မကွေးတိုင်းဒေသကြီး မကွေးမြို့ အောက်ဘက် ၁၂မိုင်အကွာ
ဘုရားကုန်းကျေးရွာအနီး ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ရှိ၍
မင်းတုန်းမင်းတရားကြီးလက်ထက် မြန်မာသက္ကရာဇ် ၁၂၂၅ ခု အေဒီ-၁၈၆၃ ခုနှစ်တွင်
တည်ဆောက်ပြီးစီးခဲ့သော ကွေ့ချောင်းခံတပ်ကြီးမှာ လာမည့် ၂၀၁၃ ခုနှစ်တွင်
သက်တမ်းနှစ် ၁၅၀ ပြည့်တော့မည် ဖြစ်သည်။
အဆိုပါခံတပ်ကြီးကို မင်းတုန်း မင်းတရားကြီး၏ ညီတော်ကနောင်မင်းသားကြီးမှ
ကြီးကြပ်၍ ပြင်သစ်လူမျိုးကို ပိုဟိုပယ်ရီ၊ အီတာလျံလူမျိုး မိုလီနာရီတို့၏
နည်းပညာများဖြင့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်းတည် ဆောက်ခဲ့ကြောင်း
သိရသည်။ ခံတပ်ကြီးကို အေဒီ-၁၈၆၀ ခုနှစ်မှ အေဒီ ၁၈၆၃ ခုနှစ်အထိ သုံးနှစ်
တည်ဆောက်ခဲ့ရပြီး အလျား ၂၇၅ ပေ၊ အနံ ၁၅၅ပေ၊ အမြင့် ၁၂ ပေနှင့် ထု ၎
ပေရှိသော အုတ်တံတိုင်း များဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။ ခံတပ်ကြီး၏
အရှေ့ဘက်၊ အနောက် ဘက်နှင့်မြောက်ဘက်တို့တွင် ရန်သူကို တိုက်ခိုက်ရန်
သေနတ်ပစ်ပေါက် များပါသော နံရံများဖြင့်တည်ဆောက် ခဲ့ပြီး
သေနတ်ပစ်ပေါက်ပေါင်း ၁၅၉ ပေါက်ပါရှိကြောင်း သိရသည်။ခံတပ် အတွင်းပိုင်းတွင်
စစ်သည်တန်းလျား ၂ ခု၊ အရာရှိဆောင်တစ်ဆောင်၊ အခန်း ၁၃ ခန်းနှင့် လက်နက်တိုက်
တစ်တိုက်တို့ ပါဝင်တည်ဆောက်ခဲ့သည်။
ထိုအခန်းများ၏ အပေါ်ဘက် အမိုးကို
အုတ်အင်္ဂတေဖြင့် တည်ဆောက်ထားခဲ့ပြီး ထိုအမိုးမှကျသော ရေကိုသောက်သုံးရေအဖြစ်
သိုလှောင်နိုင်ရန် ခံတပ်ကြမ်းပြင်မြေအောက်တွင် ရေကန်တစ်ခု
ထားရှိတည်ဆောက်ခဲ့ကြောင်း သိရသည်။ ထိုရေကန်မှာ အလျား ၇၂ပေ၊ အနံ ၁၇ ပေ၊ မြေ
အောက် အနက် ၈၅ ပေရှိပြီး ခံတပ်ကြမ်းပြင်တွင် ရေတွင်းပုံသဏ္ဍန် ရေခပ်ပေါက် ၂
ပေါက်တည်ဆောက် ထားခဲ့ကြောင်းသိရသည်။ ထိုအဆောင် တန်းလျားများ၏ အုတ်အင်္ဂတေ
အမိုး များမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးကျဲခံရသောကြောင့်
ပျက်စီးခဲ့ကြောင်းသိရသည်။ ခံတပ်ကြီး၏ အရှေ့တောင်ဘက်တွင် အလျား ၁၆၉ ပေ၊ အနံ
၁၄ ပေရှိသော ဥမင်တစ်ခု တည်ဆောက်ထားခဲ့ပြီး ထိုဥမင်ထဲတွင် စစ်တိုက်ဆင်များ
ထားရှိခဲ့သောကြောင့် ဆင်ကျုံးဟုခေါ်ဆိုခဲ့ကြောင်း၊ ထိုဆင်ကျုံး၏အပေါ်ဘက်တွင်
ဆင်များအတွက် လေ၀င်ပေါက် ၇ ပေါက် ကိုလည်း တည်ဆောက်ထားခဲ့သည်။
ခံတပ်ကြီးကို မြစ်ဘက်သို့ ဆင်ခြေလျောအနေအထားဖြင့် မြေက တုတ် ၎
ဆင့်ထားရှိ တည်ဆောက်ခဲ့ပြီး အပေါ်ဆုံးကတုတ်၏ အရှေ့ဘက်တွင် မျှော်စင်တစ်ခု
ထားရှိခဲ့ကြောင်း၊ ခံတပ်ကြီးတစ်ခုလုံး၏ တည်ဆောက်ပုံကို အဆင် ၃ ဆင့်ဖြင့်
တည်ဆောက်ထားခဲ့ပြီး ပထမအဆင့်သာ မြေပေါ်တွင်ထားရှိခဲ့ကြောင်း သိရသည်။
ခံတပ်ကြီး၏ အနောက်တောင်ထောင့်တွင် နောက်ပွင့်စိန်ပြောင်းထားရှိသော နေရာ၊
ခံတပ်၏တောင်ဘက် အပေါ်ဆင့်တွင် အမြှောက်တင် ခုံ ၈ ခုံ၊ အောက်ဆင့်တွင်
အမြှောက်တင်ခုံ၅ခုံ၊ အရှေ့တောင်ထောင့်တွင် အမြှောက်တင်ခုံ ၃
ခုံထားရှိခဲ့ကြောင်း သိရသည်။ ကွေ့ချောင်းခံတပ်ကြီး၏ အနောက်မြောက်ဘက်
ဧရာဝတီမြစ်တစ်ဖက်ကမ်း ဓားလွယ်ခုတ်အနေအထားတွင် မင်းလှခံတပ် တည်ရှိသည်။
ဧရာဝတီမြစ်ပြင်မှ ကြည့်လျှင် မင်းလှခံတပ်မှာ ပိုမိုမြင်သာသည်။ ထို့ကြောင့်
ရန်သူများ မင်းလှခံတပ်ကို အာရုံစိုက်စဉ် ကွေ့ချောင်းခံတပ်မှ အမာခံ
တိုက်ခိုက်လေ့ရှိခဲ့ကြောင်း သိရသည်။ မကွေးမြို့နှင့်အနီးတစ်ဝိုက်
ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် ဆင်ပေါင်ဝဲ ကတုတ်၊ ထူးပေါက်ကတုတ်၊
ပန်းတောင်ပြင် ကတုတ်၊ မင်းလှခံတပ်နှင့် ကွေ့ချောင်းခံတပ်ဟူ၍ ခံတပ်ကတုတ် ၅
ခုတည်ရှိခဲ့သည်။ ထိုခံတပ်များအနက် ကွေ့ချောင်းခံတပ်မှာ အကြီးဆုံးနှင့်
စနစ်အကျဆုံး တည်ဆောက်ခဲ့သော ခံတပ်ဖြစ်ကြောင်း သိရသည်။ ကွေ့ချောင်းခံတပ်၏
တောင်ဘက်နံရံအခြေတွင် ၁၂ ပွဲကျ ဗိုလ်ခေါ် ဗိုလ်မှူးကြီးသိဒ္ဒိရန်
အောင်ကျဆုံးခဲ့သော အထိမ်းအမှတ် ကျောက်တိုင်ကိုလည်း စိုက်ထူထားရှိခဲ့ပြီး
ယနေ့တိုင် ရှိနေဆဲပင်ဖြစ်သည်။
ထိုခံတပ်ကြီးသို့ မကွေးမြို့ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား
ကျောင်းသူများ လာရောက်လေ့လာလေ့ရှိပြီး မြသလွန်ဘုရားပွဲတော်ရက်များတွင်
မကွေးဆေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ အဓိက လာရောက်လေ့ရှိကြောင်း၊
ဧရာဝတီ မြစ်ရိုးတစ်လျှောက် ပန်းတော်(၁)၊ ပန်းတော်(၂)သင်္ဘောများဖြင့်
လာရောက်သော နိုင်ငံခြားသားခရီးသွားများလည်း ၀င်ရောက်လေ့လာလေ့ရှိကြောင်း
ခံတပ်ထိန်းသိမ်းရေးတာဝန်မှူး ဦးဝင်းထိန်က ပြောပြသည်။
ကွေ့ချောင်းခံတပ်ကြီးမှာ အင်္ဂလိပ်နယ်ချဲ့တို့၏ တတိယကျူးကျော်စစ်ကို
ခုခံတိုက်ခိုက်ခဲ့ရာတွင် အဓိကခံတပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ထိုခံတပ်ကြီးကို
၁၉၅၇ ခုနှစ်မှစ၍ ရှေ့ဟောင်းသုသေသန ဦးစီးဌာန၊ အမျိုးသားပြတိုက်နှင့်
စာကြည့်တိုက်ဦးစီးဌာနမှ ဇယားဝင် အဆောက်အဦအဖြစ် သတ်မှတ်၍
ပြုပြင်ထိန်းသိမ်းထားခဲ့ကြောင်း သိရှိရပါသည်။
EMG |
No comments:
Post a Comment