menu

Sunday 12 February 2012

ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာတွင် အရက်ဆီချက်စက်ရုံမှ မီးခိုးပြာမှုန့်များနှင့် အနံ့ဆိုးများကို ဒေသခံများခံစားနေရ




ရန်ကုန်-ပုသိမ်-ညောင်တုန်းလမ်းခွဲအနီး ဆားမလောက်ကျေးရွာအထက်ပိုင်းရပ်ကွက် ပန်းလှိုင်မြစ်ဘေးတစ်နေရာ
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာတွင် အရက်ဆီချက်စက်ရုံမှ ထွက်နေသော မီးခိုးငွေ့များ၊ ပြာမှုန့်များနှင့် အနံ့ဆိုးများကို ဆိုးရွားစွာခံစားနေရကြောင်း ဒေသခံများက ဆိုပါသည်။
အဆိုပါစက်ရုံမှာ ရန်ကုန်-ပုသိမ်-ညောင်တုန်းလမ်းခွဲအနီး ဆားမလောက်ကျေးရွာအထက်ပိုင်းရပ်ကွက် ပန်းလှိုင်မြစ်ဘေးတွင် လွန်ခဲ့သည့် နှစ်နှစ်ကျော်မှ ၂၄ နာရီပတ်လုံး အချိန်ပြည့်လည်ပတ်နေရာ အဆိုပါစက်ရုံမှ ထွက်ပေါ်နေသော အရက်အနံ့၊ ဓာတုစွန့်ပစ်ပစ္စည်းများအနံ့ကို နေ့စဉ်ရှူရှိုက်နေရပြီး မီးခိုးပြာမှုန့်များကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း သိရသည်။ အရက်ဆီချက် စက်ရုံအနီးတွင် လူနေရပ်ကွက်များအပြင် အခြေခံပညာမူလတန်းကျောင်းနှင့် မြန်မာနုံးယူ တောင်သူလယ်သမားများဆေးရုံတစ် ရုံတို့ တည်ရှိကြောင်းလည်း သိရသည်။

''ကျောင်းက အရက်ချက်စက်ရုံနဲ့ အနီးဆုံးဆိုတော့ အရက်အနံ့ကို လေတိုက်တိုင်း ကလေးတွေ ရှူနေရတယ်။ မီးခိုးတွေနဲ့အတူ ပြာမှုန့်တွေလည်း ၀င်လာတတ်တယ်။ တစ်ခါတလေ စာသင်လို့တောင် မရတော့လို့ ကလေးတွေကို ပြန်လွှတ်ရတာမျိုးတွေ ရှိတယ်။ ကျွန်မတို့အနေနဲ့ကတော့ သူတစ်ပါးအကျိုးစီးပွားပျက်စီးမှာကိုတော့ မလိုလားပေမယ့် ဒီနေရာမှာ ပတ်ဝန်းကျင်ကိုမထိခိုက်တဲ့ စက်ရုံဖြစ်စေချင်ပါတယ်''ဟု ဆားမလောက်ကျေးရွာ ဒေသခံကျောင်းသားမိဘတစ်ဦးက ပြောပါသည်။

ထို့အတူ ပန်းလှိုင်မြစ်တစ်ဖက်ကမ်းရှိ လှိုင်ကျေးရွာနေသူတစ်ဦးကလည်း ''ကျွန်တော်တို့ရွာက စက်ရုံရဲ့ မြောက်ဘက်အခြမ်းမှာရှိနေတော့ အနံ့ဆိုးတွေနဲ့ မီးခိုးပြာမှုန့်တွေကို တစ်နှစ်ပတ်လုံးနီးပါး ခံစားနေရတယ်။ မြောက်လေတိုက်တဲ့အချိန်လောက်ပဲ သက်သာတယ်။ မီးခိုးငွေ့နဲ့ပါလာတဲ့ ပြာမှုန့်တွေ အိမ်ထဲဝင်လာရင် ထိုင်နေရင်းနဲ့ ခန္ဓာကိုယ်တွေ ယားလာတတ်တယ်''ဟု ပြောပါသည်။
ထို့အတူ အရက်ဆီချက်စက်ရုံမှ ပန်းလှိုင်မြစ်အတွင်းသို့ စွန့်ပစ်ပစ္စည်းရေများကြောင့် မြစ်ရေကို အားထားသောက်သုံးနေရသော ဒေသခံများမှာ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေရကြောင်းလည်း သိရသည်။ ''ဒီမှာရှိတဲ့သူတွေတော်တော်များများကတော့ ရေသန့်ပြောင်းသောက် ရတယ်။ ကျွန်မတို့ကတော့ ငယ်ငယ်ကတည်းက သောက်လာတဲ့ရေမို့ ရေသန့် မသောက်ဖြစ်ပါဘူး။ ကျောက်ချဉ်နဲ့တိုက်ပြီးပဲ သောက်လိုက်တယ်။ ချက်ချင်းရောဂါမဖြစ်နိုင်ပေမယ့် ရေရှည်မှာတော့ တစ်ခုခုဖြစ်လာမှာကိုတော့ စိုးရိမ်နေရတယ်။ ပြီးတော့ ဒီလိုစက်ရုံကြီးတစ်ရုံ လူနေရပ်ကွက်အတွင်းမှာရှိနေတော့ မီးဘေးအန္တရာယ်အတွက်လည်း စိုးရိမ်နေရတယ်''ဟု ဒေသခံတစ်ဦးက ပြောပါသည်။
အဆိုပါ အရက်ချက်စက်ရုံနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ အသိပေးတိုင်ကြားမှုများ ပြုလုပ်ခဲ့သော်လည်း စစ်ဆေးမှုများသာရှိခဲ့ပြီး အရေးယူမှုများ ပြုလုပ်မှုမရှိကြောင်းနှင့် လက်ရှိအချိန်အထိ အဆိုပါ မီးခိုးပြာမှုန့်များနှင့် အရက်အနံ့များကို ဒေသခံများအ နေဖြင့် ခံစားနေရကြောင်းလည်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis