ကိုယ်ရေးတဲ့စာတွေကိုဖတ်ပြီး မမောနိုင် မပန်းနိုင် ဝေဖန်ပေးလေ့ရှိတဲ့
ငယ်သူငယ်ချင်းနှစ်ယောက် ကိုယ့်မှာရှိပါတယ်။ အဲဒီ
သူငယ်ချင်းနှစ်ယောက်အကြောင်း စဉ်းစားမိရင် ငယ်စဉ်တုန်းက တစ်ရပ်ကွက်တည်း
အတူနေခဲ့ ရပြီး အိန္ဒိယ ရုပ်ရှင်ဇာတ်ကားတွေကို အလွန်ကြိုက်တဲ့ သူဌေးကြီး
ဇနီးမောင်နှံတို့နှစ်ယောက် အကြောင်းကိုလည်း သွားသတိရမိလေ့ ရှိတတ်ပါတယ်။
သူတို့နှစ်ဦးဟာ အိန္ဒိယရုပ်ရှင် ဒရမ်မာ(drama) ဇာတ်ကားတွေ ရုံတင်တိုင်း
မလွတ်တမ်း သွားကြည့်လေ့ရှိကြတာပါ။ အဲဒါ ရုပ်ရှင်သွားကြည့်တိုင်းလည်း
သူတို့အိမ်က ဒရိုင်ဘာ အီစွတ်နဲ့ ထမင်းချက် လက်ချမီးတို့ လင်မယားကိုပါ
ခေါ်သွားလေ့ရှိကြပါတယ်။ သူတို့နှစ်ယောက်က အိန္ဒိယစကား ကောင်းကောင်း
နားလည်သူတွေဆိုတော့ ရုပ်ရှင်ရုံထဲမှာ သူဌေးကြီး ဇနီးမောင်နှံတို့ရဲ့
ဘေးတစ်ဘက် တစ်ချက်မှာထိုင်ပြီး ဘာသာပြန်ပေးရတာပေါ့။ လက်ချမီးက စကား
ကြွယ်သူဆိုတော့ သူဌေး ကတော်ကြီးကို ဘာသာပြန်ပေးတဲ့အခါမှာ ဖွဲ့နွဲ့ပြီး
ဘာသာပြန်ပေးလေ့ရှိတာမို့ သူဌေးကတော်ကြီးမှာလည်း မြန်မာကားကြည့်ရတာနဲ့
ဘာမှမခြားခံစားရပြီး ရုပ်ရှင်ကြည့်ရင်း တရွှဲရွှဲ ငိုရပါတယ်။ အီစွတ်က
သိပ်ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ပေမယ့် ရုပ်ရှင်ကြည့်ပြီး သဘာဝကျကျ
ဝေဖန်တတ်သူမို့ သူ့ကိုလည်း သူဌေးကြီးက လက်မလွှတ်နိုင်ပါဘူး။
အဲ ... ကိုယ့်သူငယ်ချင်း နှစ်ယောက်ကလည်း အီစွတ်နဲ့ လက်ခ်ျမီး လိုပါပဲ။
တစ်ယောက်က ရိုးရိုး ဝေဖန်တတ်ပေမယ့် သူပြောတာတွေက သဘာဝကျနေလေ့ရှိပါတယ်။
နောက်တစ်ယောက်ကတော့ အသေးစိတ် ဝေဖန်ဆွေးနွေးပေးလေ့ရှိပြီး
သူ့အကြံပေးချက်တွေကလည်း ကိုယ့် အတွက် အမြဲအထောက်အကူ ဖြစ်နေလေ့ရှိတာမို့
သူတို့နှစ်ယောက်ကိုလည်း ကိုယ်က လက်မလွှတ်နိုင်ပါဘူး။ အဲဒါ အဲဒီသူငယ်ချင်း
နှစ်ယောက်နဲ့ ဆုံတော့ သူတို့ကို အီစွတ်နဲ့ လက်ချမီးတို့အကြောင်း ပြောပြပြီး
မင်းတို့နှစ်ယောက်ဟာလည်း ငါ့အတွက် အီစွတ်နဲ့ လက်ချမီးလိုဖြစ်နေလို့
ဒီကနေ့ကစပြီး မင်းတို့ကို အီစွတ်နဲ့ လက်ချမီးလို့ပဲ ခေါ်တော့
မယ်လို့ပြောပြီး နောက်ပြောင်ခေါ်လာခဲ့ရာက ဒီလိုနဲ့ပဲ ကိုယ်လည်း
နှုတ်ကျိုးသွားပါတော့တယ်။
ဟိုတလောတုန်းကတော့ သူတို့နှစ်ယောက်က မင်းနောက်တစ်ခါ ဘာရေးမလဲလို့
မေးကြတယ်။ ကိုယ်လည်း ရေးချင်နေတာကြာပြီဖြစ်တဲ့ 'ကျားပေါ်ကလူ' ဆိုတဲ့
ခေါင်းစဉ်နဲ့ ရေးတော့မယ့်အကြောင်းနဲ့ ရေးမယ့် အကြောင်းအရာကိုလည်း
ရှင်းပြလိုက်ပါတယ်။ အီစွတ်ကတော့ မင့်တင်ပြချက်က အင်မတန်မှ ရိုးတဲ့
အကြံပြုချက်ပဲကွ၊ ဒါပေမယ့် simple advice တွေဟာလည်း တစ်ခါတစ်ခါ
သိပ်အလုပ်ဖြစ်တတ်လို့ ရေးသာရေးပါလို့ သူပြောပါတယ်။ လက်ခ်ျမီးကတော့
အလေးအနက်စဉ်းစားပြီး ဒါကိုရေးလိုက်ရင် စာဖတ်သူတချို့က မင်းရေးတာကို
သဘောကျချင်မှ ကျကြလိမ့်မယ်။ ဒါပေမယ့် အတွေးအခေါ်အယူအဆ ဆိုတာကတော့
တစ်ယောက်နဲ့ တစ်ယောက် ထပ်တူထပ်မျှတော့ ဘယ်တူနိုင်လိမ့်မလဲ၊
စေတနာအရင်းခံပြီး ရေးတာပဲကွာ ရေးသာရေးပါလို့ ချိန်ချိန်ဆဆနဲ့ ပြောပါတယ်။
ဒါပေမယ့် သူချိန်ဆပြောသလို ကိုယ်လည်း ချိန်ဆတာတွေ လွန်ကဲပြီး
ဒီ'ကျားပေါ်ကလူ' အကြောင်းကို တော်တော်နဲ့ မရေးဖြစ်တော့ပါဘူး။ ဟိုတစ်နေ့ကတော့
ကိုယ်လည်း အကြောင်းကိစ္စတစ်ခုကြောင့် ဘန်ကောက်ကို ရောက်သွားခဲ့ပါတယ်။
ပြီးမှ ဘန်ကောက်ကနေ 'ချင်းမိုင်' (Chiang Mai) ကို ရထားနဲ့လည်း
သွားဖြစ်ခဲ့ပါတယ်။ ပြောရရင်တော့ ဒီခရီးကို ရထားနဲ့ သွားချင်နေခဲ့တာလည်း
ကြမြင့်ခဲ့လှပါပြီ။ ခုမှပဲ သွားဖြစ်တော့တာပါ။ မြန်မာပြည်မှာ ဖွားမြင်ပြီး
ထိုင်းမှာ အမြဲနေနေတဲ့ ကိုယ့်မိတ်ဆွေတစ်ယောက်နဲ့ အတူသွားဖြစ်ကြတာပါ။
ဒီလိုနဲ့ ကိုယ်တို့ နှစ်ဦးဟာ ဘန်ကောက်ဘူတာကြီးထဲကို ရောက်ခဲ့ကြပါတယ်။
ဘန်ကောက် ချင်းမိုင်ရထားက ရှစ်နာရီခွဲ နာရီထွက်မယ်လို့ ကြေငြာထားပေမယ့်
တကယ်ရထားထွက်တော့ ၁၀ နာရီ ၁၅ မိနစ် ရှိနေပါပြီ။
ကိုယ်တို့လည်း ရထားတွဲပေါ်တက်ပြီး နေရာယူလိုက်ကြတဲ့ အဲဒီအချိန်ကလေးမှာ
ကိုယ်တက္ကသိုလ် ကျောင်းပြီးကာစတုန်းက ရန်ကုန်-မန္တလေး နေ့အမြန်ဆိုတဲ့
ရထားစီးခဲ့ ရတာကို သွားသတိရမိတယ်။ အဲဒီ နေ့ အမြန် ရထားဟာ မန္တလေးကနေ မနက် ၆
နာရီတိတိထွက်ပါတယ်။ ရိုးရိုးတန်း ၂၀ိ/ကျော်ကျော် အထက်တန်း
၆၀ိ/ကျော်ကျော်လောက်ပဲ ပေးရတာကို ခုထိ မှတ်မိနေပါသေးတယ်။ သာစည်နဲ့
ပျဉ်းမနား ဘူတာတွေမှာ ၅ မိနစ်စီရပ်ပြီး မှတ်မှတ်ရရ 'ကုန်းကြီး' လို့ခေါ်တဲ့
ဘူတာလေးကို ၁၂ နာရီတိတိမှာ ရောက်ပါတယ်။ အဲဒီမှာ ရန်ကုန်ကလာတဲ့ နေ့အမြန် ကို
ခဏစောင့်ပြီး ဆက်ထွက်လိုက်တဲ့အခါ တောင်ငူဘူတာမှာ တစ်ခါရပ်ပြီးရန်ကုန်ကို
ညနေ ၆ နာရီတိတိ ရောက်တာပါပဲ။ မယုံမရှိနဲ့၊ ဘယ်တော့မှ ၂ မိနစ်ထက်
ပိုနောက်ကျလေ့ မရှိခဲ့ပါဘူး။ နောက်ပြီး အထက်တန်းတွဲက
ထိုင်ခုံတန်းတစ်တန်းမှာ ဆိုဖာထိုင်ခုံ သုံးခုံပဲထားလို့ တော်တော်ချောင်တယ်။
အဲဒီဆိုဖာ ထိုင်ခုံတွေကကောင်းလည်း ကောင်းတယ်၊ နောက်လှည့်ချင်လှည့်
ရှေ့လှည့်ချင်လှည့်၊ ကြိုက်သလို လှည့်ပြီးထိုင်လို့လည်းရတယ်။
အဲကွန်းတော့မပါဘူး။ ပန်ကာပါပါတယ်။ ဒါပေမယ့် လုံးဝမအိုက်ဘူး။
စားချင်တာရှိရင် စားသောက်တွဲ (Restaurant Car) ကိုသွားပြီး ခေါက်ဆွဲကြော်
ထမင်းကြော် လက်ဖက်ရည် ကော်ဖီ အအေးကြိုက်တာမှာပြီး ဇိမ်နဲ့
ထိုင်စားလိုက်ရုံပါပဲ။
မြေကြီးပေါ် ရောက်သွားတဲ့အခါ ကိုယ့်ဘ၀ အနာဂတ်
လုံခြုံရေးအတွက် ဘာအာမခံချက်မှမရှိဘဲ ကျားစာ ဖြစ်သွားတော့မယ့်အတူတူ
ဖြစ်ချင်ရာဖြစ် မြေကြီးပေါ်မဆင်းတော့ဘူးလို့ ဆုံးဖြတ်ပြီး
နောက်ကျားတစ်ကောင်ရဲ့ ကျောပေါ် ပြောင်းတက်နိုင်ဖို့ကိုသာ အသားကုန်
ကြိုးစားအားထုတ်ခဲ့ကြလို့ပါပဲ . . .
ပြောရရင်တော့ ဒါတွေကိုတွေးမိပြီး သတိရရင်း ဘန်ကောက် ချင်းမိုင်ရထားကို
စီးခဲ့တာပါ။ အဲဒီ ရန်ကုန် မန္တလေးနေ့ အမြန်ထက် အများကြီးသာမယ်လို့
ထင်ခဲ့မိတာလည်း အမှန်ပါပဲ။ အခုဒီရထားကတော့ ထိုင်းငွေ ၆၁၁
ဘတ်မြန်မာငွေနဲ့ဆို ကျပ် ၁၈၀၀၀ ကျော်လောက် ပေးရပါတယ်။ ထိုင်ခုံတန်း
တစ်တန်းကို ထိုင်ခုံလေးခုံရှိလို့ တော်တော်ကျပ်ပါတယ်။ ပန်ကာပါပေမယ့်
ပန်ကာမသုံးပါဘူး။ အဲကွန်း ဖွင့်ထားပါတယ်။ လူစီးတွဲ ၃ တွဲ ပဲ ပါပါတယ်။
စားသောက်တွဲ မပါပါဘူး၊ စားပျော်ရုံသာရှိပြီး ဖော့ပါဆယ်ဘူးလေးနဲ့ ထည့်ထားတဲ့
ဟင်း ထမင်းတို့နဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် နှစ်ကြိမ်ကျွေးပါတယ်။
ကိုယ့်ထိုင်ခုံအောက်တည့်တည့် တွဲအောက်ကလည်း တစ်ဂျောင်းဂျောင်းနဲ့
ကြောက်ခမန်းလိလိ မြည်နေလို့ ဘီးတွေပြုတ်ထွက်ပြီး ခုပဲ
ရထားလမ်းချော်တော့မလားလို့ တစ်လမ်းလုံး တွေးပူရင်း ဒီအတိုင်းပဲ
ခရီးဆုံးတဲ့အထိ ဆက်လိုက်လာခဲ့ရတာပါ။
တချို့နေရာတွေမှာ တစ်ဘူတာနဲ့ တစ်ဘူတာ ၅ ကီလိုလောက်ပဲ ဝေးတာတောင် ရထားက
ဘူတာစဉ်လည်း ရပ်ပါတယ်။ ပြီးခဲ့တဲ့မိုးမှာ ရေကြီးတုန်းက လမ်းမှာရှိတဲ့
တံတားတွေ အားလုံးလိုလိုလည်း ကျိုးခဲ့ကြဟန် တူပါတယ်။ တံတားတွေပေါ်
ဖြတ်တိုင်းမှာလည်း ဖြည်းဖြည်းလေးပဲ ခုတ်ရလို့ ရထားက ဘန်ကောက်ကနေ ၃၆၃
မိုင်ဝေးတဲ့ ချင်းမိုင်ကို ည ၁၁ နာရီခွဲမှ ရောက်ပါတော့တယ်။ ရထားစီးရင်းနဲ့
ကိုယ့်အတွေးတွေဟာ ပျံ့လွင်ချင်တိုင်း ပျံ့လွင့်နေခဲ့ကြတာပါ။ ပြောရရင်တော့
ထိုင်းနိုင်ငံကိုရောက်တိုင်း အဲဒီနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေကို
ကြည့်ကြည့်ပြီး အားငယ်သွားလေ့ရှိတာညအမှန်ပါပဲ။ ဒီတစ်ခါ ဘန်ကောက်ကနေ
ချင်းမိုင်ကို ရထားစီးပြီး ခရီး သွားမိတဲ့အခါမှာတော့ လွန်ခဲ့တဲ့နှစ် ၄၀
တုန်းက ကိုယ်တို့နိုင်ငံက ရန်ကုန်-မန္တလေး နေ့အမြန်ဟာ
အခုဘန်ကောက်-ချင်းမိုင် ရထားထက်ဘာလို့ ပိုအချိန်မှန်ခဲ့ရတာလဲ၊ ဘာလို့စီးရတာ
ပိုစိတ်ချမ်းသာ ခဲ့ရတာလဲလို့ တွေးမိပြီး စိတ်ခွန်အားတွေ ရင်ထဲမှာ
အလိုလိုတက်လာသလိုလည်း ခံစားလိုက်ရပါတယ်။
ဒီလို ဟိုတွေဒီတွေးပြီး လိုက်လာရင်းနဲ့ ရထားဟာ မြေပြန့်ကနေ
တောင်ပေါ်ရောက်လာပြီး မိုးလည်း ချုပ်လာပါပြီ။ ချင်းမိုင်ရောက်ကာနီးတော့
ခရီးသည်တွေလည်း တော်တော်နည်းသွားတယ်။ အဲဒီမှာ တွဲစောင့်က ရထားတွဲထဲက
လူမရှိတော့တဲ့ နှစ်ယောက်တွဲ ထိုင်ခုံတွေကို နောက်ပြန်လှည့်တယ်။ သဘောကတော့
မိုးလင်းတာနဲ့ ဒီရထား ဘန်ကောက်ပြန်ထွက်တဲ့အခါ တက်လာမယ့်ခရီးသည်တွေ
ထိုင်လိုက်တာနဲ့ အဆင်သင့် ရှေ့လှည့်ပြီးသား ဖြစ်နေအောင် ကြိုလုပ်ထားတဲ့
သဘောပါပဲ။ အဲလို လုပ်လို့ရမှန်းသိတာနဲ့ ကိုယ်တို့လည်း ဟိုလှည့်ဒီလှည့်လုပ်
ကြရင်းက ကိုယ်တို့ရဲ့ ဦးကြီးအဒေါ် အရွယ်လောက်ရှိတဲ့ ထိုင်းခရီးသွား
နှစ်ယောက်နဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားပါတော့တယ်။ သူတို့နှစ်ဦးဟာ
အင်္ဂလိပ်လို ကောင်းကောင်း ပြောနိုင်သူတွေ ဖြစ်ကြလို့ မကြာခင်မှာပဲ
ကိုယ်တို့လေးယောက်လည်း စကားလက်ဆုံကျသွားကြပါတော့တယ်။ ကိုယ့်မိတ်ဆွေက
ဦးလေးကြီးကို ဘယ်ကပြန်လာကြတာလဲ ဘာညာမေးရင်းက ဦးလေးကြီးဟာ
ချင်းမိုင်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အငြိမ်းစား
ပါမောက္ခကြီးတစ်ဦးဖြစ်နေပြီး ဦးလေးကြီးနဲ့ ဇနီးဖြစ်သူတို့နှစ်ဦးဟာ
ထိုင်းနိုင်ငံတောင်ပိုင်း 'ဟတ်ထယိုင်' (Hat Yai) တက္ကသိုလ်မှာ
ကျောင်းဆရာလုပ်နေတဲ့ သားဖြစ်သူဆီက ပြန်လာကြတာဖြစ်တဲ့အကြောင်း
သိလိုက်ရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက 'ယာလာ' (Yala) တို့ 'နာရာသီဝပ်'
(Narathiwat)တို့ 'ပတ်ထနီ' (Pattani)တို့ဆိုတဲ့ ပြည်နယ်တွေဟာ မကြာခဏ
ဗုံးပေါက်နေတဲ့ နေရာတွေပါ။ သောင်းကျန်းသူတွေဟာ ရော်ဘာခြံထဲမှာ
ရော်ဘာခြစ်နေတဲ့ လူနဲ့ စာသင်ကျောင်းထဲမှာ စာသင်နေတဲ့ ကျောင်းဆရာ
ဆရာမတွေကိုပါမကျန် ပစ်သတ်လေ့ရှိကြပြီး တချို့ဘုန်းတော်ကြီးတွေဆိုရင်
ဆွမ်းခံရင်းလမ်ဘေးမှာ ထောင်ထားတဲ့ဗုံးကွဲလို့ ပျံလွန်တော်မူ ရတာတွေလည်း
ရှိခဲ့ဖူးပါတယ်။ ဖြစ်ချင်တော့ သိပ်မကြာခင် အတိတ်ကာလက ဟတ်ထယိုင်
မြို့လယ်ခေါင်မှာ ဗုံးကွဲပြီး လူ ၄ ယောက်သေ ၂၀ ကျော် ဒဏ်ရာရသွားပြီးတဲ့
နောက်လမှာပဲ သူတို့သားဟာ ဟတ်ထယိုင် တက္ကသိုလ်ကို ပြောင်းရွှေ့သွားခဲ့ရတာ
ဖြစ်ပါတယ်။ ဒီအကြောင်း ပြောနေတဲ့အချိန်မှာ တွေ့နေရတဲ့ ပါမောက္ခကြီးတို့
ဇနီးမောင်နှံနှစ်ဦးရဲ့ ကြေကွဲနေတဲ့ သွင်ပြင်ကို ယနေ့ထက်တိုင်
မမေ့နိုင်သေးပါဘူး။ သားအတွက်လည်း စိတ်ပူတိုင်း ပြည်အတွက်လည်း
အတော်စိတ်ပူနေကြပုံပါပဲ။
ဒါဟာ သဘာဝပါပဲ။ မကျန်းမာနေတဲ့အချိန်မှာမှ ကျန်းမာခြင်းရဲ့ တန်ဖိုးကို
သိလာကြသလို၊ လူတွေဟာ မငြိမ်းချမ်းတဲ့ အချိန်ရောက်မှ ငြိမ်းချမ်းခြင်းရဲ့
တန်ဖိုးကို နားလည်ဘောပေါက်ပြီး တမ်းတမိတတ်ကြတာ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ ငြိမ်းချမ်းအောင်လုပ်ဖို့ တိုင်းပြည်တစ်ပြည်
တိုးတက်အောင်လုပ်ဖို့ဆိုတာ လူညီမှဖြစ်တာပါ။ နိုင်ငံ တစ်နိုင်ငံ
လူမညီတော့ဘူးဆိုရင် ကပ်ဆိုက်နေတာနဲ့ ဘာမှမခြားပါဘူး။ ထိုင်းနိုင်ငံ
တိုးတက်နေတယ် ဆိုပေမယ့် တောင်ပိုင်းမှာ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့
ပစ်ခတ်တိုက်ခိုက်နေကြရလို့ လူညီလှပြီလို့ မဆိုနိုင်ပါဘူး။ ဒါဟာ
ဆုတ်ယုတ်ခြင်းရဲ့ လက္ခဏာပါပဲ။ လူမညီရင် ငယ်စဉ်တုန်းက တွက်ခဲ့ရတဲ့
ပက်ကျိချောတိုင်တက်တဲ့ ပုစ္ဆာမျိုးလို ဖြစ်နေမှာပါပဲ။ နေ့ဘက် ၂ မီတာ
တက်လိုက် ညဘက်အိပ်စက် အနားယူချိန်မှာ ၂ မီတာခွဲလောက်
ပြန်လျောကျလိုက်နဲ့ဆိုတော့ ပက်ကျိလည်း ချောတိုင်ထိပ်ကိုရောက်ဖို့
ဘယ်တော့မှနီးနိုင်မှာ မဟုတ်တော့ပါဘူး။
ရထားစီးရင်း အတွေးတွေက ကိုယ်ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ အရှေ့ဖျား
ရာဇ၀င်ဆီကိုလည်း ရောက်သွားကြပြန်ပါတယ်။ ၁၉ ရာစုနှစ် တရုတ်ပြည် ဆူဇီဘုရင်မ
(Empres Dowager Tz'u-Hsi) လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး
သုံးကြိမ်သုံးခါလုပ်ခဲ့ပါတယ်။ တစ်ကြိမ်မှ မအောင်မြင်ခဲ့ပါဘူး။
ဘာ့ကြောင့်လဲဆိုတော့ ကျားပေါ်က လူတွေ အဲဒီပြုပြင်ပြောင်းလဲရေးမှာ
ဝင်ပါခဲ့ကြပေမယ့် မလွှဲသာလို့ ၀င်လုပ်ခဲ့ကြတာသာဖြစ်ပြီး သူတို့ကိုယ်တိုင်က
အဲဒီ ပြုပြင်ပြောင်းလဲရေးကို မအောင်မြင်စေချင်ခဲ့ကြလို့ ဖြစ်ပါတယ်။
မြေကြီးပေါ် ရောက်သွားတဲ့အခါ ကိုယ့်ဘ၀အနာဂတ် လုံခြုံရေးအတွက် ဘာအာမခံချက်မှ
မရှိဘဲ ကျားစာဖြစ်သွားတော့မယ့် အတူတူ ဖြစ်ချင်ရာဖြစ် မြေကြီးပေါ်
မဆင်းတော့ဘူးလို့ ဆုံးဖြတ်ပြီး နောက်ကျားတစ်ကောင်ရဲ့ ကျောပေါ်
ပြောင်းတက်နိုင်ဖို့ကိုသာ အသားကုန် ကြိုးစားအားထုတ်ခဲ့ကြလို့ပါပဲ။
ဆူဇီဘုရင်မ ကိုယ်၌ကလည်း မြေကြီးဆိုတာ မာသလား ပျော့သလား သိမသွားခဲ့ရဘဲ
ကျားရဲ့ ကျောကုန်းပေါ်မှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးရလဒ်ကတော့ တရုတ်ပြည်ကြီးရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ရွှေပြည်တော်
မျှော်တိုင်းဝေး ဆိုသလိုဖြစ်ခဲ့ရပြီး ဆင်းရဲတွင်း နက်သထက်နက်တာပဲ
အဖတ်တင်ခဲ့ရတာပါ။
အဲဒီ ဆူဇီပြုပြင်ပြောင်းလဲရေးနဲ့ မရှေးမနှောင်းမှာပဲ ဂျပန်ပြည်မှာ
ပြုလုပ်ခဲ့တဲ့ မေဂျီပြုပြင်ပြောင်းလဲရေးဟာ တစ်ခါတည်းလုပ်ခဲ့ပြီး
တစ်ခါတည်းနဲ့လည်း အောင်မြင်ခဲ့ပါတယ်။ ၁၈၆၈ ခုနှစ်ကနေ ၂၀ ဆယ်ရာစု
နှစ်ဆန်းပိုင်း အထိ လုပ်ခဲ့ရပြီး နှစ် ၄၀ လောက်တော့ ကြာခဲ့တာပေါ့။ ဒါပေမယ့်
အဲဒီ နှစ်၄၀ မတိုင်ခင် အရင်က အင်မတန်မှ အောက်တန်း နောက်တန်း ကျနေခဲ့တဲ့
ဂျပန်နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး အပြီး ၁၉၀၅ ခုနှစ် စက်တင်ဘာလ မှာ
အနောက်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ရုရှားကိုတောင် စစ်နိုင်အောင်
တိုက်နိုင်ခဲ့ပါတယ်။ ခုလို digital ခေတ်ကြီးထဲမှာသာဆိုရင် အဲဒီလိုပြုပြင်
ပြောင်းလဲရေးမျိုးဟာ ၁၀ နှစ်ထက် ပိုကြာနိုင်မယ် မထင်ပါဘူး။
မေဂျီပြုပြင်ပြောင်းလဲရေး တစ်ခါတည်းနဲ့ အောင်မြင်ရတဲ့
အကြောင်းရင်းတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် လူညီခဲ့လို့ ဆိုတဲ့အချက်ဟာ
အဓိက ဖြစ်နေတယ်ဆိုတာကို တွေ့ကြရမှာပါ။ ကျားပေါ်ကလူရော မြေကြီးပေါ်က လူပါ
မကျန် အားလုံးဝိုင်းပါလို့ အောင်မြင်ခဲ့ရတာ ဖြစ်ပါတယ်။ကိုယ်
တကယ်သွားချင်ခဲ့တဲ့ ရထားလေးနဲ့ ဘန်ကောက်-ချင်းမိုင် ခရီးကိုတော့
သွားဖြစ်ခဲ့ပါပြီ။ ဒီရထားစီးရတာ ငယ်စဉ်တုန်းက ရန်ကုန်-မန္တလေး နေ့အမြန်ရထား
စီးရသလောက် ရင်ထဲမှာ မချမ်းမြေ့ခဲ့ရပါဘူး။ လူလည်း
တော်တော်နုံးချည့်သွားပါတယ်။ ဒါပေမယ့် ဒီခရီးက ကိုယ့်အတွက်
တန်ဖိုးကြီးမားတဲ့ အတွေးတစ်ခုကို ရစေခဲ့ပြီး အီစွတ်နဲ့ လက်ချမီးတို့ကို
ပြောထားဖူးတဲ့ ကိစ္စတစ်ခု အကြောင်းကိုလည်း ရေးဖြစ်သွားပြီဆိုတာ
သူတို့နှစ်ယောက်ကို ရန်ကုန်ပြန်ရောက်ရောက်ချင်း ပြောပြရဦးမှာပါလားလို့
သတိရသွားမိတဲ့အချိန်မှာတော့ တော်တော်လေး ပျော်သွားမိပါတယ်။
EMG |
No comments:
Post a Comment