရည်အသွေးကို ကိုယ် အာမခံနိုင်မှရမယ်”ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ ဥက္ကဋ္ဌ ဦးချစ်ခိုင်ကဆိုသည်။    အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော် ဆန်စပါးဝယ်ယူရေးအဖွဲ့-   Perum Bulog  သည် မြန်မာနိုင်ငံမှ တန်းမြင့်ဆန်ကို တစ်နှစ်အတွင်း တန်ချိန်နှစ်သိန်းဝယ်ယူရန် ဇန်န၀ါရီ ၂၈ ရက်က မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းနှင့် နား လည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့သည်။ ထို့နောက် ဦးစွာတန်ချိန် ၅၀၀၀ ကို ကန်ဒေါ်လာ ၄၄၀ ဖြင့် ဖေဖော်ဝါရီလအတွင်း စတင် ၀ယ်ယူခဲ့သည်။ ဖေဖော်ဝါရီ ၂၂ ရက်တွင် သင်္ဘောတင်ပြီး မတ် လဆန်းတွင် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု  စုံစမ်းသိရ သည်။
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းက အင်ဒိုနီးရှားနိုင်ငံသို့  လစဉ် ဆန်တန်ချိန် ၁၅၀၀၀ ခန့် တင်ပို့ရန်စီစဉ်ထားသည်။ ၀ယ်ယူမည့်ဆန်များမှာ ဧည့်မထအုပ်စု ၀င် ၅ မှတ်၊ ၁၀ မှတ် စသည့် တန်းမြင့်ဆန်များဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၀ မှစ၍ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံအထွက် လျော့ကျခဲ့သဖြင့် မြန်မာနိုင်ငံမှ ဆန် အား ပြန်လည်ဝယ်ယူရခြင်း ဖြစ် ကြောင်း ဇန်န၀ါရီ ၂၈ ရက်က မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲတွင်  Perum Bulog   ဥက္ကဋ္ဌ Mr. Sutarto Alimoeso   ကပြောသည်။
အင်ဒိုနီးရှားအစားအစာ အေဂျင်စီ   Bulog  ၏ အဆိုအရ အာဆီယံနိုင်ငံမှ ဆန်ပြန်ဝယ်ယူခြင်းမှာ ၁၀ နှစ်ကျော်အတွင်း ပထမဆုံး ပြန်လည်ဝယ်ယူခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ၂၀၀၁ မှ ၂၀၀၆ ခုနှစ် အထိ ဆန်တင်ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် တင်ပို့နိုင်ခြင်းမရှိပေ။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၁၂၅ တန်သာ တင်ပို့ နိုင်ခဲ့သည်။
7DayNews

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis