menu

Friday 19 July 2013

"မလိုသည်ကို ခြစ်ပစ်ပါ" (မင်းလူ)

Photo: "မလိုသည်ကို ခြစ်ပစ်ပါ" (မင်းလူ)
===================

 ငှက်ကလေးတွေကိုတော့ ဘယ်တုန်းကမှအနိုင်မရခဲ့။ သူအိပ်ရာမှနိုးသည့်အခါတိုင်း ဦးစွာနိုးနေသော ငှက်ကလေးများ၏အော်မြည်သံကို ကြားရစမြဲဖြစ်သည်။ ဩော် သူတို့ကတော့ ညည ဟိုတွေးသည်တွေးနှင့် အိပ်မပျော်တာမျိုးမှ မရှိကြဘဲဟု တွေးမိသည်။ သူ့မှာသာ လကုန်ခါနီးရက်များဆိုလျှင် အိပ်မပျော်နိုင်တာမျိုးကြုံရသည်။
 ဘယ်လောက်ပင်အိပ်ရေးပျက်ပျက် မနက်ငါးနာရီခွဲဆိုလျှင် နိုးရစမြဲဖြစ်သည်။ နာရီဝက်လောက် ပိုမှိန်းမိလျှင် အစီအစဉ်တွေအကုန်ကမောက်ကမ ဖြစ်ကုန်လိမ့်မည်။
 ဒီနေ့လည်း ခါတိုင်းလိုပင် အချိန်မှန်နိုးသည်။ ကိုယ့်မျက်လုံးကို ကိုယ်စိတ်ချသော်လည်း ပြုမြဲထုံးစံအတိုင်း အစ်ကို့ခေါင်းအုံးအောက်လက်လျှို၍ လက်ပတ်နာရီကိုယူကြည့်သည်။ ညကြည့်နာရီ၏ ဒိုင်ခွက်မှာ ငါးနာရီသုံးဆယ့်လေးမိနစ်ကိုပြနေသည်။ အစ်ကို့နာရီနည်းနည်းမြန်နေတာဖြစ်ရမည်။
 အစ်ကိုသည် စောင်ကိုတင်းတင်းခြုံပြီး စန့်စန့်ကြီးအိပ်နေသည်။ သူတို့နှစ်ယောက်ကြားမှာအိပ်သော သမီးငယ်က သူ့ရင်ခွင်ကြားမှာ အတင်းတိုးဝင်နေသည်။ အစ်ကို့ ဟိုဘက်မှာ အိပ်သည့် သားငယ်သည် ထုံးစံအတိုင်း စောင်လွတ်နေမှာ သေချာသည်။
 သားကြီးနှင့်သားငယ်တို့အတွက်စောင်တစ်ထည်ပေးထားရာ သားကြီး အရအမိ လုခြုံတတ်သည်။
 အစ်ကို့ကိုယ်ပေါ်ကကျော်ပြီး စမ်းကြည့်သောအခါ အေးစက်နေသော သားငယ်၏လက်မောင်းကို စမ်းမိသည်။ အစ်ကို့စောင်ကို သားငယ်အားမျှခြုံပေးလိုက်ရသည်။ သူတို့လင်မယား ညားခါစတုန်းက စောင်တစ်ထည်တည်း နှစ်ယောက်ပူးကပ်ပြီးခြုံသဖြင့် စောင်တစ်ထည်ပိုနေသည်ကိုသတိရသည်။
 အိပ်ရာမှ အသာထသည်။ ခဏကြာလျှင် သမီးငယ်သည် သူ့အဖေဘက်တိုးကပ်သွားပေလိမ့်မည်။
 မီးဖိုချောင်ဘက်သို့လာခဲ့သည်။ ခုချိန်မှစ၍ မနက်ပိုင်းလုပ်ငန်းအစီအစဉ်ကို မရပ်မနားဆက်တိုက်လုပ်ရတော့မည်ဖြစ်သည်။
 ကျွမ်းကျင်သောတိုက်ခိုက်ရေးခေါင်းဆောင်တစ်ယောက်သည် ရန်သူ့စခန်းကို ဝင်စီးရာတွင်ဘယ်အပိုင်းကိုဘယ်နှမိနစ်နှင့် အပြီးလုပ်၊ ဘယ်နေရာကို ဘယ်အချိန်အရောက်သွား၊ ဘယ်ဗုံးကို ဘယ်အချိန်မှာဖောက်ခွဲစသည်ဖြင့် အချိန်အတိအကျလုပ်ရသည်။
 ခုလည်းသူသည် စက္ကန့်များကို အကျိုးရှိစွာကွက်တိအသုံးချရပေလိမ့်မည်။
 မီးဖိုထဲရောက်ရောက်ချင်း မီးသွေးမီးဖိုကို မွှေးရသည်။ အစဦး မီးရှိန်ရအောင် ထင်းရှူးချောင်းကလေးကို အသုံးပြုရ၏။ 
 ကျွမ်းကျင်နေပြီဖြစ်၍ ခဏအတွင်းမှာ မီးရှိန်ကောင်းလာသည်။ ရေနွေးအိုး တင်လိုက်သည်။
 ထို့နောက် ရေကပြင်ဘက်ထွက်သည် တံခါးကို ဖွင့်လိုက်သည်။ ဆောင်းလေအေးက ပက်လိုက်သည်။ တုံ့ခနဲဖြစ်သွားသည်။ ကိစ္စမရှိ။ ခဏကြာလျှင် ချွေးပင်ပြန်လာလိမ့်ဦးမည်။
 သွားတိုက်သည်။ မျက်နှာသစ်သည်။ ရေနွေးကိုအရင်တည်ထားနှင့်သဖြင့် ခုချိန်မှာ အလုပ်နှစ်ခုတစ်ပြိုင်တည်းလုပ်နေသလို ဖြစ်သွားသည်။
 စဥ့်အိုးထဲမှရေက ရေခဲရေလို အေးစက်နေသည်။ သို့ရာတွင် လူကိုလန်းဆန်းသွားစေသည်။ အိပ်ခန်းထဲဝင်ပြီး မျက်နှာသုတ်ရင်း ခြင်ထောင်ထဲသို့ချောင်းကြည့်လိုက်၏။ သားငယ်စောင်လွတ်နေပြန်ပြီ။ ခြင်ထောင်ထဲပြန်ဝင်၍ သားငယ်ကို သားကြီးခြုံထားသောစောင်ကြားထဲ ထည့်ပေးလိုက်ရသည်။ အစ်ကို့အသက်ရှူသံကခပ်ပြင်းပြင်း။
 ထိုအချိန်မှာပင် 'ပဲပြုတ်'ဆိုသော အသံကြားရသည်။ ဝယ်နေကျဖြစ်၍ တမင်အသံပြုခြင်းပင်။ နောက်ဖေးဘက်သို့ ပြန်ထွက်လာသည်။ ပဲပြုတ်သည်ကြီးက တောင်းကို ရေကပြင်ပေါ်ချပြီးစောင့်နေသည်။ သံပန်းကန်ပြားလှမ်းပေးသောအခါ အဆင်သင့် ချိန်ထားပြီးသားပဲပြုတ်တစ်ဆယ်သားထည့်ပေးသည် ငွေတစ်ကျပ်ပေးလိုက်သည်။
 မီးတောက်နည်းသွားသော မီးဖိုကို ယပ်ခတ်ပြီး မီးရှိန်ပြန်မြှင့်သည်။
 ကြောင်အိမ်ထဲက ထမင်းအိုးကိုထုတ်၍မီးဖိုဘေးချလိုက်သည့်အချိန်မှာပင် ရေနွေးအိုးဆူသည်။ ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး ဆီနည်းနည်းဖြူးလိုက်၏။ ရေနွေးကြမ်းအိုးထဲသို့ ရေနွေးထည့်သည်။ လက်ဖက်ခြောက်ခတ်ပြီး အဝတ်အုပ်ဆောင်းဖြင့်ပြန်အုပ်ထားလိုက်သည်။
 ဒယ်အိုးထဲကဆီကျက်ပြီးတဖျစ်ဖျစ်မြည်လာသည်။ အိုးထဲကို ထမင်းကြမ်းတစ်ခဲလုံးထည့်လိုက်သည်။ ပြီးတော့ သံယောက်မဖြင့်ချေသည်။ တရှဲရှဲမြည်လာသောအခါ ပဲငံပြာရည်လောင်းထည့်ပြီးမွှေသည်။ ဆားနည်းနည်း အချိုမှုန့်နည်းနည်းခတ်သည်။ ခဏအုပ်ထားပြီးသောအခါ ထမင်းကြော်ကျက်၏။ ဒီနေ့တော့ ကြက်သွန်ကလေးတောင်မထည့်ဖြစ်တော့။
 သံပန်းကန်ပြားလေးချပ်နှင့် ကြွေပန်းကန်ပြားတစ်ချပ်ကို ရေနည်းနည်းဖြင့်ကျင်းလိုက်သည်။ ကြွေပန်းကန်ထဲကိုများများထည့်သည်။ အစ်ကို့အတွက် ကလေးသုံးယောက်ဖို့ အညီအမျှ ထည့်သည်။ ပြီးတော့ ပန်းကန်တွေထဲကို ပဲပြုတ်မျှထည့်သည်။ ကျန်တာကို ချိုးကပ်နေတာတွေပါခြစ်ထည့်ပြီး သူစားလိုက်သည်။
 ကိုယ်ကိုယ်တိုင်ကြော်ချက်ပြီး ကိုယ်စားချင်သလောက်အရင်စားလို့ရပါလျက် လျှော့စားတတ်သည်မှာအိမ်ရှင်မတို့၏ သဘာဝပင်။
 ရေနွေးကြမ်းပူပူတစ်ခွက်ကိုမှုတ်သောက်လိုက်သောအခါ နွေးထွေးသွားသည်။
 ခြောက်နာရီဆယ့်ငါးလောက်ရှိပြီဖြစ်၏။ သားနှစ်ယောက်ကို သွားနှိုးရသည်။ သားကြီးကလှုပ်နှိုးလိုက်သည်နှင့် ငေါက်ခနဲထလာသည်။ သားငယ်က နှိုးလို့မရ။ ခြေနှစ်ချောင်းကိုကိုင်ပြီးဆွဲရာ လျှောပြီးပါလာသည်။ အတင်းဆွဲထူရသည်။ သူ့လည်ပင်းကိုဖက်ပြီးခိုလိုက်သည်။ သားငယ်ကိုရေကပြင်သို့ချီသွားရသည်။ ခြောက်နှစ်သားရှိပြီဖြစ်၍ တစ်နင့်တစ်ပိုးကြီး။
 သားငယ်ကိုရေကပြင်မှာချလိုက်သည်။ သားငယ်ကဆောင့်ကြောင့်ထိုင်ပြီး ဒူးပေါ်လက်တင်ကာ မျက်စိမှိတ်ထားဆဲ။ ရေအေးအေးနှင့်မျက်နှာသစ်ပေးလိုက်တော့မှ ကိုယ်ကလေးတွန့်ပြီး မျက်စိပွင့်လာသည်။
  'အေးလိုက်တာ မေမေရာ'
  'သားငယ် မျက်နှာမြန်မြန်သွားသုတ်ဦး၊ ထမင်းကြော်လာစား၊ တော်ကြာကျောင်းနောက်ကျနေမယ်'
 ထိုအချိန်တွင်သားကြီးသည် စားပွဲမှာထိုင်နှင့်ပြီး ထမင်းကြော်ပန်းကန်များအနက် ဘယ်ဟာကပဲပြုတ်ပိုများသလဲဟု ရွေးချယ်နေပြီဖြစ်၏။
 အိပ်ခန်းထဲသို့ပြန်ဝင်ခဲ့ပြန်သည်။ သားနှစ်ကောင်ကျောင်းသွားလျှင်ဝတ်ဖို့ အဝတ်အစားတွေစီစဉ်ပေးရဦးမည်။ သားကြီး၏ အင်္ကျီနှင့်ဘောင်းဘီက သိပ်မပေရေသေး။ မနေ့ကဟာတွေပြန်ဝတ်လို့ရသည်။ သားငယ်၏အင်္ကျီကညစ်ပတ်ပေရေနေပြီ။
 အသစ်တစ်ထည်ထုတ်ပေးရ၏။ ဘောင်းဘီကတော့ မနေ့ကဟာပဲဝတ်ခိုင်းရမည်။
 သားငယ် အင်္ကျီအဟောင်းမှာ ရွှံ့စက်တွေစင်နေသည်။ ဒီအတိုင်းထားလျှင် စွဲသွားလိမ့်မည်။ မြန်မြန်လျှော်မှ။ မြန်မြန်ဆို ခုလျှော်လိုက်တာကောင်းပါတယ်ဟုတွေးပြီး ရေကပြင်သို့ထွက်လာသည်။
 အင်္ကျီကို ကတိုက်ကရိုက်လျှော်ဖွတ်ပြီး တန်းမှာလှန်းနေတုန်း သားနှစ်ကောင် အိမ်သာရှေ့မှာ ပြဿနာတကနေသည်ကိုတွေ့ရ၏။
 သားကြီးက အိမ်သာထဲမှာ ဆောင့်ကြောင့်ထိုင်နေသည်။ သားငယ်က ဖွင့်ထားသော အိမ်သာတံခါးကိုကိုင်ပြီး 
  'ကိုကို မညစ်စုတ်နဲ့ကွာ၊ အိမ်သာကိုငါအရင်ရောက်တာ'
 သားကြီးကလည်း
  'ဟ၊ ငါအရင်ရောက်လို့ ငါက ခုအိမ်သာထဲတောင်ရောက်နေတာပေါ့ကွ'
  'ဘာလဲ၊ မဟုတ်ဘူး၊ ငါက တံခါးကို အရင်ကိုင်မိတာ၊ ငါတံခါးကိုဆွဲဖွင့်နေတုန်း ကိုကိုက အတင်းဖြတ်ဝင်တာ၊ ကိုကိုပြန်ထွက်ကွာ'
  'ထွက်လို့မရတော့ဘူး၊ ငါ ပါတောင်ပါနေပြီ'
  'မင်းသိပ်ယုတ်တယ်'
 သူတို့ပြောနေသည်ကို အတိုင်းသားကြားနေရသော်လည်း သွားရောက်မဖြေရှင်းပေးနိုင်တော့။ ဈေးသွားဖို့အချိန်ကျပြီ။
 ဈေးခြင်းတောင်းနှင့်ပိုက်ဆံအိတ်ယူပြီး နောက်ဖေးပေါက်မှပင်ထွက်လိုက်သည်။ 
  'သားကြီး သားငယ်မြန်မြန်လုပ်ကြနော်၊ ကျောင်းနောက်ကျနေမယ်'
 ဟု လှမ်းအော်ခဲ့ရသေးသည်။ သားကြီးက
  'မေမေမုန့်ဖိုး'
 ဟု သတိတရလှမ်းပြောသည်။
  'ကြောင်အိမ်ပေါ်မှာ ငါးမူးစေ့တစ်စေ့နဲ့ ဆယ်ပြားစေ့နှစ်စေ့ တင်ခဲ့တယ်၊ တစ်ယောက် သုံးဆယ့်ငါးပြားစီ'

   * * *

 ကြိုတင်စီစဉ်တွက်ချက်လို့မရသောကိစ္စတွေထဲတွင် ဈေးဝယ်ခြင်းလည်းပါဝင်သည်။ ဒီနေ့ဘာချက်မယ်ဆိုသည်ကို အတိအကျစိတ်ကူးထားလို့မဖြစ်။ ငါးဝယ်မယ်စိတ်ကူးထားသော်လည်း ဟိုရောက်မှ ငါးဈေးကခေါင်ခိုက်ချင်ခိုက်နေတတ်သည်။ တွက်ခြေကိုက်အောင်ဝက်သားပဲဝယ်မည် စဉ်းစားသွားသော်လည်း ငါးတွေဖောချင်းသောချင်းဖြစ်နေတတ်၏။
 ဒီနေ့အဖို့တော့ သိပ်ပြဿနာမရှိ။ ဘာအသားငါးမှဝယ်မည်မဟုတ်သောကြောင့်ပင်။ ပြတ်တုန်းလပ်တုန်းနှစ်ဆယ့်သုံး၊ ဟိုချေးသည်ချေးနှစ်ဆယ့်လေးကိုကျော်၍ သက်သက်လွတ်စားနှစ်ဆယ့်ငါးပင်ရောက်လာပြီမဟုတ်လား။
 ထို့ကြောင့် ဟင်းသီးဟင်းရွက်တစ်ခုခုဝယ်မည်ဟုသာစိတ်ကူးထားသည်။
 အိမ်နောက်ဖေးဘက်မှထွက်၍ ရပ်ကွက်တွင်းရှိလမ်းကြိုလမ်းကြားက သွားရသည်။ ဈေးသို့ရောက်ရန်ဆယ်မိနစ်နီးပါးတော့လျှောက်ရ၏။ ဈေးကြီးမဟုတ်၊ ရပ်ကွက်တွင်းရှိ ဈေးတန်းကလေးသာဖြစ်သည်။
 ငါးသည်၊ အသားသည်တို့၏ ခေါ်သံများကိုလျစ်လျူရှု၍ ဆက်လျှောက်လာခဲ့သည်။ ပန်းဂေါ်ဖီပွင့်တွေက ပေါ်ဦးပေါ်ဖျားမို့ ဈေးကြီးလှ၏။ မိုက်ကရိုဖုန်းသာသာလောက် အပွင့်ကလေးတွေက တစ်ပွင့်တစ်ကျပ်တဲ့။
 ဘူးသီးအလုံးလတ်လတ်တွေသုံးကျပ်၊ တစ်ခြမ်းဆိုလျှင် သူတို့မိသားစုအနေတော်ပဲ။ ဦးနှောက်ကကွန်ပျူတာလိုချက်ချင်း အဖြေထုတ်ပေးသည်။ ဘူးသီးကို အတုံးကြီးကြီးတွေတုံးပြီးနှပ်မည်။ အစ်ကို့အတွက်ကြက်ဥတစ်လုံးကျန်တာကြော်ပေးလိုက်မည်။ ဘူးသီးနှပ်လျှင် ပုဇွန်ခြောက်ကလေးတော့ နည်းနည်းဝယ်ရမည်။

   * * *

 ဒီနှစ်ဆောင်းကတော်တော်အေးသည်ဟု ပြောကြသည်။ သူကတော့ ဈေးကအပြန်ခပ်သုတ်သုတ်လျှောက်လာခဲ့သဖြင့် ချွေးတောင်စို့နေပြီ။
 ရေကပြင်မှာ ငုတ်တုတ်ကလေးထိုင်စောင့်နေသောသမီးငယ်က သူ့မြင်သောအခါပြေးလာပြီးကြိုသည်။ ခြင်းတောင်းကိုကူဆွဲပေး၏။ ပေါ့ပေါ့လေးဖြစ်သောကြောင့် ပေးဆွဲလိုက်သည်။ သမီးငယ်ကခြင်းတောင်းထဲငုံ့ကြည့်ပြီး
  'မေမေပုဇွန်မပါဘူးလား'
 ဟုမေးသည်။
 ဟိုတစ်ရက်ပုဇွန်ဆိတ်ကလေးတွေဝယ်ရာတွင် ပုဇွန်ကျော့ကြီးတစ်ကောင်ညပ်ပါလာသည်။ သမီးငယ်ကိုမီးဖုတ်ကျွေးလိုက်သည်။ ထို့ကြောင့်သမီးငယ်ကမေးခြင်းဖြစ်၏။
  'ဘူးသီးကိုအတုံးကြီးကြီးတုံးပြီး ဝက်သားတုံးကြီးလို ပုဇွန်ခြောက်နဲ့ကောင်းကောင်းနှပ်မှာ သမီးကြိုက်တယ်မဟုတ်လား'
 သမီးငယ်က ဝက်သားတုံးကြီးတွေလိုဆိုသောစကားလုံးကြောင့် ကျေနပ်သွားသည်။ ခေါင်းညိတ်ပြီး
  'တကယ့်ဝက်သားလိုပဲလား'
  'တကယ်လိုပဲပေါ့၊ သမီးထမင်းကြော်စားပြီးပြီလား'
  'စားပြီးပြီ'
  'ဖေဖေကောနိုးပြီလား'
  'နိုးသေးဘူး'
 အစ်ကိုလည်း ညကအိုဗာတိုင်ဆင်းရသဖြင့် ဆယ့်နှစ်နာရီလောက်မှအိမ်ပြန်ရောက်သည်။ ရှစ်နာရီလောက်ထိတော့ အိပ်ပေလိမ့်မည်။
 အစ်ကိုသည် အိမ်ထောင်ရှင်ပီသသောယောက်ျားတစ်ယောက်ဖြစ်၏။ ရသမျှလခကိုအကုန်အပ်သည်။ အသောက်အစား၊ အပျော်အပါး၊ လောင်းကစားကင်းသည်။ မိသားစုအပေါ်သံယောဇဉ်ကြီးသည်။
 အပြစ်ရှာမည်ဆိုလျှင်တော့ အအိပ်မက်တာတစ်ခုပဲရှိသည်။ အိပ်ချိန်ကိုအပြည့်အဝရအောင်ယူတတ်သည်။ ဒါကလည်းပိုက်ဆံကုန်တာမဟုတ်၍ ခွင့်လွှတ်ထိုက်ပေသည်။ တစ်ခါတစ်ရံသူက ချက်ရေးပြုတ်ရေးဖြင့် အလုပ်ရှုပ်နေချိန် အစ်ကိုက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကိုသာ မကျေမနပ်သလိုဖြစ်မိ၏။
 သူဈေးသွားတုန်းက အစ်ကိုက ထမင်းအိုးတည်ထားနှင့်လျှင် ဘယ်လောက်ကောင်းမလဲဟု တွေးမိသည်။ ခုတော့ တစ်ယောက်တည်းပင် တက်သုတ်ရိုက်၍ ကြဲရပေတော့မည်။
 ထမင်းအိုးတင်ထားလိုက်ပြီးနောက် ဘူးသီးအခွံနွှာရသည်။ ပုဇွန်ခြောက်မညက်တစ်ညက်ထောင်းရသည်။ ကြက်သွန်နွှာပြီးထောင်းရသည်။ 
 သမီးငယ်ကဘေးမှာထိုင်နေသည်။ သမီးက ကူညီချင်သောအမူအရာပြသည်။ သို့ရာတွင် ငယ်သေးသဖြင့် ဖြစ်ဖြစ်မြောက်မြောက် မကူညီနိုင်ရှာ။ ကြက်သွန်သွားနှိုက်ခိုင်းရုံ၊ နနွင်းပုလင်းယူခိုင်းရုံလောက်သာ ခိုင်းလို့ရသည်။
 ဟင်းအိုးကိုပြင်ပြီးနောက် သားနှစ်ကောင်ပစ်ချထားခဲ့သော ပန်းကန်တွေနှင့်ဒယ်အိုးကိုဆေးရသည်။ ထမင်းအိုးကရေခန်းချက်ခြင်းဖြစ်၍ ငဲ့စရာမလိုပေ။
 ထမင်းအိုးနပ်ပြီး အဆင်သင့်နယ်ထားပြီးသားဟင်းအိုးကိုတင်လိုက်သည်။ 
 အချိန်နည်းနည်းရသည်။ ဘာလုပ်စရာရှိသလဲ။ အိမ်သာမဝင်ရသေးတာခုမှသတိရသည်။ ထိုအခါကျမှပင်ဝမ်းထဲကရစ်လာတော့သည်။ အိမ်သာထဲဝင်သည်။ တစ်ဖက်အိမ်ရှိ ရေဒီယိုမှ မြန်မာစံတော်ချိန်ကြေညာသံထွက်ပေါ်လာသည်။ ရှစ်နာရီတိတိ။
 အိမ်သာထဲမှ ထွက်လိုက်သည်။ စားပွဲဝိုင်းမှာအစ်ကိုက ထမင်းကြော်စားနေ၏။ သမီးက အစ်ကို့ဘေးမှာ ထိုင်နေသည်။ အစ်ကိုက သမီးကိုပဲပြုတ်နှစ်စေ့သုံးစေ့ခွံ့သည်။
  'အစ်ကိုရုံး ဘယ်အချိန်သွားမှာလဲ'ဟု သူမေးသည်။
  'ဒီနေ့ မနက်ပိုင်းအွန်ဂျူတီ၊ နေ့လည်မှ ရုံးသွားရမယ်၊ ဘဏ်ဝင်စရာရှိလို့'
 အစ်ကိုသည် ကိုးနာရီကျော်မှ အိမ်ကထွက်ဖြစ်လိမ့်မည်။ ဟင်းအိုးအဖုံးကိုဖွင့်ပြီး ဘူးသီးနူးမနူးသံယောက်မနှင့်ထိုးကြည့်သည်။
 သမီးကို မူကြိုကျောင်း သွားပို့ပေးဖို့ အစ်ကို့ကိုပြောရင်ကောင်းမလားဟု စဉ်းစားသည်။ လှည့်ကြည့်သောအခါ အစ်ကိုမရှိတော့၊ အိမ်သာထဲဝင်သွားတာဖြစ်မည်။ ကိုယ့်ဘာသာကိုယ်ပဲပို့လိုက်တော့မည်ဟုဆုံးဖြတ်လိုက်၏။
 ဟင်းအိုးကျက်ပြီ။ ဒယ်အိုးကိုတင်ပြီး ဆီဆမ်းလိုက်သည်။ မီးရှိန်ကောင်းပြီဖြစ်၍ ချက်ချင်းကျက်လာသည်။ ကြက်ဥကြော်လိုက်သည်။
 ထို့နောက်ထမင်းဘူးတွေထည့်သည်။ မီးဖိုချောင်အလုပ်ပြီးချိန်တွင် တစ်ကိုယ်လုံးချွေးရွှဲရွှဲနစ်နေပြီ။
  'ဤတွင်သတင်းများကို ကြေညာလို့ပြီးပါပြီ'
 ရေဒီယိုမှအသံရှစ်နာရီခွဲမှာ အိမ်ကထွက်နိုင်မှဖြစ်မည်။ မိနစ်နှစ်ဆယ်ပဲအချိန်ရတော့သည်။ ထိုအချိန်အတွင်းမှာ ရေမိုးချိုး၊ ဖြီးလိမ်းပြင်ဆင်ရမည်။ သမီးကိုကိုယ်လက်သန့်စင်ပြီး ကျောင်းဝတ်စုံလဲပေးရမည်။

   * * *

 ရှစ်နာရီခွဲသာသာလောက်တွင် သမီးကိုလက်ဆွဲပြီးထွက်လာခဲ့သည်။ သမီးတို့ မူကြိုကျောင်းက အိမ်နှင့်ဘတ်စ်ကား နှစ်မှတ်တိုင်လောက် ဝေးသည်။ မြို့ထဲဘက်မှလာသော ဘတ်စ်ကားကိုစီးသွားလျှင်ဖြစ်သော်လည်း နှစ်မှတ်တိုင်လောက်နှင့်ပြားသုံးဆယ် အကုန်မခံချင်။ သို့ဖြင့် လမ်းလျှောက်သွားသည်။ သမီးကိုကျောင်းပို့ပြီးတော့မှပင် မြို့လယ်ရှိရုံးကို သွားရန်ကားမှတ်တိုင်သို့လာခဲ့သည်။
 ကားမှတ်တိုင်ရှိ လူအုပ်ကြီးမှာ ဘတ်စ်ကားနှစ်စင်းစာလောက်တောင်ရှိမည်။ ဆိုက်လာသမျှ ဘတ်စ်ကားတို့ကား နဂိုကပင်  'သံယောဇဉ်'တွေတိုးလို့တွဲလောင်း ပါလာပြီးသား။
 အတန်ကြာအောင် စောင့်ပြီးနောက် 'ဖုတ်သွင်းဘတ်စ်ကား'ဆိုက်ရောက်လာ၏ ရှေ့ပေါက်က သူနှင့်တည့်တည့်နေရာမှာ ကွက်တိလာကျခြင်းပင်ဖြစ်သည်။
 တုံ့ဆိုင်းမနေတော့ဘဲ အားနေသော လက်တစ်ဖက်ဖြင့် သံလက်ကိုင်ကိုင်းကို ဖမ်းကိုင်သည်။ ခြေထောက်တစ်ချောင်းကို ခြေနင်းခုံ ပထမအဆင့်ကို လှမ်းတက်သည်။ နောက်က လူအုပ်က ဆောင့်တွန်းလိုက်သဖြင့် ကားပေါ်သို့အလိုက်သင့်မြောက်တက်သွားသည်။
 ရပ်စရာတစ်နေရာတော့ ရသွားပြီ။
 ကားထဲတွင်လူတွေကျပ်ညပ်နေသည်။ ထမင်းဘူးထဲသို့ အပြည့်အသိပ်ထည့်ထားသော ထမင်းစေ့များလိုပင်။ ချွေးနံ့၊ ကိုယ်နံ့၊ ပေါင်ဒါနံ့တွေရောထွေးပြီး ဘာမှန်းမသိသော အနံ့ကြီးကို တစ်လမ်းလုံးရှူသွားရသည်။ ကားကြီးကအိုနေပြီဖြစ်၍ အိပဲ့အိပဲ့သာမောင်းနိုင်သည်။
 ရုံးနှင့်အနီးဆုံးမှတ်တိုင်တွင် ကားရပ်သောအခါ ငရှဥ့်တိုး တိုး၍ဆင်းခဲ့သည်။ ပလက်ဖောင်းပေါ် ခြေချမိတော့မှ အသက်ကိုဝအောင်ရှူလိုက်ရသည်။
 နေ့တစ်နေ့၏ အချိန်ကာလ သုံးပုံတစ်ပုံ မကျိုးခင်မှာပင် အင်အားတစ်ဝက်လောက် ကုန်ဆုံးသွားပြီဖြစ်၏။
 ရုံးက အထက်ဘလောက်မှာဖြစ်၍ ငါးမိနစ်လောက်လမ်းလျှောက်သွားရသေးသည်။ ရုံးရောက်တော့ ကိုးနာရီသုံးဆယ့်ငါးမိနစ်။ သက်သာလက်ဖက်ရည်ဆိုင်မှာ လူစည်ကားစပြုပြီ။
 ရုံးအပေါ်ထပ်သို့ တက်လာခဲ့သည်။ အခန်းထဲဝင်သည်။ စားပွဲပေါ်မှာခြင်းတောင်းကိုချသည်။ ကုလားထိုင်ပေါ်ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
 ခုမှပင် အေးအေးဆေးဆေးနားရပေတော့မည်။

မင်းလူ
----------------------------
(လုံမလေး၊ ဇန်နဝါရီ၊ ၁၉၈၅)

 Copy from https://www.facebook.com/pages/%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%B0-%E1%81%80%E1%80%90%E1%81%B1%E1%80%B3%E1%80%90%E1%80%AD%E1%80%AF%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/239107629526297

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis