menu

Sunday 18 March 2012

ကျပ်ဘီလျံပေါင်း ၅၅၀ ကျော်ကုန်ကျမည့် ဆောင်ရွက်ဆဲနေပြည်တော် အထူးဖွံဖြိုးရေး စီမံကိန်းလုပ်ငန်း၏ လုပ်ငန်းပမာဏ ၃၁ဒသမ ၃၆၅ ရာခိုင်နှုန်း လျှော့ချဆောင်ရွက်သွားမည်




ကျပ်ဘီလျံပေါင်း ၅၅၀ ကျော် ကုန်ကျမည့် နိုင်ငံတော်သမ္မတရုံး လုပ်ငန်းများရှိ ဆက်လက်ဆောင်ရွက်ဆဲ လုပ်ငန်းဖြစ်သည့် နေပြည်တော် အထူးဖွံဖြိုးရေး စီမံကိန်းလုပ်ငန်း၏ လုပ်ငန်းပမာဏ ၃၁ ဒသမ ၃၆၅ ရာခိုင်နှုန်း လျှော့ချ ဆောင်ရွက်သွားမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က မတ် လ ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအေးမောက်က “အမျိုးသား စီမံကိန်းဥပဒေကြမ်းတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းက တိုင်းနှင့်ပြည်နယ် အပါအ၀င် ကျပ်ဘီလျံ ၅၁၄၇ ဒသမ ၈၈ ဖြစ်ပြီး ပြည်ထောင်စုအဆင့် တွင် ၄၉၅၉ ဒသမ ၈၈၁ ဘီလျံဖြစ်ကြောင်း တင်ပြထားပါတယ်။ ယင်းကဲ့သို့ တင်ပြချက်များအပေါ် လွှတ်တော် ကိုယ်စားလှယ် အသီးသီးက သက်ဆိုင်ရာ ကော်မတီ အသီးသီးနဲ့ လေ့လာကြည့်ရှု ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုဆောင်ရွက်ခြင်းမှာလည်း မသုံးထိုက်မသုံးသင့်တာ မဆောင်ရွက်သင့်တာ မဆောင်ရွက်ရန် မလုပ်သင့်သေးတာ မလုပ်ရန် ရပ်ဆိုင်းသင့်တာ ရပ်ဆိုင်းရန် အခုလောလောဆယ် မလုပ်သင့်သေးတာ မလုပ်ရန် ရွှေ့ပြောင်း ဆောင်ရွက်နိုင်ရန် အတွက် ရည်ရွယ်၍ ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အခုနိုင်ငံတော်သမ္မတရုံးနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စာမျက်နှာ ၅ မှာလည်း ဖော်ပြထားပါတယ်။ လုပ်ငန်းများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းများလို့ ပါရှိပါတယ်။ အဲဒီ ဆောင်ရွက်ဆဲ လုပ်ငန်းများမှ အထူး ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများနဲ့ ပတ်သက်လို့ ပြင်ဆင်ချက်အဆိုကို တင်ပြသွားမှာ ဖြစ်ပါတယ်။ အထူး ဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါရှိတဲ့လုပ်ငန်း တချို့ကို ရွှေ့ဆိုင်းဆောင်ရွက်ဖို့ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ထို့ကြောင့် လုပ်ငန်း၏ ၃၁ ဒသမ ၃၆၅ ရာခိုင်နှုန်းကို လျှော့ချပေးဖို့ ပြင်ဆင်ချက် အဆိုတင်သွင်းပါတယ်”ဟု ပြည် ထောင်စုလွှတ်တော်၌ တင်သွင်းခဲ့သည်။

ထိုအခါ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲအများစုဖြင့် အနိုင်ရရှိခဲ့ကြသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis