menu

Sunday 12 February 2012

မြန်မာနိုင်ငံ၏ ရှေ့အနာဂတ် ကောင်းစားရေး၊ လူထုတိုးတက်ရေး အတွက် NLD ၊ အားလုံးနှင့် အတူတကွလက်တွဲပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း KNU/KNLA ငြိမ်းချမ်းရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင် ပြောကြား



7207
KNU/KNLA ငြိမ်းချမ်းရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်နှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့အား တွေ့ရစဉ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက လာရောက်တွေ့ဆုံ ဆွေးနွေး ခဲ့သည်။
ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်၊ ဗိုလ်မှူးချုပ် ဒေါက်တာ တင်မသီ၊ ဒေါက်တာ ကဘော်ထူး၊ ဗိုလ်မှူးကြီး တိုက်ဂါး၊ ဗိုလ်မှူးကြီး စောမောင်မောင်တို့ အပါအ၀င် ၁၄ ဦးပါဝင်သောအဖွဲ့ သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား လာရောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။

တစ်နာရီခန့် ကြာမြင့်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် KNU/ KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်တို့ကမီဒီယာ များနှင့် တွေ့ဆုံခဲ့သည်။
ထိုကဲ့သို့တွေ့ဆုံရာတွင် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင် က “အခုလို ကျွန်တော့်အနေနဲ့ ဒီကိုလာပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့လာတွေ့တယ်။ တွေ့ချင်တာလည်း ကြာပြီ။ အခုလိုလာတာကလည်း အားလုံးအတွက်လာတာနော်။ အခုလိုလာပြီးတွေ့ရတာ အများကြီး ကျေးဇူးတင်တယ်။ နောက်ပြီးတော့ အားလုံးကလည်း ၀မ်းသာကြမှာပါ။ ကျန်ခဲ့တဲ့လူတွေလည်း လာစေချင်တယ်။ ပထမဆုံးမလာခင်ကတော့ နည်းနည်းတော့ စိုးရိမ် တယ်၊ ကြောက်တာပေါ့နော်။ အစိုးရ နဲ့လာတွေ့တုန်းကလည်း။ အခုတော့ အားလုံးက အဆင်ပြေတယ်။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း။ ဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တယ်။ NLD  ၊ အားလုံး နဲ့ ကျွန်တော်တို့ လက်တွဲပြီးတော့  ဗမာပြည်ရဲ့ရှေ့အနာဂတ် ကောင်းစားရေး၊ လူထုတွေ တိုးတက်ရေးအတွက် ကျွန်တော်တို့အတူတကွ လက်တွဲပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်က အသက်အကြီးဆုံးပါ။ စစ်ထဲဝင်တုန်းက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ အခုတော့ ကျွန်တော် အသက်ကြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့က မခွဲခြားပါဘူး။ နောက် ဗမာလူမျိုးပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ တခြားတိုင်းရင်းသားတွေ ဖြစ်ဖြစ် အားလုံးက ကျောသားရင်သားတွေပဲ။ ရှေ့ဆက်ပြီး ကျွန်တော်တို့ အတူတကွ လက်တွဲပြီး လုပ်သွားရမှာ ဖြစ်တယ်။ နောက်တစ်ခေါက်လည်း ဖြစ်နိုင်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ချင်တယ်။ ကျွန်တော် တို့ ကရင်နှစ်သစ်ကူးတာတွေ၊ ဒေသခံတွေနဲ့တွေ့၊ နောက် တခြားတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ လည်း ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို request လုပ်ထားပါတယ်။ မီဒီယာတွေကိုလည်း ဖိတ်ပါတယ်”ဟု မီဒီယာများသို့ ကရင် ဘာသာစကားဖြင့် ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ဒီအဖွဲ့နဲ့တွေ့ရတဲ့ အခါမှာ တစ်ခါမှ မတွေ့ရဖူးသေးတဲ့ သူတွေဆိုပေမယ့် တော်တော်နွေးနွေးထွေးထွေးနဲ့ တရင်းတနှီးလည်း ရှိပါတယ်။ မိသားစုတွေလိုပဲ ဖြစ်တဲ့အခါကျတော့ ကျွန်မတို့ ပြည်ထောင်စုဆိုတာ ဒီလိုပဲဖြစ်ရမယ် စဉ်းစားမိပါတယ်။ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ အားလုံးက အတူတူပါပဲ။ တန်းတူညီတူနဲ့ သွေးရင်း ညီအစ်ကို မောင်နှမတွေလို ဖြစ်ရပါမယ်။ ပြောတဲ့ဆိုတဲ့ နေရာမှာလည်း ပွင့်ပွင့်လင်းလင်းရှိတယ်။ အတွေးအမြင်တွေကလည်း တော်တော်တူပါတယ်။ အဲဒီလို တိုက်ဆိုင်မှုတွေ သိပ်များတဲ့အခါကျတော့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ် အတွက် အင်မတန်မှ ကောင်းတဲ့ လက္ခဏာလို့ မြင်ပါတယ်။ ကျွန်မကို လာဖို့ဖိတ်ထားတဲ့အတွက် ကျွန်မကလည်း သွားဖို့အများကြီး ဆန္ဒရှိတယ်။ အစောဆုံးသွားနိုင်တဲ့ အချိန်မှာ သွားချင်တယ်။ သွားနိုင်တဲ့အချိန်မှာ သွားမှာဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေ အားလုံး နောင်လည်း ဒီလိုလက် တွဲပြီးတော့ အတူလမ်းလျှောက် နိုင်ပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြု ပါတယ်”ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis