menu

Wednesday 28 March 2012

သရုပ်ဆောင် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း


‘ကျွန်တော့်အတွက်တော့ အောင်မြင်မှုဆိုတာ အလုပ်လို့ပဲ ခံယူထားပါတယ်’ 

e4523 ဧပြီလ ၁၀ ရက်နေ့ ရောက်တိုင်း ပရိသတ်များနှင့် အတူ မွေးနေ့ဖျော်ဖြေပွဲ ပြုလုပ်ကာ ဖြတ်သန်းလေ့ရှိသည့် စိုင်းစိုင်းခမ်းလှိုင်က ယခုနှစ်တွင်တော့ မန္တလေးမြို့တွင် ပထမဆုံး မွေးနေ့ဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ် လာခဲ့သည်။ မန္တလေးမြို့တွင် ပထမဆုံး ပြုလုပ်မည့် မွေးနေ့ရှိုးနှင့် ပတ်သက်သည့် သတင်းစကားများ၊ လူငယ်အနုပညာရှင် တစ်ယောက်၏ အနုပညာနှင့် ပတ်သက်၍ သဘောထားခံယူချက်၊ ရှေ့ဆက်မည့် ခရီးအပေါ် ပြင်ဆင်ထားမှုများကို မေးမြန်းဖြစ်ခဲ့ရာ . . .
မေး - နှစ်စဉ်ပြုလုပ်နေကျ စိုင်းစိုင်းရဲ့ မွေးနေ့ရှိုးကို အခုနှစ် မန္တလေးမှာလုပ်ဖို့ စိတ်ကူးဖြစ်ပုံလေး အရင်ပြောပြပါလား။
ဖြေ - မန္တလေးမှာ ကျွန်တော့်မွေးနေ့ ပွဲလုပ်ဖို့ စိတ်ကူးနေတာတော့ ကြာပါပြီ။ ရန်ကုန်မှာ လုပ်ဖြစ်တာကလည်း ကြာနေပြီဆိုတော့ ရန်ကုန် ပရိသတ်တွေအနေနဲ့လည်း နားလည် ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် မန္တလေးမှာ လုပ်ဖြစ်သွားတာပါ။

မေး - မွေးနေ့ရှိုး အစီအစဉ်လေးကိုရော ပြောပြပေးလို့ ရမလား။
ဖြေ - ကျွန်တော် ဒီနှစ်မွေးနေ့ရှိုးမှာ အခန်းစဉ်လေးခုကို ခေါင်းစဉ်လေးခုခွဲပြီး ဖျော်ဖြေဖို့ စိတ်ကူးထားပါတယ်။ မန္တလေးမှာ ပထမဆုံးအကြိမ် လုပ်မယ့် မွေးနေ့ရှိုးဖြစ်တဲ့အတွက် ကျွန်တော့် ဘ၀တစ်လျှောက်လုံးမှာ ဆိုဖြစ်ခဲ့တဲ့ သီချင်းတွေကို မျှမျှတတ သီဆိုဖျော်ဖြေသွားဖို့ စိတ်ကူးထားပါတယ်။
မေး - ဒါဆို ရန်ကုန်ပရိသတ်အတွက်ရော ဘယ်လိုစဉ်းစားထားလဲ။
ဖြေ  - ကျွန်တော်နဲ့ဆုံနေကျ ရန်ကုန် ပရိသတ်အတွက်လည်း တစ်ခုခုတော့ စီစဉ်ပေးမှာပါ။ ကျွန်တော့်မွေးနေ့ ဖျော်ဖြေပွဲတိုင်းကိုလည်းအပြည့်အစုံ ရိုက်ထားနေကျပါပဲ။ အခွေအဖြစ် ပြန်ပြီးထုတ်ဖြစ်မလား၊ ရုပ်သံတစ်ခု ခုကနေ လွှင့်ဖြစ်မလားဆိုတာကတော့ စကားတွေ ပြောနေပါတယ်။ သေချာရင် ကျွန်တော်ထပ်ပြီး ကြေညာ ပေးသွားပါမယ်။
မေး-စိုင်းစိုင်းရဲ့ အခုနှစ်သင်္ကြန် အစီအစဉ်ကရော။
ဖြေ - အခုနှစ်သင်္ကြန်ကိုတော့ ရန်ကုန်မှာ ကျဖြစ်မှာပါ။ ပြည်လမ်း က အင်းလျားကန်ပေါင်ရှေ့မှာ Alpine မဏ္ဍပ်ရှိပါတယ်။ ကျွန်တော် က မနက်တစ်ပိုင်း ညနေတစ်ပိုင်း အနေနဲ့ဖျော်ဖြေမယ်။ ကျွန်တော့် သူငယ်ချင်းတွေလည်း လာကြမယ်။ ပရိသတ်တွေလည်း ရှိမယ်ပေါ့ဗျာ။ သင်္ကြန်ကို ပျော်ပျော်ပါးပါးလေးပဲ ဖြတ်သန်းဖြစ်မှာပါ။
မေး- ၂၀၁၂ ခုနှစ်အတွက် အနုပညာလှုပ်ရှားမှုတွေကို စိုင်းစိုင်း ဘာတွေကြိုတင်ပြင်ဆင်ထားလဲ။
ဖြေ - အခုနှစ်ထဲမှာ ကျွန်တော့် တစ်ကိုယ်တော်ခွေ ‘ဒိတ်ဒိတ်ကြဲ’ကို ထွက်ဖြစ်အောင် ထွက်ပါမယ်။ ဇာတ်ကား ရိုက်ကူးမှုကိုတော့ တစ်လတစ်ကားလောက် ပုံမှန်ရိုက်ကူးသွားပါမယ်။ ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီးနှစ်ကား လောက်ရိုက်ကူးနိုင်ဖို့ ကျွန်တော်စီစဉ်နေပါတယ်။ အကြမ်းဖျင်း ပြောရမယ်ဆိုရင်၂၀၁၁ ခုနှစ်ထဲမှာ ဂီတနဲ့ ပတ်သက်လို့ မွေးနေ့ရှိုးနဲ့ နယ်လှည့်ရှိုးတွေကလွဲရင် တစ်နှစ်လုံး ကားရိုက်တွေနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ ဒါကြောင့် အခုနှစ်မှာတော့ ဂီတဘက်ကို ပိုပြီးအားစိုက်ထုတ် ဖြစ်ပါလိမ့်မယ်။
မေး - သရုပ်ဆောင်တဲ့ အပိုင်းမှာ အရှိန်မြင့်ခါစ အချိန်ကိုဘာကြောင့် ဂီတဘက်ကို ပိုအားစိုက်မယ် လို့ စိတ်ကူးဖြစ်တာလဲ။
ဖြေ - ကျွန်တော် ၂၀၁၁ ခုနှစ်ထဲမှာ တစ်လကိုနှစ်ကားရိုက်ဖြစ်ခဲ့တဲ့အတွက် အမူအရာပိုင်း တွေကိုလည်း နားလည်စ ပြုနေပြီလို့ ထင်ပါတယ်။ ကျွန်တော် က ဂီတသမား တစ်ယောက်ဖြစ်တဲ့ အတွက် သီချင်းမရေးရတာသိပ်ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားမရသလို စိတ်ကျေနပ်မှုလည်း မခံစားရဘူး။ ဒါကြောင့် ဂီတဘက်ကို အချိန်ပိုပေးဖို့ ဆုံးဖြတ်ဖြစ်တာပါ။
မေး- လူငယ် အနုပညာရှင် တစ်ယောက်အနေနဲ့ ကိုယ်ဖန်တီးနိုင်တဲ့ အနုပညာ စွမ်းအားအပေါ် ပြန်သုံးသပ်ပါဆိုရင်ရော။
ဖြေ - ကိုယ့်ကိုယ်ကိုယ်တော့ သိပ်အကြိုက်ကြီး မဟုတ်ဘူး။ လိုအပ်တဲ့အချက်တွေ အများကြီးပဲ။ လိုအပ်ချက်တွေနဲ့ မညီမညာ မသပ်မရပ် သိပ်မတိကျလွန်း နေတာကပဲ အနုပညာဖြစ်နေလား မသိဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း လူတစ်ယောက်ပဲလေ စက်မှမဟုတ်တာ။ ဒါကြောင့် ဆွဲလိုက်တဲ့ မျဉ်းကြောင်းတိုင်းကတော့ ဖြောင့်တန်းနေမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ သုံးသပ်မိပါတယ်။
မေး - အောင်မြင်မှုကို အကြာကြီး ထိန်းထားနိုင်တဲ့ သူတစ်ယောက်ရဲ့ လက်ကိုင်ထားတဲ့ ခံယူချက် ကရော။
ဖြေ - အောင်မြင်မှုဆိုတာ အလုပ်နဲ့ တိုက်ရိုက် အချိုးကျတာမျိုးပါ။ အကြာကြီး အောင်မြင်ချင်ရင် အကြာကြီးကြိုးစားရသလို နည်းနည်းလေး ပဲ အောင်မြင်ချင်ရင် နည်းနည်းလေးပဲ ကြိုးစားရပါတယ်။ ဒါကြောင့်ကျွန်တော့်အတွက်တော့ အောင်မြင်မှုဆိုတာ အလုပ်လို့ပဲ ခံယူထားပါတယ်။
မေး - ပရိသတ်က စိုင်းစိုင်းအတွက် အကယ်ဒမီကို မျှော်လင့်ပေးခဲ့တယ်ဆိုတော့ အဲဒီအပေါ် တာဝန်ယူမှု ပိုပြီးများလာတယ်လို့ ခံယူထားလား။
ဖြေ  - ပရိသတ်က ရစေချင်တယ်ဆိုတာက ချစ်ခြင်းမေတ္တာပါ။ အဲဒီအတွက် အတိုင်းမသိ ၀မ်းသာပါတယ်။ ဒါပေမယ့် ထူးချွန်ဆုဆိုတာ တကယ် ထူးချွန်မှပေးတာလေ။ မေတ္တာရှိလို့ ပေးလို့ရတာမှ မဟုတ်တာ။ ထူးချွန်အောင် ကြိုးစားရဦးမယ်လို့ပဲ ခံယူထားပါတယ်။        
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis