(သည်ဆောင်းပါးကို စပယ်ဖြူ မဂ္ဂဇင်းမှာ ပထမ ဖော်ပြခဲ့ပြီး နောက်တော့ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်း
စာပေါင်းစု စာအုပ်မှာ ထည့်သွင်းခဲ့ပါတယ်။ ယခုမူက ပြန်လည်
ပြင်ဆင်တည်းဖြတ်ထားတဲ့ မူ ဖြစ်ပါတယ်။ မူရင်းက Michael Korda ရဲ့ What Makes
a Leader ဖြစ်ပါတယ်)
သမ္မတဖြစ်လာသူတိုင်း ခေါင်းဆောင်မဟုတ်ကြချေ။
သို့ဖြစ်စေကာ ကျနော်တို့သည် သမ္မတတယောက်ကို ရွေးချယ်ရသည့်အခါတိုင်း
ခေါင်းဆောင်တယောက်ရရှိရန် မျှော်လင့်ကြသည်ချည်း ဖြစ်သည်။ အထူးသဖြင့် မရေရာ
မသေချာမှုများ ဖုံးလွှမ်းနေသည့် အကျပ်အတည်းကာလများတွင်
ခေါင်းဆောင်တယောက်ရရှိရန် မျှော်လင့်တောင့်တတတ်သည်။ အပူအပင်ကင်းမဲ့သော
ကာလများတွင်ကား ခေါင်းဆောင်ကို လိုချင်သလိုလို မလိုချင်သလိုလို ဒွိဟ
ဖြစ်နေတတ်သည်။
စင်စစ် ခေါင်းဆောင်ဟူသည်ကား ပင်ပန်းခက်ခဲသောအလုပ်တို့ကို လုပ်ဆောင်ရန်
လှုံ့ ဆော်တွန်းထိုးတတ်သည်။ တည်ဆဲအနေအထားကို ဆန်းစစ်စိန်ခေါ်တတ်သည်။
အရေးပါသော ပြောင်းလဲမှုကြီးများကို ဖြစ်ထွန်းစေတတ်သည်။
ခေါင်းဆောင်မှုကိစ္စရပ်သည်လည်း အခြားနည်းတူပင် သူ့ အချိန်နှင့်သူ
ပေါ်ထွန်းလာရပါသည်။ ပြည်သူလူထုက သူတို့အားခေါင်းဆောင်မှုပေးရန်
လိုလားတောင့်တနေသည့်အချိန်မှာမှ ခေါင်းဆောင်လည်း ပေါ်ထွန်းလာရသည်။ ၁၉၄၀
ခုနှစ်တွင် အင်္ဂလန်ပြည်၌ ချာချီပေါ်ထွန်းလာရသလိုမျိုး။ ၁၉၃၃ ခုနှစ်တွင်
အမေရိကန်နိုင်ငံ၌ ရုစ်ဗဲ့လ်ဒ် ပေါ်ထွန်းလာရသလိုမျိုး။ ၁၉၁၇ ခုနှစ်တွင်
ရုရှားပြည်၌ လီနင် ပေါ်ထွန်းလာရသလိုမျိုး။
ထိုသို့ ပေါ်ထွန်းလာသော ခေါင်းဆောင်သည် ရိုးစင်း၍ လိုရင်းရောက်သော
စကားကို ထိထိမိမိ ပြေ နိုင်ရမည်။ ကြီးကျယ်သော ခေါင်းဆောင်ဟူသမျှသည်
အခက်ကိုလွယ်စေပြီး အရှုပ်ကို ရှင်းသွားစေနိုင်သည့် သူများ ဖြစ်သည်။
ခေါင်းဆောင်သည် ဆန့်ကျင်ဝေဖန်မှုများ၊ အချေအတင်ငြင်းခုန်မှုများ၊
ဇဝေဇ၀ါသံသယများကို ဖောက်ထွက်ဖြတ်ကျော်ပြီး လူတိုင်းနားလည်သဘောပေါက်ကာ
စိတ်ထဲစွဲသွားစေမည့် ဖြေရှင်း ချက်မျိုးကို ပေးတတ်သည်။
သွေး ချွေး မျက်ရည်နှင့် ပင်ပန်းဆင်းရဲမှုတို့ကိုသာ မျှော်လင့်ထားရန်
ချာချီက ဗြိတိသျှလူမျိုးတို့အား သတိပေးခဲ့သည်။ ငါတို့မှာ ငါတို့ ရဲ့
ကြောက်စိတ်တခုပဲ ကြောက်စရာ ရှိတယ်ဟု ရုစ်ဗဲ့လ်ဒ်က
အမေရိကန်နိုင်ငံသားတို့ကို ပြောခဲ့သည်။ လယ်မြေနှင့် ပေါင်မုန့်ကို ပေးမည်ဟု
လီနင်က စစ်ပန်းနေသော ရုရှားလယ်သမားတို့ကို ကတိပြုခဲ့သည်။
ဖြောင့်စင်းရိုးရှင်းသော စကားများ ဖြစ်ပါဧ။် သို့သော် အလွန်ခွန်အားရှိသော
စကားများလည်း ဖြစ်ပေသည်။
ကျနော်တို့ ဧ။်စိတ်ကူးထဲတွင် ခေါင်းဆောင်အရည်အချင်း၊ ခေါင်းဆောင်ဂုဏ်ရည်
နှင့်ပတ်သက်သော ရုပ်ပုံလွှာတခု ရှိနေသည်။ ရုပ်ပိုင်းဆိုင်ရာ အမှတ်လက္ခဏာပင်
ရှိနေသည်။ ခေါင်းဆောင်တို့ အနေနှင့် အရပ်အမောင်းရှည်ဖို့ မလိုအပ်သော်လည်း
မျက်လုံးမျက်ဖန် နှာတံပါးစပ် စသည့် အင်္ဂါရပ်တို့ သည် သာမန်ရှိရိုးရှိစဉ်ထက်
ကြီးမားပေါ်လွင်ပြီး ခန့် ညားသည့်အသွင်ကို ဆောင်နေရမည်။ ဂျွန်ဆင်ဧ။်
နှာခေါင်းမျိုး၊ အီကေဧ။် ပါးစပ်မျိုး။
ထူးခြားသည့် အပြင်အဆင် အ၀တ်တန်ဆာသည်လည်း ခေါင်းဆောင်တယောက်ဧ။်ရုပ်ပုံလွှာအတွက် အသုံးဝင်ပါသည်။ လင်ကွန်းဧ။် ဦးထုပ်ပုံမျိုး။
ကျနော်တို့ သည် မိမိဧ။်ခေါင်းဆောင်ကို သာမန်လူထက်
ထူးခြားသာလွန်စေချင်သည်။ သမတဖို့ဒ်ဧ။် ချို့ယွင်းချက်တခုမှာ
ရုပ်ရည်သွင်ပြင်နှင့် အ၀တ်အစားတွင် ဘာမှမထူးခြားသည့်အချက်ဖြစ်သည်။
ထိုချို့ယွင်းချက်ကြောင့် ပြည်သူလူထုက သူ့ အပေါ် မစွဲငြိ။
ခေါင်းဆောင်တယောက်တွင် မြင်လိုက်သည်နှင့် စိတ်ထဲစွဲငြိသွားစေမည့် ဥပဓိမျိုး
ရှိရမည်။ အလွယ်တကူ မေ့ပျောက်၍ မရနိုင်သော ဥပဓိမျိုး ရှိရမည်။
သာမန်လူများစု မတတ်နိုင်သော ကိစ္စရပ်မျိုးကို စွမ်းဆောင်နိုင်ခြင်းသည်
ခေါင်းဆောင် တယောက်ဧ။် ဂုဏ်ရည် ဖြစ်သည်။ အမေရိကန်သမတ ရုစ်ဗဲ့လ်ဒ်သည်
ပိုလီယိုရောဂါကို ကျော်လွှား လွန်မြောက်ခဲ့ သည်။ မော်စီတုန်းသည်
အသက်ခုနစ်ဆယ်နှစ်နှစ်အရွယ်တွင် ယန်စီမြစ်အတွင်း ရေကူးခဲ့သည်။
ကျနော်တို့ သည် မိမိခေါင်းဆောင်ကို ကိုယ်နှင့်မရိုးမစွဲ မဖြစ်စေချင်ကြ။
အရည်အသွေး အနှစ်သာရအားဖြင့် များစွာထူးခြားသာလွန်စေချင်သည်။ သို့ ဖြစ်စေကာ
မိမိနှင့် အလွန်အမင်းကွဲပြားခြားနား လွန်းပြန်လျှင်လည်း လက်သင့်မခံ
ငြင်းဆန်ချင်ပြန်သည်။ အက်ဒ်လိုင်း စတီဗင်ဆင်သည် ပညာတတ် ဆန်လွန်းသည်။
နယ်လ်ဆင်ရော့က်ဖဲလားသည် ချမ်းသာကြွယ်ဝလွန်းသည်။
တကယ်ရှိသည့် အရည်အချင်းထက် ပိုရှိသည်ဟု ထင်လာရအောင် ဖန်တီးတင်ပြတတ်သော
ရုပ်မြင်သံကြားသည်ပင် ကျနော်တို့ သိမှတ်ထားသည့်
ခေါင်းဆောင်မှုအရည်အသွေးတို့နှင့် ပတ်သက်လျှင် အရှိကို မရှိဖြစ်အောင်၊
မရှိကို အရှိဖြစ်အောင် မလုပ်တတ်။ ရုပ်မြင်သံကြားသည် နစ်ကဆင်ဧ။်
စိုးရိမ်ကြောင့်ကြ စိတ်မချဖြစ်မှုကို ဖော်ပြခဲ့သည်။ ဟန်ဖရေဧ။်
ကိုယ့်အသံကိုယ် စွဲလန်းလွန်းနေပုံကို ဖော်ပြခဲ့သည်။
ခေါင်းဆောင်တယောက်သည် အာဏာအသုံးပြုပုံကို သိရမည်။စင်စစ်
ခေါင်းဆောင်မှုလုပ်ငန်းသည် အာဏာသုံးခြင်းလုပ်ငန်းပင် ဖြစ်သည်။ ထိုကြောင့်
ခေါင်းဆောင်တယောက်အနေနှင့် အာဏာသုံးပုံ သုံးနည်းကို သူသိကြောင်း
ပြသနိုင်ရမည်။ တည်ငြိမ်ခိုင်မာမှုကို ထုတ်ဖော်ပြသနိုင်စွမ်းရှိရမည်။
ဖို့ဒ်ကဲ့သို့  ပုံမကျပန်းမကျ ရုပ်ခန္ဓာမျိုး မရှိရ။ ကာတာကဲ့သို့  မျက်စေ့
ကစားလွန်းခြင်းမျိုး မရှိရ။ တည်ကြည်လေးနက်သော ရာဇအိနြေ္ဒမျိုး ရှိရမည်။
ခေါင်းဆောင်တယောက်သည် ကချေသည်တယောက်ဧ။် တင့်တယ်လှပမှုမျိုး ရှိရမည်ဟု
တရုတ် တွေးခေါ်ရှင် တယောက်က ကောက်ချက်ချဖူးသည်။ အလွန်ပညာပါသောစကား
ဖြစ်ပါသည်။
ခေါင်းဆောင်တယောက်သည် စိုးရိမ်ကြောင့်ကြမှုကင်းရှင်းပြီး
ယုံကြည်မှုအပြည့်အ၀ရှိသော အသွင်အပြင်မျိုး ဆောင်နိုင်အောင် မည်သို
့လုပ်ရမည်ကို သိသည်။ သူဧ။်လမ်းလျှောက်ဟန်သည် ခိုင်မာရမည်။ ရည်ရွယ်ချက်
ရှိရမည်။ ကယိမ်းကယိုင် မဖြစ်ရ။ ပေါ့တီးပေါ့ဆ မဖြစ်ရ။
လင်ကွန်း၊ ရုစ်ဗဲ့လ်ဒ်၊ ထရူးမင်း၊ အီကေ၊ ကနေဒီတို့  ရယ်မောသလိုမျိုး
ကြည်ကြည်နူးနူး ဟက်ဟက်ပက်ပက် ပြုံးရွှင်ရယ်မောနိုင်ရမည်။ သူတပါး
ပြက်ရယ်ပြုချင်စရာကောင်းသော နစ်ကဆင်နှင့် ကာတာ တို့ဧ။် မအီမသာ
အပြုံးမျိုးကို ရှောင်ရှားနိုင်ရမည်။ ရိုနယ်လ်ရီဂင်သည်
ရုပ်ရှင်မင်းသားအဖြစ် သရုပ် ဆောင်ခဲ့ဖူးရာ ယင်းသရုပ်ဆောင်အတတ်ပညာကို သုံး၍
ကာတာနဲ့ စကားစစ်ထိုးရာ၌ အသာစီးရခဲ့သည်။ တည်ငြိမ်အေးဆေးသော အမူအရာနှင့်
ဖော်ရွေရည်မွန်သော ဟန်ပန်တို့ ကြောင့် ပရိသတ်က သူ့ ကို သမ္မတအဖြစ်
မြင်လာပြီး ကာတာကိုတော့ စိန်ခေါ်သူတယောက်အဖြစ်သာ မြင်သွားစေခဲ့သည်။
ခေါင်းဆောင်မှုဆိုင်ရာတွင် အမှန်တရားတခု ရှိသည်။ ပြည်သူလူထုကို သူတို
့သွားချင်သည့်နေရာသို့သာ ဦးဆောင်ခေါ်ယူ သွားနိုင်လိမ့်မည်ဟူသော အမှန်တရား
ဖြစ်ပါသည်။ ခေါင်းဆောင်တို့သည်လည်း ပြည်သူလူထု သွားချင်သော နေရာဆီသို့သာ
သွားရပါလိမ့်မည်။ သို့သော် ခေါင်းဆောင်က ခြေတလှမ်း စောရမည်။
အမေရိကန်နိုင်ငံသားတို့သည် စီးပွားရေးဆုတ်ကပ်ကြီးအတွင်းမှ
ရုန်းထွက်ချင်နေသည့်အချိန်တွင် ရုန်းထွက်နိုင်ကြောင်း ရုစ်ဗဲ့လ်ဒ်က
ပြောခဲ့သည်။
၁၉၄၀ ခုနှစ်တွင် အရှုံးပွဲများရင်ဆိုင်နေရသော်ငြား စစ်ကြီးကို
နိုင်နိုင်သည်ဟု ဗြိတိသျှလူမျိုးတို့  ယုံကြည်နေသည့်အချိန်တွင် ချာချီက
ယင်းယုံကြည်ချက် မှန်ကန်ကြောင်း ပြောခဲ့သည်။
ခေါင်းဆောင်တယောက်သည် ပြည်သူလူထုဧ။် အလိုဆန္ဒလှိုင်းလုံးကြီးများကို စီးဧ။်။ ပြည်သူလူထုဧ။်
မျှော်လင့်ရည်မှန်းချက် ဒီရေနှင့်အတူ စီးမျောရွေ့ လျားဧ။်။
ပြည်သူလူထုဧ။် အနက်ရှိုင်းဆုံး လိုလား တောင့်တချက်များကို
နားလည်သဘောပေါက်ဧ။်။
ခေါင်းဆောင်တယောက်အနေနှင့် ငြိမ်းချမ်းရေးလိုလားသော နိုင်ငံတခုကို
စစ်ပွဲဆင်နွှဲလာအောင် မည်သို့မျှ မလုပ်နိုင်။ စစ်တိုက်ရန် ဆုံးဖြတ်ထားသော
နိုင်ငံတခုကိုလည်း ဘယ်လိုမှ မတားမြစ်နိုင်။
ခေါင်းဆောင်တယောက်ဧ။်ရည်မှန်းချက်သည် နိုင်ငံဧ။်
စိတ်ခံစားမှုအနေအထားနှင့် တသားတည်း ကျနေရမည်။ ခေါင်းဆောင်ဧ။် အလုပ်မှာ
ပြည်သူလူထုဧ။် စွမ်းရည်စွမ်းအားနှင့် လိုအင်ဆန္ဒများကို စုစည်းပေးဖို
့ဖြစ်သည်။ ယင်းစွမ်းရည်စွမ်းအားနှင့် လိုအင်ဆန္ဒတို့ ကို အရိုးရှင်းဆုံး
စကားလုံးတို့ ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုဖော်ပြပေးဖို့ ဖြစ်သည်။ ပြည်သူလူထုကို
တက်ကြွရှင်သန်အောင် လှုံ့ ဆော်ပေးဖို့ ဖြစ်သည်။ ပြည်သူလူထု
အလိုရှိသောအရာတို့ကို အရေးကြီးသောအရာ လက်ဆုပ်လက်ကိုင် အရယူ
နိုင်သောအရာအဖြစ် မြင်လာအောင် လုပ်ဆောင်ပေးဖို့ ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ ခေါင်းဆောင်လုပ်သူသည် ကျနော်တို့ဧ။်
လိုအင်ဆန္ဒများကို ဂုဏ်တင် ချီးမြှောက်ရပါမည်။ ပြည်သူလူထုသည် ကြီးကျယ်သော
သမိုင်းကို ဖန်တီးရာတွင် ပါဝင်နေကြောင်း သဘောပေါက်လာအောင် ရှင်းပြရပါမည်။
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိသူများအဖြစ် မြင်လာအောင် အရေးပါသူများအဖြစ်
ဂုဏ်ယူလာအောင် လုပ်ပေးရပါမည်။
ချာချီသည် သူဧ။်စကားတို့ ဖြင့် ဗြိတိသျှလူမျိုးတို
့ရင်ဆိုင်နေရသောအရှုံးကို မဟာအောင်ပွဲဆီသို့ လှည့်ပြောင်းပေးခဲ့သည်။
ရုစ်ဗဲ့လ်ဒ်ဧ။် စကားတို့ သည် ပုလဲဆိပ်ကမ်း၌ အမေရိကန်သင်္ဘောများ နစ်မြုပ်
ဆုံးရှုံးမှုကို ချောက်ချားသိမ်ငယ်စရာအဖြစ်မှ
အမျိုးသားစည်းလုံးညီညွတ်ရေးအဖြစ်သို့  ပြောင်းလဲပေးခဲ့သည်။
ခေါင်းဆောင်တယောက်သည် ကျနော်တို့ ဧ။် ဆင်ခြင်တုံဥာဏ်ကို ဆွဲငင်ရမည် မဟုတ်ဘဲ
ကျနော်တို့ဧ။် အတွေးများကို ဆူပွက်လာအောင် လှုံ့ ဆွပေးရမည်။
ကြီးကျယ်သော ခေါင်းဆောင်တယောက်သည် ကြောင်းကျိုးမညီသော ဂုဏ်ရည်တခုကို
ပိုင်ဆိုင်နေရမည်။ လက်တွေ့ အချက်အလက်တို့ကို လက်သင့်မခံ ရင်မဆိုင်သော
ခေါင်းမာသည့် ငြင်းဆန်မှုမျိုး ရှိရမည်။ သူတပါးကို ကူးစက်သွားစေနိုင်သည့်
အကောင်းမြင် စိတ်ဓာတ်မျိုး ရှိရမည်။ ပြည်သူလူထုအနေနှင့် ဘာမှမကျန်အောင်
ဆုံးရှုံးသွားလေပြီဟု ခံစားနေရသည့်တိုင် အကုန်မဆုံးရှုံးသေးပါဟု လက်ခံလာအောင်
လုပ်နိုင်စွမ်းရှိရမည်။
ကြီးကျယ်သောခေါင်းဆောင်တယောက်ဧ။် အကြံပေးပုဂ္ဂိုလ်များသည် ရေခဲတုံးတမျှ
အေးစက်နေသော်လည်း ကြီးကျယ်သောခေါင်းဆောင်သည်ကား တေဇောဓာတ်အပူမီးကို ဆက်လက်
ပိုင်ဆိုင်ထားရမည်။ မြင့်မြတ်သော ရူးသွပ်မှု မီးပွားကလေးကို ဆက်လက်
ပိုင်ဆိုင်ထားရမည်။
ခေါင်းဆောင်တယောက်သည် ကျနော်တို့  အဆင်သင့်မဖြစ်သေးသရွေ့ ရောက်လာမည်ကား
မဟုတ်။ ခေါင်းဆောင်ဟူသည်ကား ကျနော်တို့ဧ။် စိတ်ကူးအိပ်မက်များနှင့်
မျှော်လင့်ချက်များကို စကားလုံးများဖြင့် ပုံဖော်ပေးခြင်း၊ ကျနော်တို့ ဧ။်
လိုအပ်ချက်များနှင့် စိုးရိမ်ကြောက်လန့် မှုများကို မူဝါဒများ စီမံချက်များ
အဖြစ်သို့ ပြောင်းလဲပေးခြင်း စသည့် လုပ်ဆောင်ချက်တို့ ဖြင့် ကျနော်တို့ ဧ။်
ရည်ရွယ်ချက်များကို ကျနော်တို့ဖာသာ ပြန်မြင်လာအောင် လုပ်ပေးသည့်
ကြေးမုံမှန်ပြင်တခုသာ ဖြစ်သောကြောင့်တည်း။
ကျနော်တို့ဧ။် အင်အားသည် ခေါင်းဆောင်ကို သန်မာစေဧ။် ကျနော်တို့ဧ။်
သန္နိဋ္ဌာန်သည် ခေါင်းဆောင်ကို ခိုင်မာစေဧ။် ကျနော်တို့ဧ။် ရဲစွမ်းသတ္တိသည်
ခေါင်းဆောင်ကို သူရဲကောင်းအာဇာနည် ဖြစ်စေဧ။်
ခေါင်းဆောင်ဟူသည် ကျနော်တို့၌ ရှိသော အကောင်းမြတ်ဆုံး စံပြဂုဏ်ရည်တို့ဧ။် သင်္ကေတဖြစ်ဧ။်
ထိုကြောင့် ကျနော်တို့တွင် ယင်းဂုဏ်ရည်များ ချို့ယွင်းနေသည့်အခါ
ခေါင်းဆောင်ကို ကျနော်တို့  မမွေးထုတ်ပေးနိုင်။ ကျနော်တို့ဧ။်
ကျွမ်းကျင်မှုများ၊ နည်းပရိယာယ်များ အားလုံးဖြင့်လည်း ခေါင်းဆောင်တယောက်ကို
မွေးထုတ်၍ မရနိုင်။ စင်စစ်သော်ကား ခေါင်းဆောင်ဟူသည် ကျနော်တို့  အားလုံးကို
စုပေါင်းထားသော အရာသာ ဖြစ်ပါဧ။်။ ။
MAUKKHA
No comments:
Post a Comment