menu

Sunday 12 February 2012

လွမ်းမောမိပေ ပခန်းမြေ(နီငြိမ်း(အညာတက္ကသိုလ်))





ပခန်းကြီးရှိ ရှေးဟောင်းကျောင်း

(၁)
အုတ်စတုရန်း၊ ဂျိုးခိုနန်းနှင့် ရွှေခန်းမင်္ဂလာ၊ တံခါးသာက၊ ကြားမှာလိုက်ကဲ့ ... အလွမ်းငယ် ...ဘုရားချစ်ခင်၊ စည်သူရှင်မှာ၊ ပြန်လာစေကြောင်း၊ ညောင်ရေ လောင်းသည်၊ တကောင်းဖန်ပြာ၊ အနားဖွာလည်း သုံးခါကွဲပေါ့ ... အလွမ်းငယ်၊နတ်တော်ပြာသို၊ နှင်းစိုစိုမှာ၊ စောင်ကိုအတူခြုံရန်၊ အမြန်ပြန်ခဲ့၊ အလွမ်းငယ် ...။(ရှေးစာဆိုတစ်ဦး)

ဆောင်းအကုန်၊ နွေအကူး လေရူးမပွေမီကလေးတွင် ဆောင်းပါးတစ်ပုဒ်ရေးရန် ရည်ရွယ်ပြီး ရေစကြို၊ ပခုက္ကူနှင့်ပခန်းကြီးသို့ ရောက်သွားခဲ့သည်။ ပခုက္ကူတံတားရှည်ကြီး ပြီးစီးနေမှုကိုလည်း လေ့လာမှတ်တမ်းတင်ရန်ဖြစ်သည်။
ပခုက္ကူရောက်တော့ အငြိမ်းစားကျောင်းဆရာကြီး ဦးသန်းဆွေတို့၊ စာရေးဆရာပေါ်လွင်ကျော်တို့ သူငယ်ချင်း ဆရာမောင်မောင်(BABEd)တို့အိမ်မှာတည်းခိုကာ ပခန်းရွှေမြေကို သွားရောက်လေ့လာခဲ့သည်။ မိတ်ဆွေ စာရေးဆရာများပါ ခေါ်ခဲ့သည်။
''လေးရာပြုဆန်း၊ မြို့ကူးခန်း၊ ပခန်းခေါ်တတွေ''ဟု စိန္တကျော်သူဦးသြ၏ သတ်ပုံတွင်ပါရှိသည့် အတိုင်း၊ ရှေးခေတ်က ပခန်းမြို့မှ စစ်သည်လေးရာ ပေးရပါသည်။ သိန်းပြုမြို့၊ သောင်းပြုမြို့၊ ထောင် ပြုမြို့၊ ရာပြုမြို့များ တည်ထောင်စဉ်က ဖြစ်သည်။ လင်းခေး၊ မိုင်းပန်၊ မိုးနဲ၊ မောက်မယ်၊ ရှမ်းပြည်နယ်ဘက်သို့ ခရီးထွက်သွားသည့်''မောင်လွမ်းငယ်''ကို ပခန်းနေချစ်သူက မှာကြားလိုက်ပုံကို ရှေးစာဆိုတစ်ဦး ရေးဖွဲ့ထားသည်မှာ လွမ်းမောစရာ ကောင်းလှသည်။(ကုခန်း- ကူးသန်း၊ ပုခန်း၊ ပခန်း)ဟုလေးမည်ရသောပခန်းကြီး အကြောင်းကို အနှသာလီနီဂဏ္ဍိတွင် ကျော်အောင်စံထားဆရာတော်က (ဘူ=မြေကို (၀ါ)ဘူခံနုံးမြေတူး ခြင်းကို၊ ဥပါဒါယ=စွဲ၍၊ ကုခနေ၊ ကုခန္ဓသမ္မတေ=ကုခန်းဟု သမုတ်အပ်၏) ဟု ၀ိဂြိုဟ်ပြုခဲ့ဖူးပါသည်။
ပခန်းကြီးမှာ သာသနာသက္ကရာဇ် ၃၆ ခုနှစ်လောက်ကပင် တံခါးပေါက်များစွာဖြင့် တည်ထားခဲ့သော မြို့ဖြစ်ကြောင်း၊ မဟာဓမ္မရာဇာမင်းကြီးနှင့် သားမြေးစဉ်ဆက်စိုးစံခဲ့ကြောင်း နရဒီပကျမ်းတွင်လည်း ရေးသားထားသည်။ ထိုပခန်းကြီး မြို့ပျက်စီးသောအခါ ကောဇာသက္ကရာဇ် ၉၆ ခုနှစ် သိန်းခိုမင်းလက်ထက်တွင် ဒုတိယပခန်းကို တည်ခဲ့ပြန်သည်။ သားတော်စည်သူနှင့် ကျော်စွာကို ပခန်းပို့ပြီး တောင်သုံးလုံးကို မြေတူး၍ မြို့တည်စေရာမှ ပခန်းကြီးမြို့ထပ်မံပေါ်ခဲ့ရ၏။သားတော်ကျော်စွာဆိုသူကား အခြားမဟုတ်။ ဦးမင်းကျော်ခေါ် ကိုကြီးကျော်နတ်ပင်ဖြစ်သည်။ ပခန်းမြို့ကူနီအရပ်တွင် နတ်နန်းနှင့် စစ်သည် ဦးမင်းကျော်နတ်သံသီချင်း တစ်ပုဒ်တွင်-
''ကစော်ရယ်မှ အိုးဖောက်၊ မိုးကိုမမြင်၊ ထန်းပင်ရည်နောက်၊ မဲချောက်ကျပ်တင်၊ ဆိုစနိုး၊ ဂျိုးငှက်ကင်နှင့် ...။ တပေါင်းလခါကြွေအန် ဖဲရိုက်၊ ဂုံညှင်းပိုက်၍ ကြက်တိုက်နွှဲပျော် ... မောင်မင်းကျော်''ဟု ရေးသားထားသည်ကို ပြန်လည်သတိရ နေမိပေသည်။
(၂)
တမာမြေတွင် အညာနေက ပူစပြုနေလေပြီ။ နေထန်းတစ်ဖျားကျော်မှ စည်သူရှင်ဘုရားစောင်းတန်းပေါ် စရောက်ကြသည်။ စည်သူရှင် ဘုရားကုန်းမှာ ပခုက္ကူမှ ရေစကြိုသို့ သွားသော ကတ္တရာလမ်းဘေး၊ ညာဘက်ခြမ်း၌ ရှိသည်။ ဈေးထိုင်ရောင်း နေသော ပခန်းသားဦးကြင်ဝမ်းက စည်သူရှင်ဘုရားမှာ အရှေ့ကျုံး၊ ညောင်စင်ရပ်တွင်ရှိကြောင်း ''စည်သူရှင်၊ ရှင်မတောင်၊ မြတ်ပေါင်းမဉ္ဇူနှင့် ဒက္ခိဏသာခါ'' ကိုယ်တော်ကြီးများမှာ အလောင်းစည်သူမင်းလက်ထက်က သရက္ခန်းသားဖြင့် သကြား မင်းနှင့် ၀ိသကြုံတို့ ထုလုပ်ပေးခဲ့သော ရုပ်ပွားတော်များဖြစ်ကြောင်း ရှင်းလင်းပြောပြပါသည်။ စည်သူရှင် ကုန်းတော်တွင် ဘုရားဖူးပြီး ကတ္တရာလမ်းပေါ်ပြန်ဆင်းကာ အနောက်ကျုံးဟောင်းဘက် ရောက်ကြသည်။ နဂါးတွင်းရပ်ဟု ခေါ်သည်။ အနောက်ကျုံးနေရာတွင် ရှေးဟောင်းကျွန်းကျောင်းကြီးနှင့် မြို့ရိုးအပျက်အစီးများကို လေ့လာပါသည်။
ရှေးဟောင်းကျွန်းကျောင်းကြီးမှာ သက္ကရာဇ် ၁၂၃၀ ခုနှစ်လောက်က ကျီဝန်မင်းဦးဘိုးတုတ်လှူခဲ့သော ကျောင်းဖြစ်သည်။ နှစ်ပေါင်း ၁၃၀ ကျော်ကြာလာသည့်တိုင် ကျွန်းကျောင်းကြီးမှာ များစွာပျက်စီးမှု မရှိသေးပေ။ ကျွန်းတိုင်ကြီးပေါင်း ၂၅၄ လုံးဖြင့် ခိုင်မာစွာ တည်ဆောက်ထားသည်။ တိုင်တစ်တိုင်လျှင် လုံးပတ် ၆ ပေမှ ၇ ပေခွဲအထိရှိသည်။ ကျောင်းပေါ်သို့တက်ရန် လှေကားကြီးငါးခု တပ်ဆင်ထားသည်။ ကျောင်းကြီးကို အသေးစိတ်လေ့လာသောအခါ ဘုရားခန်း၊ စနူဆောင်၊ တရားဟောဆောင်၊ ဆွမ်းစားဆောင်များ ပါဝင်ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ ကျောင်းကြီးရှိ မျက်နှာကြက်အချို့၊ ထုပိကာနှင့် နံရံရှိခြူးပန်းခြူးနွှယ်အပြောက်အမွမ်းတို့မှာ ပျက်စီးကုန်ကြလေပြီ။

လင်းခေး၊ မိုင်းပန်၊ မိုးနဲ၊ မောက်မယ်၊ ရှမ်းပြည်နယ်ဘက်သို့ ခရီးထွက်သွားသည့် 'မောင်လွမ်းငယ်' ကို ပခန်းနေချစ်သူက မှာကြားလိုက်ပုံကို ရှေးစာဆိုတစ်ဦးရေးဖွဲ့ထားသည်မှာ လွမ်းမောစရာကောင်းလှသည်  . . .
(၃)
ပခန်းကျောင်းဟောင်းကြီးကို နာရီဝက်မျသာ အချိန်ပေးလေ့လာပြီး၊ မြောက်ဖက်ကျုံးဟောင်းကိုပတ်ကာ ရှေးဟောင်းပြတိုက်ဆီသို့ သွားရောက်ခဲ့ကြသည်။ ပြတိုက်မှာ ကတ္တရာလမ်းဘေးဝဲဘက်ခြမ်းတွင် ရှိသည်။ အထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်နေရာတွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ပခန်းကြီးပြတိုက်တွင်း ရောက်သောအခါ ပြတိုက်မှူး ဦးဌေးဝင်းမောင်နှင့်အဖွဲ့က လိုက်လံပြသပေး ကြပါသည်။
ပခန်းကြီး ဥက္ကဋ္ဌ ဦးယဉ်ထွေးတို့ကလည်း လိုအပ် သည်များ ရှင်းပြကြသည်။ ကျွန် တော်လည်း လက်စွဲတော်ကင်မရာ ဖြင့် မှတ်တမ်းဓာတ်ပုံများရိုက်ယူခဲ့ သည်။ ပြတိုက်တွင် ကျောက်စာ၊ ပေစာဟောင်းများ၊ ဒင်္ဂါးဟောင်း များ၊ မြေအိုး၊ မြေခွက်များ၊ ဘုရား ရဟန္တာရုပ်တုတော်များ၊ မင်းတုန်း မင်းလက်ထက်က တံကဲတော်များ အပြင် ရှေးခေတ်စစ်သည်သုံး လှံ၊ ဓား၊ မောက်တို၊ မောက်ရှည်များကို တွေ့ခဲ့ရသည်။ ရှားရှားပါးပါးယွန်း အစ်ကြီးတစ်လုံးကိုလည်း ဓာတ်ပုံရိုက်ခဲ့သည်။

w50_07_1
ပခန်းကြီးမြို့ဟောင်းမှ အုတ်ရိုးများ

ပခန်းကြီးရပ်ကွက်အဖွဲ့၏ ပြော ပြချက်အရ ပခန်းတွင်ရပ်ကွက်ကြီး ၆ ခု၊ အိမ်ခြေ ၆၇၇၊ အိမ်ထောင်စုပေါင်း ၇၄၄ ခုနှင့် လူဦးရေ ၃၇၃၉ ဦးရှိကြောင်း သိရသည်။အားလုံးလိုလို တောင်သူလုပ် ငန်းလုပ်ကိုင်ကြပြီး ရိုးသားအေးဆေးသူများဖြစ်သည်။ ပခန်းကြီး အုပ်စုဝင် ရွာများမှာ နဂါးတွင်း၊ မြောက်ပြင်၊ သက်ရွာ၊ ပြည်သာယာ၊ တောင်မင်းကျောင်းနှင့် ရွာသာ)တို့ ဖြစ်ကြပေသည်။
ပခန်းကြီးတွင် နှစ်စဉ်မိုးရေချိန် လက်မ ၂၀ လောက်သာ ရွာသဖြင့် ပူပြင်းခြောက်သွေ့လှသည်။ ဆင်ချောင်း၊ ချစ်သူမြစ်ရေတင်စီမံကိန်းများဖြင့် နွေစပါးစိုက်ရန်ပြင်ဆင်နေကြသည်။ တောင်ပိုင်းကမူ နေကြာ၊ ကုလားပဲ၊ ချည်မျင်ရှည်ဝါများ၊ ဗာဂျီ နီးယားဆေးပင်များ စိုက်ခဲ့ကြသည်။ ဆင်းရဲနွမ်းပါးသော ဒေသဖြစ်ရာ တန်ဖိုးကြီးမားသော ရှေးဟောင်းပစ္စည်းများကို တကူးတက ထိန်းသိမ်းစောင့်ရှောက်နိုင်မှုမရှိပါ။ တာဝန်ရှိသူများအနေဖြင့် ပခန်းကြီးကျောင်းဟောင်းနှင့် ရှေးဟောင်းပစ္စည်းများ ရေရှည်တည်တံ့ရေး အစဉ်ဆောင်ရွက်သင့်ကြောင်း တင်ပြရပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis