menu

Sunday 18 March 2012

နိုဗယ်ဆုရှင် လက်ရှိသမ္မတ ဟော်တာနှင့် အခြား ၁၁ ဦး ယှဉ်ပြိုင်သော အရှေ့တီမော သမ္မတရွေးကောက်ပွဲ ကျင်းပ




အရှေ့တီမောမြို့တော် ဒီလီတွင် မဲပုံများ စစ်ဆေးနေသည့် မဲရုံလုပ်သားများအား ကုလနှင့် ဒေသခံရဲတပ်ဖွဲ့များက စောင့်ကြပ်ပေးနေစဉ်
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် အရှေ့တီမောသမ္မတ ဟိုဆေးရာ မို့စ်ဟော်တာသည် မတ်လ ၁၇ ရက်တွင်ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲတွင် အခြားသမ္မတလောင်း ၁၁ ဦးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒုတိယအကျော့ ယှဉ်ပြိုင် ရဖွယ်ရှိကြောင်း သိရသည်။ ယင်း ၁၁ ဦးမှာ အင်ဒိုနီးရှားမှ လွတ်လပ်ရေး ရရှိရေး ကြိုးပမ်းရာတွင် အရေးပါသော ကဏ္ဍအသီးသီးမှ ပါဝင်ခဲ့သူများဖြစ်သည်။

အာရှနိုင်ငံသစ်နှင့် အဆင်းရဲဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သော အရှေ့တီမောတွင် သမ္မတသည် မူဝါဒရေးရာတွင် အနည်းငယ်သာ ပါဝင်ခွင့် ရှိသော်လည်း နိုင်ငံ တည်ငြိမ်ရေးအတွက်မူ အရေးပါသောနေရာမှ ပါဝင်သည်။  အရှေ့တီမောသည် ၂၀၀၂ ခုနှစ်တွင် အင်ဒိုနီးရှားမှ လွတ်လပ်ရေးရပြီးနောက် ၂၀၀၇ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ချိန်တစ်ဝိုက်တွင် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သည်။
ဟော်တာသည် အရှေ့တီမော ပဋိပက္ခတွင် ငြိမ်ချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းရှာဖွေမှုနှင့် လွတ်လပ်ရေး ရရှိရေးကြိုးပမ်းမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့သည့်အတွက် ၁၉၉၆ ခုနှစ်၌ ငြိမ်ချမ်းရေး နိုဗယ်ဆု ပူးတွဲရရှိခဲ့သည်။

မတ်လ ၁၇ ရက်တွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ထောက်ခံသူ ၉၀၀၀ ကျော်က ဟော်တာထံ တောင်းဆိုသည့်စာကို လက်မှတ်ရေးထိုး ပေးပို့ခဲ့သည်။ ဒုတိယသက်တမ်းအတွက် အရွေးခံရပါက ယခုရရှိနေသော ငြိမ်းချမ်းရေး အောင်မြင်မှု ထပ်မံရရှိရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ဟော်တာက ပြောကြားခဲ့သည်။

နိုင်ငံလွတ်လပ်ရေး ရရန်ကြိုးပမ်းမှုအတွင်း ဟော်တာသည် ပြည်ပမှနေ၍ စင်ပြိုင်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ကာ လွတ်လပ်ရေး ရရှိရေးအတွက် နိုင်ငံတကာမှထောက်ခံမှုရရှိစေရန် ကြိုးပမ်းခဲ့သည်။

ဟော်တာအတွက် အဓိကပြိုင်ဘက်မှာ ပြောက်ကျားသူပုန်ခေါင်း ဆောင်ဟောင်းနှင့် စစ်ဦးစီးချုပ်ဟောင်း Jose Marie de Vasconcelos ၊ သူပုန်ခေါင်းဆောင်ဟောင်းနှင့် လက်ရှိဝန်ကြီးချုပ် ဇာနာနာဂုစ်မာအိုတို့ ဖြစ်သည်။
၂၀၀၇ ခုနှစ်၊ လွှတ်တော် ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိခဲ့သော Fretilin ပါတီမှ Francisco Guterres နှင့် ဒီမိုကရက်တစ်ပါတီမှ Fernando de Araujo၊ အခြား စစ်ဦးစီးချုပ်ဟောင်းတစ်ဦးဖြစ်သူ တူမာတန်ရွတ်ခ်တို့လည်း ပြိုင်ဘက်ဖြစ်လာနိုင်ပြီး မေလ ၉ ရက်တွင် ဒုတိယ အကျော့ ပြိုင်ရဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။

Ref:Reuters
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis