menu

Thursday 8 March 2012

ကျောက်စရစ်ကျင်း ၁၁၀ စီတင်ဆောင်လာသော စီဘီတွဲနှစ်တွဲမှ ၀င်ရောက်တိုက်မိခဲ့သည့် ငမိုးရိပ်တံတား(ကမာကြည်)ကို နည်းပညာပိုင်းဖြင့် စစ်ဆေးသွားမည်





ကျောက်စရစ်ကျင်း ၂၀၀ ကျော် တင်ဆောင်လာသည့် စီဘီတွဲနှစ်တွဲမှ ၀င်ရောက်တိုက်မိခဲ့သည့် ငမိုးရိပ်တံတား (ကမာကြည်)ကို နည်းပညာပိုင်းဖြင့် သေချာစွာ စစ်ဆေးသွားမည်ဖြစ်ကြောင်းကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာဖြစ်သူ ဦးရဲညွန့်က ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ၂၀၁၂ ခုနှစ် မတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး ကျောက်စရစ်များ တင်ဆောင်လာသည့် စီဘီတွဲနှစ်တွဲစလုံးမှာ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်တွင် ငမိုးရိပ်ချောင်းအတွင်း မြုပ်သွားခဲ့ကြောင်း သိရှိရသည်။

ငမိုးရိပ်တံတား(ကမာကြည်) ရေလယ်တိုင်အမှတ် ၆၊၇ ကို ၀င်ရောက်တိုက်မိခဲ့သည့် မြစ်ကျောက်စရစ်တင် စီဘီတွဲအမှတ် ၈၁၇၊ ၈၂၃တို့မှာ မတ်လ ၄ ရက်နေ့ ညနေပိုင်းတွင် ဆိပ်ကြီးခနောင်တိုမှ တောင်ဒဂုံမြို့နယ်ရှိ ပုဂ္ဂလိက ကျောက်စရစ်ဒိုင်တစ်ခုသို့ သွားရောက် ပို့ဆောင်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


လက်ထောက်အင်ဂျင်နီယာ ဦးရဲညွန့်က''ဖြစ်တဲ့နေ့က တံတားရဲ့ ရေလယ်တိုင်အမှတ် ၅၊ ၆၊ ၇ ကိုလှည့်ပတ်ပြီး ကြည့်ရှုစစ်ဆေးတဲ့ အခါမှာတော့ ပျက်စီးမှုတွေ မတွေ့ရပေမယ့် မတ်လ ၇ ရက်နေ့ ရေကျသွားတဲ့အချိန်မှာ စစ်ဆေးကြည့်တော့ တိုင်အမှတ် ၆ နဲ့ ၇ မှာရှိတဲ့ ဘိုးပိုင်ကို သံထည်ပတ်ထားတဲ့ တစ်လုံးစီမှာ တစ်ပေခွဲစီလောက် ပြတ်ထွက်နေတာကို တွေ့ရပါတယ်။ ၀င်တိုက်မိလိုက်တဲ့ စီဘီနှစ်တွဲက ရေအရှိန်ပါတယ်။ ၀ိတ်ပါတယ်။ ဒါကြောင့် တံတားရဲ့ ခံနိုင်ရည်ကို မျက်လုံးနဲ့ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ နည်းပညာနဲ့ တိုင်းတာ ပြီးတော့ စစ်ဆေးသွားပါမယ်''ဟု ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် စီဘီတွဲမှ တာဝန်ရှိသူအချို့ကို သုဝဏ္ဏရဲစခန်းမှ (ပ) ၉၉/၂၀၁၂၊ ပုဒ်မ ပပက၆(၁) ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ငမိုးရိပ်ချောင်းအတွင်း နစ်မြုပ်သွားသည့် စီဘီနှစ်တွဲကို မတ်လ ၁၂ ရက်နေ့တွင် အပြီးဆယ်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis