menu

Saturday 14 January 2012

အိမ်ကလေး ၁၁ (နေ၀င်းမြင့်)


လက်သမားဆရာ ကိုသာဆောင်တို့ လင်မယား ကျနော်တို့အိမ်နှင့် မနီးမဝေးကို ပြောင်းလာတာ မကြာသေးပါ။ က လေးတွေက တပြုံတောင်ကြီး ပါလာသည်။ ငယ်စဉ်ကြီးလိုက်ဆိုတော့ ခြောက်လုံးပတ်ကလေးတွေ ထောင်ထားတာ နှင့်ပင် တူတော့သည်။ ကိုသာဆောင်မယား မစိန်နွဲ့ကတော့ ရောဂါသည်ပုံ ပေါက်နေသော်ငြား ပဋိသန္ဓေတည်ခြင်း အ င်္ဂါသုံးပါးဖြစ်သော မိဘနှစ်ပါး ပေါင်းဆုံခြင်းလည်း တပါး၊ အမိဥတု စဲစဝမ်းအိမ်၌ အညစ်အကြေး ကင်းရှင်းခြင်းလည်း တပါး၊ သဋိသန္ဓေ တည်မည့် သတ္တဝါ ရှေးရှုတည်လာခြင်းလည်း တပါးတို့ကြောင့် နှစ်နှစ်ခြားလျှင် တသား မှန်မှန်ကြီး ပေါက်ရှာသူဖြစ်၏။ ကိုသာဆောင်ကတော့ လက်သမားဆရာဖြစ်သည်။ မြင်းခြံနယ် မြောက်လက်ကျေးရွာတရွာကဖြစ် သည်။
မန္တလေးအပွေးတက်နေပြီ ဖြစ်သော်လည်း မြင်းခြံလေကား မပျောက်လေ။ လူက ပိန်ပါးပါးဖြစ်၍ ပုဆိုးဒယဥ့် တိုက် ဝတ်တတ်သည်။ လက်က လက်ပတ်နာရီကို ဥတုသုံးပါးစလုံး မချွတ်တော့တာထား၊ အကာလညအခါများမှာပင် နာရီမချွတ်ဘဲ အိတ်တတ်သူ ဖြစ်သည်။ ကျနော်က နာရီမေးလျှင် နည်းနည်းတော့ ရှက်သွားတတ်သည်။
“နေပါဦး၊ ရှစ်နာရီခွဲလောက်တော့ ရှိအံ့ထင်သာပဲ ဆရာရဲ့၊ ခုနင်က ဘုန်းကြီးကျောင်းက ရှစ်နာရီမောင်းထိုးသံ ကြား လိုက်သယ်”
“ဘယ့်နှယ်တုံး၊ ဘုန်းကြီးကျောင်းက မောင်းထိုးသံတုံး၊ ကိုသာဆောင်ရဲ့ လက်မှာလည်း နာရီပတ်ထားပြီးတော့”
“ရော်နှယ်… အဲသဟာပြောသာပေါ့၊ ဟိုအကြီးကောင် ဆိပ်ကမ်းသာလေ၊ မနေ့က နာရီပေါ် ရေတွေမှောက်ချလိုက်သာ၊ အအေးပတ်သွား သယ်နဲ့ တူပါရဲ့”
ကိုသာဆောင်က ဟာသရှိသည်။ ပျော်ပျော်ပါးပါး နေတတ်သည်။ သူ့နာရီက ပျက်နေတာများတာကို ရိုးရိုးအကြောင်းမ ပြ။ နာရီအအေးပတ်လို့၊ နာရီသရိုးသရီဖြစ်လို့၊ နာရီ ရင်ကျပ်ချောင်းဆိုးဖြစ်လို့ စသည်ဖြင့်ရယ်စရာ မောစရာလိုလိုနှင့် ပျက်နေကြောင်း ပြောတတ်သည်။ တခါ တခါတော့ သူ့နာရီကို “အိုးချည်းပဲ နာရီ ဆရာရဲ့၊ စက်ကဖောက်နေပြီ” လို့ ဆိုတတ်သည်။  အိုးချည်းပဲဆိုတာက “ Ogival ” နာရီကို ဆိုလိုခြင်းဖြစ်သည်။ သည်နာရီကို ပစ်လိုက်ပါတော့၊ အသစ်
တလုံး ဘယ်လောက်မှမပေးရပါဘူးဆိုတော့ ကိုသာဆောင်က နာရီ၏ သမိုင်းကို ပြန်တူးဆွတတ်သည်။
“သဟာက ကျနော့်အဘိုးအမွေ ဆရာရဲ့၊ မြင်းခြံပုလိပ်ရုံးကြီးဆောက်တုန်းက ကျတော့်အဘိုးက လက်သမားခေါင်း တွေထဲက တယောက်လို့ ဆိုသာပဲ၊ ရုံးကြီးဆောက်ပြီးတော့ အင်္ဂလိပ် ဒိစတိတ်မင်းက ပေးသာ ပြောသယ်၊ အဘိုးသေ အဖေရ၊ အဖေသေ သာဆောင်ရဗျာ”
ဒိစတိတ်မင်းက district officer ကို ပြောခြင်း ဖြစ်သည်။ ကျနော်က ရ ရပါဦးတော့ဗျာ။ မကောင်းတော့တာကို ဖြုတ် သိမ်းထားပြီး ကောင်းတာကို ပတ်ကရောပေါ့ဆိုတော့ ဘာမှတော့ မဖြေ။ သူ့အကြောင်းသူ့ခံစားစမှုကို ကျနော်လည်း မသိ။ မက်ရေစက်ရေ ပတ်နေတတ်တာကတော့ ပြောင်းမသွားပေ။ တခါတခါ လက်သမားခေါ်လို့ လိုက်သွားသည့်အခါ မတွေ့ရတာ များသော်လည်း အလုပ်ကလေး ပါးလျှင်တော့ သူ့အိမ်ကလေးရှေ့က သရက်ပင်အောက်က ရွှေပေါ်ခုံမှာ လုပ်လက်စ တခုခုနှင့်အတူ တွေ့ရတတ်ပါသည်။ ခရမ်းချဉ်သီး “တာ” ကလေးတွေ ရိုက်နေတတ်သည်။ တို့ဟူးဗန်းက လေးတွေ ရိုက်နေတတ်သည်။ လက်ဖက်ရည်ဆိုင် ခွေးခြေကလေးတွေ ရိုက်ရတာများသည်။ ကျနော်ကိုယ်တိုင်က စာ ရေးရတာညောင်းလို့ သူရှိရာ သရက်ပင်အောက် ရောက်သွားလျှင် ဘယ့်နှယ့်တုံး ဆရာရဲ့၊ ဦးနှောက် ရွေပေါ်ထိုးရတာ ရွေဘော်စာ တော်တော်ထွက်ကဲ့လားလို့ ဆီးမေးတတ်သည်။ သူ့မယား မစိမ်နွဲ့က ရေနွေးဗန်းကလေးလာချကာ “သူ ကြီးမရှိတော့ ရွာဆူ၊ အမြည်းမရှိတော့ အာပူသယ်ဆရာကြီးရဲ့၊ မနက်က ထန်းလျက်လေးငါးခဲရှိသာ “တို့လယ်သမား” စားသာနဲ့ ကုန်သာပဲ။ သင်းမှ ရင်မကျပ်သယ်” လို့ ညည်းတတ်မြဲ ဖြစ်သည်။ သည်နေရာမှာတော့ ကိုသာဆောင်၊ မစိန် နွဲ့တို့၏ ကလေးတွေအကြောင်း ပြောရတော့မည်။ ကိုသာဆောင်က လူကသာ လက်သမား၊ သီချင်းများတော့ ကြိုက် သည်။ ကက်ဆက် အဟောင်းကလေးရှိသော်လည်း နားထောင်ရသည်မရှိ။ ကက်ဆက်တလုံးတွင် ရှိရမည့် အင်္ဂါလက္ခ ဏာတို့ တမျိုးမဟုတ် တမျိုး ချွတ်ယွင်းနေတာများလေရာ များသောအားဖြင့် ပါးစပ်ကသာ သီချင်းညည်းနေတတ် သည်။ ဆိုတော့လည်း တခြားသီချင်းမဆို။ ရှေးက တေးသံရှင် ရုပ်ရှင်မင်းသာကြီး ခင်မောင်ရင် ဆိုခဲ့သည့် ခေတ် ဟောင်းသီချင်းတွေကိုသာ ဆိုသည်။ မွေးလာသည့် ကလေးတွေကို ဆိပ်ကမ်းသာ၊ တို့လယ်သမား၊ ဘိုးဘိုးအောင်၊ စ ကြာသိုက်၊ သိကြားသာသနာ စသည်အာဖြင့် မှည့်ထားသည်အထိ စွဲလန်းသူ ဖြစ်သည်။ ကျနော်က “ကဂ္ဂင်ရှစ်ပါး” ကျ တော့ မမှည့်ဘူးလားဆိုတော့ မမှည့်ကောင်းဘူးထင်သယ် ဆရာရဲ့ဟု ဆိုလေသည်။ မစိန်နွဲ့က သူ့သားတွေအကြောင်း ပြောတတ်သည်။
“မနေ့က တို့လယ်သမားနဲ့ ဘိုးဘိုးအောင် ထသတ်ကြသာ၊ ဘိုးဘိုးအောင် ထိပ်ပေါက်ကရော၊ သည်တော့ ညီကို သည် လောက်လုပ်ရပါ့မလားလို့ စကြာသိုက်က ထထိုးသာပဲ၊ သားယောက်ျားကလေးတွေများ မကောင်းချက်တော့”
တခါတလေ ကျနော်ကိုယ်တိုင် အူချာပေါက်ရသည်လည်း ရှိ၏။ ကိုသာဆောင်ကတော့ လူအေး။ လက်သမားပညာ
တော့ သဘောတရားရော လက်တွေ့ပါ တတ်သူဖြစ်သည်။ တခါတရံ သူ့ထံက ထူးဆန်းတာတွေ ကြားရသည်။
“အိမ်ဆောက်သယ်၊ အိမ်ဆောက်သယ်နဲ့ လွယ်မှတ်လို့၊ မြို့မယ်ပိုဆိုးသာပေါ့၊ ဓလေ့နားမလည်၊ ထုံးနားမလည်ဆို တော့ ဇာတ်စရိုက် ပျက်ကရော။ အဆောက်အအုံများဆောက်ရင် မိကျောင်း၊ ယက်မ၊ ဆင့်၊ ယောက်ထုပ်၊ ဒိုင်း၊ ဒိုင်း ချုပ်၊ အုန်းလက်၊ ကျား၊ ဝမ်းဘဲတောင်၊ သွပ်တန်း မှန်ရသယ်။ မိုးတားခါးပန်းဒိုင်းပိတ် ညီရသယ်၊ သွပ်မိုး၊ ကြမ်းခင်း၊ ပျဉ် ထောင်၊ မျက်နှာကြက် သပ်ရပ်ရသယ်၊ တံခါး၊ ပြတင်း၊ မျည်းခွေ၊ မှန်လည်လှရသယ် ဆိုသာလောက်နဲ့ သည်ခေတ် ပြီး ကြသာကောဆရာရဲ့၊ ပြောကြကြေးဆိုရင် အင်နန်သေးငယ်တဲ့ ကိစ္စဖြစ်တဲ့ ပန္နက်ကြိုးကိုင်သာကအစ အရေးကြီး
သယ်”
ပန္နက်မချမီ မြေညီညှိရသယ်။ ဒါမှ ပန္နက်ကြိုးပြေးကောင်းသည်။ ခန်းထောက်၊ ပေတံ၊ ပန္နက်ကြိုး၊ ပန္နက်တံ၊ မှန်ငုတ်၊ ချိန်သီး၊ ရိုက်တံ ကအစ ပြည့်စုံနှင့်ရသည်။ တနင်္ဂနွေသား၊ အိမ်ဆောက်ငြား၊ မှတ်သားရွေးချယ်ရာ။ ကြာသပတေး၊ သောကြာသား ကိုင်ငြား ကြိုးကိုသာ။ နံလျှင်နဂါး၊ စနေသား နှက်ထား ပန္နက်မှာ။ တနင်္လာသား ဆောက်လိုငြား စဉ်းစား သတိမှာ။ သောကြာသား ပေလူနှစ်ထွေ၊ ကိုင်လေ ကြိုးကိုသာ။ တနင်္ဂနွေ ပန္နက်ချ၊ စိုက်ထ ဆောက်အပ်စွာ၊ ဤသူ၌ပင် ချမ်းသာမြင်၊ လူတွင် ကြွယ်ဝရာ၊ နေ့အလိုက်ကိုသာ ဆောင်ရွက်ပြသော လင်္ကာများဖြစ်သည်။ ကျနော်က ဗုဒ္ဓဟူးသား ဆိုတော့ကော ကိုသာဆောင်က ဆေးလိပ်ကို အူအောင်ဖွာရင်းရွတ်ပြသည်။
“ဗုဒ္ဓဟူးပင်၊ အိမ်ဆောက်လျှင် အောင်မြင်စေဖို့ရာ၊ တနင်္လာသား၊ ဂဠုန်သား၊ မမှားကြိုးကိုင်ရာ၊ ပန္နက်မမှားနှက်စေငြား၊ နေ့ကား အင်္ဂါသား၊ ဤသို့ပြုကာ များဓန မုချ ချမ်းသာယာဆိုသယ်၊ ဆရာတို့ကတော့ ခေတ်ဆရာတွေဆိုတော့ ဒါတွေ ယုံချင်မှ ယုံမယ်”
အိမ်သစ်များ ဆောက်ပြီးသည်နှင့် ဆေးဖြင့် ပူဇော်ရသည်။ ဆိပ်ဖူး၊ လင်းနေ၊ မုန်ညင်း၊ ကြောင်ပန်း၊ ရှိန်းခို၊ ကြက်သွန် ဖြူ၊ ကြက်သွန်နီ၊ စေးဒန်း၊ ကန့်တိုက်၊ ဂမုန်း၊ ရနိုင်သမျှ နှမ်းဆီနှင့်ဖျော်ကာ အရင်းကစ၍ အဆစ်အမြစ်တို့ကို လိမ်းကြရ သည်။ အိမ်ဆောက်သစ်ကလည်း အရေးကြီးသည်။ သစ်တွင် သစ်ယောက်ျား၊ သစ်မိန်းမရှိသည်။ အရင်းအဖျားညီ သော သစ်က သစ်ယောက်ျား၊ အရင်းကြီး၍ အဖျားငယ်သော် သစ်မိန်းမ။ အဖျားက သေးလွန်းတော့လည်း သစ်တံစို့ ဖြစ်ရပြန်သည်။ သစ်ဆွေး၊ အခွံဆွေး၊ အခွံရှက်၊ သစ်နာကို ရွေးကာပယ်ရသည်။ သစ်ကောင်းမှ မင်္ဂရှိသည်။ အိမ်ကျက်
သရေရှိသည်။ ဣနြေ္ဒရှိသည်။ ဥရူသစ်၊ ကြငှာန်းသစ်ကို မှတ်ပြီးသည့်အခါ ထမင်းဆုပ်ကို အလုံးမကွဲအောင်ဆုပ်၍ အ တွင်းမှာ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးမြှုပ်ကာ တင်ရသည်။ နတ်အပေါင်းကို ပူဇော်ပါကြောင်း အပ်ပြီးမှ အခြားတိုင်တွေကို သဘော ညွှတ်သော “အင်း” ဖြင့် ထမင်းဆုပ်ကို တင်။
“ပန္နက်အကြောင်းပြောရာကနေ ဘယ့်နှယ် တိုင်တွေဘက် ရောက်သွားတာတုံး ကိုသာဆောင်ရဲ့”
“စကားဆိုသဟာလည်း လွှသွားများလို ဖယ်သာပေါ့ ဆရာရဲ့၊ ပန္နက်များရိုက်ရင် ခန်းထောက်တံဆိုသာရှိသယ်၊ သစ် သားချောင်းကလေး ရွေဘော်ထိုးတဲ့ တုတ်ချောင်းကလေး ပြောပါတော့၊ ဒါက ပန္နက်ချတော့မှ အရေးကြီးသာ မဟုတ် ဘူး၊ ထုပ်၊ ယောက်၊ ယက်မများ တပ်တော့လည်း အရေးပါသယ်၊ နောက် ဆယ်ပေတံလည်း လိုသယ်၊ ဆယ်ပေတံမှာ လည်း ပေကွက်၊ ပေဝက်ကွက်ဖော် ရေးမှတ်ထားရသယ်၊ ပန္နကြိုးလုပ်မယ့် ကြိုးကလည်း မကြီးရဘူး၊ ကြီးတော့ လေး ကရော၊ လေးတော့မဖြောင့်တော့ဘူးလ၊ သေးလွန်းပြန်တော့ကောတဲ့၊ ဆွဲအား မကောင်းပြန်ဘူး၊ သည်တော့ ဘန်ချည် ကြိုး၊ ဘိလပ်မြေကြိုးများဟာ အကောင်းဆုံးပဲ”
ကြိုးရင်းကို အနောက်အရပ် ဒါမှမဟုတ် မြောက်အရပ်မှာ ထားရမည်။ ကြိုးဖျားကို အရှေ့အရပ် ဒါမှမဟုတ် တောင်အ ရပ်မှာထားရမည်။ အနောက်နှင့် မြောက်အရပ်က အဆန်။ တောင်နှင့် အရှေ့က အစုန်။ ဒါမှမဟုတ် အမြစ်အရပ်နှင့် အ ညွန့်အရပ်။ အမြစ်က အရင်း၊ အညွန့်က အဖျား။ သည်တော့ သစ်ဝါးတို့၏ အရင်းပိုင်းကို အနောက်နှင့်မြောက်မှာ ထား ရသည်။ အဖျားပိုင်းကိုတော့ အရှေ့နှင့်တောင်မှာ ထားရသည်။ ကြိုးဖျားက အရှေ့နှင့် တောင်ဘက် ထားရသည့်ဆို သော်ငြား ရာသီအရ နဂါးဦးခေါင်းက အနောက်လှည့်ချိန်နှင့် ကြုံလျှင် ကြိုးဖျားကို တောင်မှာမထားရဘဲ၊ အရှေ့က ထားရသည်။ နဂါးခံတွင်း ကြိုးဖျား မသွင်းစကောင်း။ ရှေးက အရပ်ညွှန်း ကွန်ပါအိမ်မြှောင်မရှိတော့ မြောက်စူးစူးက ဓူဝံ ကြယ်ကို မူသေထားကြရသည်။ တောင်နှင့်မြောက် ပန်းလုံးတိုင်နှစ်တိုင် စိုက်၍ ဓူဝံကြယ်နှင့် ဖြောင့်အောင် ချိန်ခြင်း အားဖြင့် တောင်မြောက် မူမှန်ကို ရလေသည်။ ပန္နက်တံကတော့ ဝါးလည်းရသည်။ သစ်ချောင်းလည်း ရသည်။ တချို့ အိမ်ရှင်တွေက သူတို့ စိတ်ကြိုက်အသားကို ပေးတတ်သည်လည်း ရှိ၏။ ပန္နက်တံ ချွန်တော့လည်း အရင်းကို အောက် စိုက်၍ ချွန်စေ၊ အထက်အောက် မမှားစေနှင့်။
“ချိန်သီးကကော အရေးကြီးတာပဲလား”
“ကြီးပြီးလား ဆရာရဲ့၊ အထက်နဲ့အောက် မတ်နေဖို့ သည်ကောင်အခရာပေါ့၊ ချိန်သီးကြေးတုံးတွေ ပေါပါသယ်၊ ဂျင်လို အလုံးနဲ့ အောက်ခြေက အချွန်နဲ့ဟာကော၊ ကြိုးနဲ့ တန်းချလိုက်တော့ အချွန်ထောက်တဲ့အရာဟာ အမှန်ပေါ့”
“မှန်ငုန်ဆိုတာကကော”
“ရော်… ဆရာနှယ်၊ မြေတူးလိုက်လို့ မူလ ပန္နက်တံ ရိုက်ရာနေရာ အတိအကျကို ရှာနိုင်အောင် စိုက်ရတဲ့ ငုတ်ပေါ့ဗျာ၊ သစ်သား နှစ်ပတ်လည် ကလေးချွန်ပြီး မူလပန္နက်နဲ့ နှစ်ပေခွာစိုက်၊ အုတ်ရိုးပန္နက်ဆိုရင် သုံးပေကွာစိုင်။ ပန္နက်ကြိုးကျ ရာ မှန်ငုတ်ထိပ်မှာ သံကလေး ရိုက်ထားရသယ် ခင်ဗျာ။ အလျားတချောင်း၊ အနံတချောင်နဲ့ လေးထောင့်ဆိုတော့ ရှစ် ချောင်းစိုက်ရသာကော။ မှန်ငုတ်ပြည့်စုံမှ မူလပန္နက်အလျားအနံ မှန်ကို ရှာနိုင်သယ်”
ခရမ်းချဉ်သီးသေတ္တာ (တာ) ကြမ်းကလေးတွေ ရိုက်နေရင်းအိမ်ကြီး ရခိုင်ဆောက်သည့်အခါ မြန်မာတို့ အရိုးအဆက် ယုံကြည်ခဲ့ကြသော ကြိုးပန္နက်ကိုင်နည်းတွေ ရှင်းပြနေသည့် ကိုသာဆောင်ကို ကျနော် ကရုဏာ သက်မိသည်။ သူ သည် မြို့မှာ လာနေရတာကိုပဲ ဝမ်းမြောက်နေရှာသူ ဖြစ်သည်။ ရွာမှာနေတုန်းက အဆင်ပြေရဲ့လားဆိုတော့ တရွာလုံး လက်သမားချည်းပါဗျာ၊ လက်သမားမရှိတဲ့ရွာက စစ်စစ်ပေါက်ပေါက်ငှားပါမှ လိုက်ရတာပါဟု ပြောပြတတ်သည်။ ကို သာဆောင်တို့က ဘိုးဘွားစဉ်ဆက် လက်သမားတွေ။ အဘိုးကိုင်ခဲ့သည့် လက်သမားကိရိယာ တွေက အဖေ့ဆီ ရောက်သည်။ အဖေ့ပစ္စည်းပစ္စယတွေက သူတို့သားသမီးတွေဆီ ရောက်သည်။ ကိုသာဆောင့်လက်ထက်မှာတော့ သားကြီး ဆိပ်ကမ်းသာသည်ပင် ရွေဘော်ထိုး၊ ဆောက်ဖြစ်၊ စရွေးထွင်းလောက်တော့ရနေမြဲ။ မြေတိုင်မန္တန်ကို အလွတ် ကျက်ခိုင်းထားသည်။ တခါက ကျနော်မေးဖူးသည်။ “ကလေးတွေ ရွတ်တာဖတ်တာ မှားတော့ ဘယ့်နှယ်လုပ်မတုံး”
ဆရာ့နှယ်၊ သူက မှားလည်းရသယ်၊ မန္တန်ထဲမှာ ချချချီချီ၊ တီတီတွတ်တွတ်၊ မရွတ်တတ်သော်၊ ယွင်းချွတ်ချော်လည်း၊ ရွှင်ပျော်စိတ်တွင်၊ ရက်ရက်ပင်တည့်၊ နတ်ရှင်စားတောခေါ်လှည့်လော့၊ ဧဟိဧဟိ ဣမံ၊ အတ္တံ ဘုဉ္ဇာဟိ ဆိုသာကိုးဗျ၊ နတ်ကလည်း စားရပြီးသာပါပဲ၊ အထအနကောက်နေသာ မှုတ်ဘူးရယ်”
ရွာက ထွက်လာတော့ မြို့မှာ နေစရာမရှိ။ ဂေါဝိန်သင်္ဘောဆိပ်ကို တင်တော့ ဘယ်သွားရမှန်းမသိ။ သည်တုန်းကတော့ သူတယောက်တည်း ရောက်လာခြင်း ဖြစ်သည်။ ရွာခံဘုန်းကြီးကျောင်းကို ပြေးရသည်။ ထိုမှ အလုပ်ကလေးရတော့ ဆိုက် (Site) ထဲမှာပဲ သစ်ပုံစောင့်ရင်း နေခွင့်တောင်းရသည်။ မြို့မှာတော့ တိုက်တွေဆောက်တာများသည်။ အင်ဂျင်နီ ယာကချည်း သည်နေရာတူး၊ သည်နေရာဆွ၊ သည်နေရာယက်၊ သည်နေရာဖယ် လုပ်နေတော့ သူ့အလုပ်က လက်သ မားခေါင်း ခိုင်းသမျှ လုပ်ပေးနေရတာပဲ ရှိသည်။ သူ့လက်ရာကို ကျေနပ်ကြတော့ အင်ဂျင်နီယာမရှိသော်လည်း မိသားစု ခေါ်ဖို့တော့ မဖြစ်နိုင်သေး။ တောသူတောင်သားဆိုတော့ ဗရာကြော်နှစ်ကွင်းလောက်နဲ့လည်း စားနိုင်သည်။ အသုပ်တ ပွဲနဲ့လည်း ပြီးရသည်။ ပိုက်ဆံကလေး စုမိတော့ ဘုန်းကြီးကျောင်းကို ပြေးကာ ရွာလူကြုံကောင်းကို ရှာပြီးမှ ပိုက်ဆံ ထည့်ပေးလိုက်ရသည်။ တချို့လူကြုံက သုံးဖြုန်းပစ်လိုက်တာရှိလာတော့ ဦးဇင်းပဲ တာဝန်ယူကာ အရောက်ပို့ပေး တော်မူ၏။ မြို့ကို သားမယားခေါ်ချင်တော့ သူ့ဆရာကို အကူအညီတောင်းသည်။ သူ့ဆရာက မဆောက်ရသေးသည့် မြေကွက်တွေမှာ နေကြဖို့ ခွင့်ပြုသည်။ မကြာခင်ဆောက်တော့မည့် မြေကွက်ဆိုတော့ မြေပိုင်ရှင်ကလည်း အင်ဂျင်နီ ယာ တာဝန်ယူလျှင် နေစေခွင့် ပြုတတ်သည်။ သည်လိုနှင့် မြေကွက်တကွက်ပြီးတကွက် ပြောင်းပြောင်းနေလိုက်ရတာ မန္တလေး ငါးမြို့နယ် နှံ့လေပြီ။ တိုင်ကြီးတွေဆိုတော့ အနည်းဆုံး တနှစ်နီးပါး ဆောက်ရသည်။ ကလေးတွေ ကျောင်း ထားရတာ အရွှေ့အပြောင်း များသော်လည်း သည်နည်းပဲရှိတော့ ရွှေ့ရသည်သာ။ နောက်တော့ ဦးဇင်းက နှစ်ယောက် ကိုရင်ဝတ်၊ နှစ်ယောက် ကျောင်းသားအဖြစ် ကျောင်းကို ခေါ်ထားလိုက်မှပဲ ကလေးဝေယျာဝစ္စ ငြိမ်းလေသည်။
“သည်လိုနဲ့ ကျနော်တို့အိမ်ကလေး စငှားဖြစ်သယ်၊ သူများမြေထဲမှာ အမြဲနေလို့မဖြစ်သာက တကြောင်း၊ ဆောက်မယ့် မြေနေရာမယ် အိမ်ဆောက်ပစ္စည်းတွေ ကြိုချတဲ့အခါ ကိုယ်က အလိုလိုနေရင်း ပစ္စည်းစောင့်ဖြစ်ရရော၊ လခရယ်လို့ လည်း ရသာမှုတ်ဘူး၊ တာဝန်ကြီးလိုက်သာများ။ ညဘက် အိမ်မပျော်ဘူး။ သူများမြေထဲ နေရတော့ ပစ္စည်းပျောက်ရင် ကိုယ့်ထင်တော့မှာ။ သည်တော့ စိန်နွဲ့နဲ့ တိုင်ပင်ပြီး အိမ်ကလေး စငှားသယ်”
ကိုသာဆောင့်မယား မစိန်နွဲ့ကတော့ တောသူတောင်သားပီပီ အလကားမနေပါ။ ဝက်ကလေးတွေ မွေးဖက်မွေးသည်။ အိမ်ပေါက်စေ့ ထမင်းရည်နှင့် ထမင်းကျန် ဟင်းကျန်ဟောင်းများ လိုက်စုကာ ကျွေးရင်း ဝက်စားကျင်း တရှုတ်ရှုတ် ဖြစ် နေတတ်သည်။ ရေအိုင်စပ်တွေမှာ တက်ပြားလည်းခေါ် ပဲ့ပြားလည်းခေါ်သည့် အလေ့ကျပင်တွေကို တံစဉ်တလက်နှင့် ရိတ်ယူကာ အိမ်အရောက် ရွက်သည်။ ဒါကိုမှ နုပ်နုပ်စဉ်း၊ ထမင်းသိုး ဟင်းသိုးရည်တွေနှင့် ရော၍ မနက်နှင့် ညကျွေးရ ခြင်း ဖြစ်သည်။ ကျနော်က ပင်ပန်းတာနဲ့ ကိုက်ရဲ့လားဗျာလို့မေးတော့ မစိန်နွဲ့က မဆိုးပါဘူးလို့ ဆိုသည်။ မွေးဖက်ဆို တာက ပိုက်ဆံရှိသူက ဝက်ကောင်ပေါက်ကလေးတွေ ဝယ်ပေးရသည်။ မွေးသူက မွေးရသည်။ ရောင်းလောက်ပြီဆို တော့ ထုတ်ရောင်းကာ ရသမျှ ထက်ဝက်ခွဲယူကြရခြင်း ဖြစ်သည်။
“ကျနော်က မလုပ်ခိုင်းပေါင်ပါဗျာ၊ ဝက်မွေးသာ နောက်ဆုံးတော့ ငရဲနဲ့ ဝက်ချေး ကျန်သာပါလို့ ပြောသာပဲ၊ ပြောမရ တော့ လုပ်ပေါ့။ ပြောသေးသာ၊ သားတွေ ရှင်ပြုဖို့ စုသာဆိုသာပါသေး”
ဝက်တွေ ကြီးလာတော့ မစိန်နွဲ့တယောက်တည်း မနိုင်တော့။ အကြီးနှစ်ကောင် ဦးဇင်းကျောင်းက နုတ်ထွက်ခိုင်းရ တော့သည်။ အငယ်ဆုံးကောင်မွေးပြီးတော့ မစိန်နွဲ့ ချူချာလာခဲ့သည်။ ဘာရောဂါမှန်းလည်း မသိ။ ဆေးဝါးနှင့် အာဟာ ရလို့ အလျင်မမီတော့ ပိုဆိုးသည်။ ကျနော်က တော်ကြပါတော့ဗျာ၊ နောက်ထပ် သားသမီး မယူကြပါနဲ့ဆိုတော့ ကို သာဆောင်က လွှကလေး တဂျိဂျိသွေးရင်းက ပြုံးလေ၏။ သီချင်းညည်းနေရာက လွှအိမ်ကို မျက်စိတဖက်မှိတ်ရင်း ဖြောင့်မဖြောင့် ကြည့်သည်။ ကွေးသည့်ဘက် ဆွဲဆန့်ကာ ပြန်ကြည့်သည်။ ညီပြီဆိုတော့ တံစဉ်းမလေးနှင့် ရှေ့တိုး နောက်ငင် သွေးပြန်လေသည်။
“ဆရာက ပြောတော့သာ လွယ်သာ၊ ကိလေသာများဟာ အာခံဖို့ ခက်သားပဲ၊ ခင်မောင်ရင်ကြီးဆိုသယ်၊ ရတနာသုံးပါး ကြည်ညိုသယ်၊ သံယောဇဉ်တွေ လည်ကာဝိုင်းတဲ့ ကာမဂုဏ်တိုင်းကို အစဉ်ခွာမယ်။ မြင်သာရယ်၊ ကြားသာရယ်၊ မွှေး သာရယ်၊ အရသာရယ်တဲ့။ ကာမဂုဏ်ဘယ့်နှယ်လုပ် အစဉ်ကွာလို့ရမှာတုံး။ ခွာမရလို့ သာဆောင်တို့ ကလေးတွေများ နေသာပေါ့။ ကြည့်ပါလား ပန္နက်တိုင်ကလေးတွေ၊ မှန်ငုတ်ကလေးတွေလားကျလို့၊ ပန္နက်ကြိုးက တိုင်စေ့တင်းနေ အောင် ချည်ထားရသလို သံယောဇဉ်က နှောင်ဖွဲ့ထားလေတော့…”
ကိုသာဆောင့် ဝါကျက မဆုံးတော့ပါ။ သည်တော့ ကျနော်က မေးခွန်းတခုခုဖြင့် စကားလမ်းကြောင်း လွှဲရသည်။ လွှ ဖယ်တယ်ဆိုတာ ဘာလဲ၊ သည်လိုဆိုတော့ ချက်ချင်း လွှဘက် စိတ်ရောက်သွားကာ မျက်စိတဖက်မှိတ်ပြီး ချိန်ပြန်လေ သည်။ ကိုသာဆောင့်အဖြေအရတော့ လွှထိုးသည့်အခါ လွှစာတွေ ရှောရှောရှူရှူ ထွက်နိုင်ဖို့နှင့် လွှစားချောင်ချိရန် စွယ်များကို ဘယ်ညာတလှည့်စီ အပြင်ငိုက်ထားရခြင်းကို ဆိုသည်။ လွှသွားကို မ “ဖယ်” မီ လွှစားညီစေရန်အတွက် စွယ်တွေကို တံစဉ်းဖြင့်ညီအောင် ညှိရသည်။ စွယ်တွေ မငိုက်မညီလျှင် လွှဖြတ်သည့်အခါ ဖယ်များသည့်ဘက် လိုက် တတ်သည်။ ဒါဆိုရင် လွှကို စစ်ရသည်။ ဖယ်များသည့်ဘက် ခုံးနေလိမ်မည်။ ဖယ်နည်းသည့်ဘက်က ခွက်နေလိမ့်မည်။ ကိုသာဆောက်က လွှဖယ်တော့ စွယ်ဖျားကလေးတွေ တခုနှင့်တခု လွတ်အောင် မဖယ်ရပြန်ဘူး။ စွယ်ဖျားချင်း လွတ် အောင်ဖယ်တော့ ဖယ်လမ်းကျယ်လို့ မလန်ရဘူး။ လွှဖယ် ညီရမယ်။ စွယ်ဖိုစွယ်မ ခေါ်တဲ့ တချောင်းကြီးတချောင်းသေး ဖြစ်လို့လည်း မကောင်းဘူးလို့လည်း ဖြည့်သေးသည်။ လွှဖြတ်တော့ ပယ်မည့်ဖြတ်စပိုင်းကို ညာက ထား၍ ဖြတ်၊ လွှထိုး တော့လည်း လွှစွယ်ဆုံးအောင် ထိုးဖြတ်၊ သည်လိုမှ လွှစွယ်အားလုံး အသုံးညီနိုင်သည်လို့လည်း စွက်လိုက်သေးသည်။
ကျနော်က ကိုသာဆောင်ကို သဘောကျသည်။ သူသည် စနစ်ရှိသူ ဖြစ်သည်။ အောက်သက်ကြေသူ ဖြစ်သည်။ သ ဘောတရားရော လက်တွေ့ပါ နားလည်သူ ဖြစ်သည်။ ဝိဇ္ဇမည်သော ပညာဉာဏ်ကိုလည်းကောင်း၊ သိပ္ပမည်သော လက်အတတ်ကိုလည်းကောင်း တတ်မြောက်သူပေတကာ။ ခုတလော ကိုသာဆောင် ပျောက်သွားပြန်လို့ မေးကြည့် တော့ သူ့ဆရာ အင်ဂျင်နီယာက မြောက်ပြင်ဘက်မှာ အလုပ်ဝင်ဖို့ လာခေါ်သွားသည်ဟု ဆိုသည်။ သားကြီးဖြစ်သူ ဆိပ်ကမ်းသာသည်ပင် လက်သမားနောက်လိုက် ဖြစ်နေပြီ။ သည်အတိုင်းဆိုတော့လည်း ကိုသာဆောင်လက်သမား ပစ္စည်းတွေ သူ့သားကြီးကို မိဘအမွေအဖြစ် လက်ဆင့်ကမ်း လိမ့်မည်ဟု ထင်သည်။ တရက်တော့ ကိုသာဆောင် က သုတ်ကရက်ရောက်လာသည်။ သည်လကုန်လျှင် အိမ်ငှားရက်ပြည့်ပြီ။ မြောက်ပြင်က ဆိုက်ထဲမှာ သားအဖတတွေ ပြောင်းနေကြမည်ဆိုလေသည်။ ကျနော်ကတော့ သူတို့မိသားစု ပြောင်းကြတော့မည်ဆိုတော့လည်း စိတ်မကောင်း ဖြစ်ရသည်။ ကျနော်က ကိုသာဆောင်ကို သည်အကြောင်း ပြောပြတော့ သူက ပြုံးသည်။
“ဆရာနှယ်၊ ဆရာကသာ ဆန်းသာ၊ ကျနော်တို့က မဆန်းဘူးရယ်၊ အိမ်ပြောင်းသာ ရွှေ့သာများအခါ နှစ်ဆယ် လောက်တောင် ရှိရော့မယ်။ သူများမြေပေါ်လည်း နေခဲ့ဖူးလှပေါ့၊ ကိုယ့်ထရံ ကိုယ့်ကပ်ကြမ်း ကလေးနဲ့လည်း နေခဲ့ဖူး လှပေါ့၊ ပြောင်းကြစို့ဆိုရင် ထရံလေးချပ်ရွှေ့ အမိုးနှစ်ချပ်ရွှေ့ပြီး နေလိုက်ကြတာများလည်း ရိုးနေပေါ့။ အခုက အိမ်လ ခ တိုးတောင်းနေသာ ဆရာရဲ့၊ ခုနစ်ထောင်ပေးနေရာက ဆက်နေရင် တသောင်းဆိုတော့ မတတ်နိုင်တော့ဘူး”
အိမ်ပြောင်းရွှေ့သည်ပင် အခါနှစ်ဆယ်ကျော်ပြီဆိုပါသကော။ ထိုနေ့က ကိုသာဆောင် ကျနော်တို့အိမ်ကို လိုက်လာ သည်။ သူ့ထုံးစံအတိုင်း ပတ်နေကျ “အိုးချည်းပဲ” နာရီကြီး ပတ်လိုက်လို့။ သည်တခါတော့ သူ့နာရီသွားပုံရသည်။ ပတ် ထားပုံကိုက နှစ်ပေါင်းသုံးရာမှာ တစက္ကန့် မယွင်းချေဟု ဆိုကြသော ကမ္ဘာကျော် ဘစ်ဘင်းနာရီကြီးကို ကြိုးတပ်ပြီး ပတ်ထားပုံ။
ကျနော်က နာရီကောင်းသွားပြီလားဆိုတော့ ကျောက်ငါးကြင်းလဲလိုက်တော့ ကောင်းသွားပြီ ဆရာရဲ့ဟု ဆိုသည်။ ကျောက်ငါးကြင်းဆိုတာကို ကျနော် မသိ။ ကိုသာဆောင်က ကျနော် ဧည့်ခံသည့် ကော်ဖီကို မုန့်ကလေးနှစ်ချပ်နှင့် တို့ကာစားသည်။ ပြီးမှ သူ့ထုံးစံ မထင်ရသော စကားကိုဆိုသည်။
“ကျနော်တို့ လက်သမားများမယ် စရွေးနဲ့ မလွတ်ဘူးဆရာရဲ့၊ ထောင့်ချိုးဆက်စရွေးတဲ့၊ အဖြောင့်ဆက်ဆရွေးတဲ့၊ မျဉ်းပြိုင်စရွေးတဲ့၊ အဓိကသုံးမျိုးရှိသာကိုး၊ သစ်သားတချောင်းနဲ့ သစ်သားတချောင်း ဆက်ချင်ရင်သည်စရွေး သုံးမျိုးထဲ က တမျိုးကို သုံးရတယ်၊ သည်မှာမှ ထောင့်ချိုးဆက်စရွေးမှာ စည်ကြီးပိတ် ထောင့်ဆက်စရွေးတို့၊ လက်ယှက် ခွ ထောင့်ဆက်စရွေးတို့၊ နဘေထောင့်ဆက်စရွေးတို့ရယ်လို့ ရှိသယ်၊ အဖြောင့်ဆက်စရွေးမှာလည်း သည်လိုပဲ စွန်မြီးအ ဖြောင့်ဆက်စရွေးတို့၊ မြင်းဇက်ခွ ဖြောင့်ဆက်စရွေးတို့ စသည်အားဖြင့် ရှိပြန်သလိုပဲ မျဉ်းပြိုင်စရွေးမျာကောတဲ့၊ လျှာ ဆက်စရွေးတို့ နဘေဆက်စရွေးတို့ ရှိပြန်ရော…”
ကိုသာဆောင်က ကျနော် မမေးဘဲ ပြောနေခြင်းဖြစ်သည်။ သူပြောပြသလောက် စရွေးပေါင်း သုံးဆယ်လောက် ရှိ သည်။ စရွေးဆိုတာ တဖက်သစ်သား အပေါက်ထဲကို တဖက်သစ်သား အကျတပ်ရခြင်းဖြစ်သည်။ စရွေးတံနှင့် စရွေး ဖောက် ခပ်စေးစေးကလေးရှိပါမှ ရေရှည်ခိုင်သည်။ အခံနှင့်အကပ် ချပ်ချပ်ရပ်ရပ် ရှိရမည်။
“သည်လိုပါပဲ ဆရာရယ်၊ ကမ္မဇရူပဆိုသာကော၊ ကမ္မဇ ကံကြောင့်ဖြစ်ရတဲ့ ပစ္စုပ္ပန်ရုပ်မှာ ရှေးကပြုခဲ့ဖူးတဲ့ မကောင်းမှု ကံကြမ္မာက အမြဲတမ်းစရွေးစွပ်ချင်နေသာ၊ တခါတလေများ စရွေးကောင်များလို ဝန် “ထမ်း” အားတောင် ကောင်းလိုက် သေး ဟေး…ဟေး…ဟေး”
ကျနော်က အိမ်အကြောင်း၊ လက်သမားအကြောင်း သိမြင် နှံ့စပ်ရှိသော ကိုသာဆောင်ကိုသာ ငေးနေမိသည်။ သူပြော ပြသမျှ မှတ်သားစရာတွေချည်း ဖြစ်သည်။ သူတကာ အိမ်တွေ လိုက်ဆောက်နေရသော်လည်း သူ့မှာ အိမ်မရှိ။ မြင်းခြံပု လိပ်ရုံးကြီးဆောက်စဉ်က သူ့အဘိုးလက်သမားဆရာကို ဒိစတိတ်မင်းကပေးခဲ့သော နာရီကိုကြည့်ရင်းထလိုက်သည်။ ထသွားသော သူ့ကျောပြင်ကိုကြည့်ရင်း သည်လက်သမားဆရာကတော့ သူ့တသက် ကိုယ်ပိုင်အိမ်ကလေးနှင့် နေရပုံမ ပေါ်လို့ သာ တွေးနေမိသည်။

နေဝင်းမြင့်
အိမ်ကလေး ၁၆ လုံးမှ….

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis