မကြာသေးခင်ကမှ သတင်းတစ်ခုကို ဖတ်လိုက်ရပါတယ်။ ဟိုတယ်တစ်ခုမှာ
နိုင်ငံခြားသားတစ်ဦးက ဧည့်ကြိုကောင်တာက မြန်မာအမျိုး သမီးလေးကို
ပါးရိုက်လိုက်တဲ့ သတင်းပါ။ တစ်ဦးတည်း ငှားနေတဲ့ နိုင်ငံခြားသား အပြင်က
ပြန်အလာမှာ မှတ်ပုံ တင်မပြတ်မသားနှင့် အမျိုးသမီးငယ်တစ်ဦးကိုပါ တစ်ပါတည်း
ခေါ်လာခဲ့ပါတယ်။ အတူတကွ အခန်းပေါ်ကိုတက်ဖို့ ငြင်းဆန်ခံရတဲ့အခါ
ကတောက်ကဆတွေဖြစ်ပြီး နောက်ဆုံးမြန်မာ အမျိုးသမီးလေးကို နိုင်ငံခြားသားက
ပါးရိုက်လိုက်ပါတယ်။ ဘေးဝိုင်းက ကျွန်တော့်လိုပဲ အဲဒီသတင်းကို စိတ်ဝင်တစား
ပြောဆိုနေကြသံတွေကိုလည်း ကြားလိုက်ရပါတယ်။
တစ်ဦးက ဟိုတယ်ကို အပြစ်တင်တယ်။ ဒီလိုအချိန်မှာ အမျိုးသားဝန်ထမ်းတွေ
တွဲဖက်ချထားသင့်တယ်တဲ့။ နောက်တစ်ဦးက မိန်းမငယ်လေးကို အံ့သြစရာ
အပြစ်တင်လိုက်တာကို ကြားရတယ်။ ဟိုတယ်တွေအားလုံးက သိသိသာသာရော၊ မသိမသာပါ
ဒီလိုကိစ္စမျိုးကို ခွင့်ပြုနေတာပဲ။
မသိချင် ယောင်ဆောင်လိုက်ပြီးရော။ ခုတော့
မနေတတ် မထိုင်တတ် ဆိုတာ ပြောသံကြားလိုက်တယ်။ အမြင်ချင်းမတူတဲ့အပြင်
နှမချင်း မစာမနာ ပြောလိုက်တာလို့ ထောင်းကနဲ ဒေါသ ထွက်သွားပေမယ့်
လူတိုင်းမှာ မတူကွဲပြားတဲ့ အမြင်တွေ ရှိနေနိုင်တယ် ဆိုတာကို
နားလည်လိုက်ပါတယ်။ ကျွန်တော်ကတော့ ဒီကိစ္စပေါ်မူတည်ပြီး
ဆက်တွေးနေမိပါတော့တယ်။
စည်ကားတဲ့ မြို့ကြီးပြကြီးတွေမှာ ဆံပင်ညှပ်ဆိုင် အမည်ခံတဲ့
အနှိပ်ခန်းတွေ၊ အနှိပ်ခန်း (သို့မဟုတ်) ကာရာအိုကေအမည်ခံ ပြည့်တန်ဆာ
လုပ်ငန်းတွေ၊ ဟိုတယ်ကြီး ဖွင့်လှစ်ပြီး အခြားဘယ်နေရာမှာ
အဖမ်းအဆီးရှိရှိ ဒီမှာတော့ လိုရာရတယ်ဆိုပြီး လုပ်ကိုင်နေကြသူတွေဟာ
မနည်းလှပါဘူး။ ရွာတွေကနေ မြို့ပေါ်က စတိုးဆိုင် တစ်ခုမှာ အလုပ်လုပ်နေတယ်။
သူနာပြု အကူသင်တန်းတက်ပြီး အလုပ်လုပ်နေတယ်။ အထည်ချုပ်မှာ
အလုပ်လုပ်နေတယ်ဆိုပြီး အမှန်တော့ အသွေးအသားကို ရောင်းစားအန္တရာယ်ကို
အရင်းအနှီးပြု တစ်ခဏတာ အလှနှင့်ဆန္ဒ တွေအတွက် ဘ၀ကို ရေလိုက်လွဲနေတာတွေဟာ
မဆန်းတော့တဲ့ နောက်ဆုံးပေါ် ဇာတ်လေးတွေပါ။
လှိုက်စားပြီး အရိုးထိရောက်တော့မယ့် ပြည်တည်နာတစ်ခုလို အချိန်မီ အနာခံခွဲ
ထုတ်ပစ်ရမယ့် ကိစ္စတစ်ခုလို့လည်း ထင်မိပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်
နီးပါးက ရောက်ခဲ့ဖူးတဲ့ နယ်စပ်မြို့ ကလေးက သူတွေပြောသလို သူတို့ဆီက
မိန်းကလေးတွေဟာ တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်ကြရင် ဘာတွေလုပ်ကြသလဲဆိုတော့
အများအလုပ်လုပ်တာ လုပ်ငန်း သုံးခုပဲ ရှိတယ်တဲ့။ အိမ်ဖော်ရယ်၊
ပြည့်တန်ဆာရယ်၊ မယားငယ်ရယ်တဲ့။ လူကုန် ကူးတဲ့ ပွဲစားတွေက မိမိရဲ့
အသွေးအသားကို ရင်းနှီးပြီး မိဘကိုလုပ်ကျွေးရတာ မွန်မြတ်တယ်လို့လည်း
မှိုင်းတိုက်ထားကြတယ်တဲ့။ ရင်နာစရာပါ။
ကျွန်တော်သိသလောက် အဲဒီဒေသမှာ ကျွန်တော့်ကို ပြောခဲ့သူတွေ အခု
မရှိကြတော့ပါဘူး။ ဘာမှန်းမသိ (သို့) လူသိမခံ (သို့) သိသိနှင့်
မသိချင်ယောင်ဆောင်ခံရတဲ့ ရောဂါတွေနှင့် လောကကြီးကို ကျောခိုင်းကုန်ကြပါပြီ။
နောက်ဆို နယ်အသီးသီးက မြို့ကြီးပြကြီးတွေမှာ အလုပ် လာလုပ်ကြတဲ့သူ
ကလေးတွေရော ဘယ်လိုဖြစ်ကြမှာလဲ။ ရွက်ဝါတွေမကြွေခင် ရွက်နုကလေးတွေ
မြေခတော့မှာလား။ တစ်ဖက်က ယဉ်ကျေးမှု၊ အစဉ်အလာ၊ ကျင့်ဝတ်။ တစ်ဖက်က
တံခါးဖွင့်လိုက်တဲ့ အချိန်မှာ ရောက်လာရိုက်ခတ်တဲ့လှိုင်း။ ဖြစ်ပျက်နေတာကို
သိသိနှင့် ဟိုဘက်လိုလို၊ ဒီဘက်လိုလို မသိချင်ယောင်ဆောင်နေပြီး
အရင်းအမြစ်ကို မဖြေရှင်းဘဲ ပြဿနာပေါ်လာမှ ကြုံသလို ဆေးမြီးတိုနှင့်ပဲ ကု
နေမယ်ဆိုရင် ယခုအချိန်မှာ ရှိသမျှ မဏ္ဍိုင်အသီးသီးက တာဝန်ရှိသူတွေဟာ
တစ်ချိန်မှာသမိုင်းရဲ့ တရားခံတွေ ဖြစ်ကြတော့မှာပါ။ ဘယ်လိုလုပ်ကြမှာလဲ။
ယဉ်ကျေးမှုဘက်ကို ကပ်မလား၊ ရိုက်ခတ်လာတဲ့လှိုင်းကို လက်ခံမလား။
တစ်ဖက်ဖက်ကိုတော့ စနစ်တကျ ကပ်တတ်ဖို့ လိုအပ်ပါတယ်။
ယဉ်ကျေးမှုကို
ထိန်းသိမ်းမယ်ဆိုရင် ပြတ်ပြတ်သားသားကို အရေးယူလိုက်ပါတော့။
ဘယ်သူပိုင်တာမို့လို့ ဘယ်အဖွဲ့အစည်းနှင့် လုပ်ကိုင်နေတာမို့လို့ဆိုတဲ့
ဥပဒေအထက်ကို ရောက်နေတဲ့ လူသားတွေ အဖွဲ့အစည်းတွေကို ဥပဒေရဲ့
ထီးရိပ်အောက်မှာပဲ ရှိပါစေတော့။ စီမံချက်ရှိတဲ့ အချိန်မှာ
အဆင်မသင့်သူတွေကို အဖမ်းပြ၊ အဆင်သင့်သူတွေကို အကြောင်းကြား
ခေတ္တခဏအနားယူခိုင်းတဲ့ အချိန်တွေ ကုန်လွန်သင့်ပါပြီ။
တစ်ဖက်က ယဉ်ကျေးမှု၊ အစဉ်အလာ၊ ကျင့်ဝတ်။ တစ်ဖက်က တံခါးဖွင့်လိုက်တဲ့
အချိန်မှာ ရောက်လာ ရိုက်ခတ်တဲ့ လှိုင်း။ ဖြစ်ပျက်နေတာကို သိသိနှင့်
ဟိုဘက်လိုလို၊ ဒီဘက်လိုလို မသိချင်ယောင်ဆောင်နေပြီး အရင်းအမြစ်ကို
မဖြေရှင်းဘဲ ပြဿနာပေါ်လာမှ ကြုံသလို ဆေးမြီးတိုနှင့်ပဲ ကုနေမယ်ဆိုရင် ...
|
ဥပဒေကို လက်တစ်လုံးခြား မကစားသင့်တော့ပါဘူး။ ဒါပေမဲ့ အရေးယူမယ်ဆိုရင်
အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီး တစ်ပါတည်း ဖန်တီးပေးဖို့
လိုအပ်ပါလိမ့်မယ်။ မ ထသာရေစာနှင့် သေအောင်ခိုင်းပြီး မသေရုံလစာပေးတဲ့
လုပ်ငန်းတွေကို ဥပဒေ သတ်မှတ်လိုက်နာခိုင်းပြီး အလုပ်သမားတွေကိုလည်း
ဖူလုံဖို့ အကာအကွယ်တွေ စီမံပေးရပါလိမ့်မယ်။ နားနှင့်မနာ ဖ၀ါးနှင့်နာပါ။
မွေးက တည်းက မီးမီးကတော့ ကြီးလာရင် -ာလုပ်စားမယ်ဆိုတဲ့ မိန်းကလေး
မရှိပါဘူး။ အဲဒီလို အခြေအနေ ဘ၀တွေကို ကံကြမ္မာရဲ့ အလှည့်အပြောင်း
အရိုက်အခတ်၊ ကိုယ်ခံစာရိတ္တ အနည်းအများ၊ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး
မလွဲမရှောင်သာ ရောက်သွားကြ သူတွေချည်းပါပဲ။ ဘယ်သူ မဆို ဖြစ်နိုင်ရင်
အဖြူလေးတွေပဲ ဖြစ်ချင်မှာသဘာဝပါ။ လုပ်ခလစာနှင့် တည်ငြိမ်စွာ
ရပ်တည်နိုင်မည့် အလုပ်အကိုင်တွေ ပေါ်ပေါက်လာအောင် လုပ်ပေးရပါမယ်။
သီလစောင့်နိုင်အောင် အူမတောင့်အောင် စီမံပေးရပါလိမ့်မယ်။ ဖြစ်လာမှာပေါ့၊
လုပ်နေတာပဲဆိုပြီး နေလို့မရပါဘူး။ ဖြစ်လာအောင်ကို လုပ်ပေး ဖန်တီးပေးရမှာပါ။
ဒါဟာ ရိုက်ခတ်လာတဲ့ လှိုင်းတစ်ခုဆိုပြီး လက်ခံမယ်ဆိုရင်လည်း ဥပဒေတစ်ရပ်
သတ်မှတ်ပြီး လုပ်ကိုင်ရတော့မှာပါ။ ကြားရတာတော့ နားခါးစရာဖြစ်ပေမယ့် တရားဝင်
ခွင့်ပြုပေးရပါလိမ့်မယ်။ အဲဒီလိုဆိုရင် ကျန်းမာရေးလို ကိစ္စမျိုးတွေမှာ
ပိုမိုပညာ ပေးနိုင်၊ ကာကွယ်မှုတွေ ပိုမိုလုပ်နိုင်၊ စောင့်ရှောက်မှုတွေ
ပိုမိုပေးနိုင်လာပါလိမ့်မယ်။ ရောဂါတွေကို ပိုမိုထိန်းချုပ်လာနိုင်သလို
မိခင်သေနှုန်းတွေ ကိုယ်ဝန်ဖျက်ချနှုန်းတွေကိုလည်း လျော့ချပေးနိုင်
ပါလိမ့်မယ်။ လုပ်ကိုင်နေတဲ့ မိန်းကလေးတွေကိုလည်း လုပ်အားခ
ခေါင်းပုံဖြတ်နေတာတွေ မရှိနိုင်တော့ပါဘူး။ လိုင်းကြေးဆိုတာ တွေဟာ
အခွန်အခတွေ ဖြစ်လာမှာပါ။ နေရာအနှံ့ လူမြင်မကောင်းဖြစ်နေရာ ကနေ
သတ်သတ်မှတ်မှတ် နေရာတွေ ဖြစ်လာမှာပါ။ လမ်းဆုံလမ်းခွတွေမှာ ညဘက်ဆို
အများအမြင် မတင့်တယ်စွာ ဈေးကွက်ရှာနေတတ်တဲ့ မြင်ကွင်းတွေလည်း
ပပျောက်သွားမှာပါ။ တရားဝင် လိုင်စင်ရသူတွေက သူတို့ အခွင့်အရေးအတွက်
တရားမ၀င်သူတွေကို တိုက်ဖျက်ပါလိမ့်မယ်။ အဲဒါဆိုရင် ဟိုတယ်ရောက်တိုင်း
ဟိုလိုနေရာချည်းထင်ပြီး မလွဲမရှောင်သာလို့သာ တည်းရတယ်၊ ဟိုတယ်ပစ္စည်းတွေကို
ရွံ့ရှာနေတတ်သူတွေအတွက်လည်း စိတ်ချမ်းသာစွာ ရွေးချယ် တည်းခိုစရာတွေ
ရှိလာတော့မှာပါ။
အားလုံးကို တိုက်တွန်းချင်ပါတယ်။ မတူတဲ့အမြင်၊ ကွဲပြားတဲ့ အတွေးဆိုတာ
လူတိုင်းမှာ ရှိပါတယ်။ ပိုကောင်းတဲ့ အများလက်ခံတဲ့ အယူအဆကို
အားလုံးကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခံရမှာပါပဲ။ ခု ကျွန်တော် တင်ပြတဲ့
ပြဿနာကိုလည်း ပြည်တည်နာတစ်ခုလို အရိုးအထိ လှိုက်စားပြီး တိုင်းပြည်နှင့်
လူမျိုးကိုပါ ထိခိုက်တော့တဲ့အထိ မေ့ချင်ယောင် မဆောင်စေချင်ပါဘူး။ အများဆန္ဒ
ခံယူစေချင်ပါတယ်။ ကစားစေမှာလား၊ နားစေမှာလားဗျာ။
EMG |
No comments:
Post a Comment