menu

Saturday 14 January 2012

လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး သတင်းစာရှင်းလင်းပွဲပြုလုပ်

လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဇန်န၀ါရီလ (၁၄)ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။


အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အကျဉ်းသားများကို ဘာကြောင့် လွှတ်ပေးခဲ့ရသည်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြခဲ့သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၆၀၄ ဦးစာရင်းကို အတည်ယူပြီး လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိကြောင်း၊ ကျန်ရှိသည့် ၁၂၈ ဦးကို  ဆက်လက်ထိန်းသိမ်းထားကြောင်း၊ အဆိုပါအထဲတွင် တာလီဘန်နှင့် ဆက်နွယ်နေသည့် (၁၃)ဦးလည်း ပါဝင်ကြောင်း၊ ဖဒိုမန်းငြိမ်းမောင်နှင့် ပတ်သက်ပြီး တရားဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ယခု လွှတ်ပေးခဲ့သူများသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်လုံခြုံရေးကို အန္တရယ်မပေးနိုင်သည့်သူများ ဖြစ်ကြောင်း တို့ကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ထည့်သွင်းပြောကြားခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သူ ၆၅၁ ဦးအနက် အကျဉ်းသား ၆၂၂ ဦး၊ အကျဉ်းသူ ၂၉ ဦးဖြစ်ကြောင်း သိရသည်။

ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသင်းအဖွဲ့အချို့မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည်ဆိုသူများအား လွှတ်ပေးရန် အမည်စာရင်းများ အသီးသီးပေးပို့ တင်ပြ တောင်းဆိုခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စိစစ်တင်ပြထားသော အင်အား ၆၀၄ ဦးစာရင်းအား စိစစ်၍ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစာရင်းတွင် အင်အား ၆၀၄ဦး၊ တင်ပြတောင်းဆိုထားသော်လည်း လက်ရှိအကျဉ်းကျခံနေရ သူ ၄၂၁ ဦး၊ အချုပ်သား ၉ဦး၊ ပေါင်း ၄၃၀ ဦးသာရှိပြီး ၊ ၁၀၇ ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်အသီးသီးဖြင့် ရက်စေ့၍ လွတ်မြောက်ခဲ့ပြီး ဖြစ်ကြောင်း  သိရသည်။

၁၃ဦးမှာ အမည်ထပ်နေပြီး  ၅၁ဦးမှာ အချက်အလက် မပြည်စုံသဖြင့် စိစစ်မရကြောင်း၊ သေဆုံးသူတစ်ဦး၊ သာသနာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့သူနှစ်ဦးရှိခဲ့ကြောင်း အဆိုပါ လက်ရှိအကျဉ်းကျနေသူ ၄၃၀ ဦးမှ ၃၀၂ ဦးအား နိုင်ငံတော်တည်ငြိမ်ရေးနှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရန် လွတ်ငြိမ်းချမ်းသာခွင့် ခွင့်ပြုပေးခဲ့ပြီး ၁၂၈ ဦးမှာမူ ရာဇ၀တ်ပြစ်မှုကြီးများကို ကျူးလွန်ထားသူများ ဖြစ်သဖြင့် လွတ်ငြိမ်းချမ်းသာခွင့်၏ ရည်ရွယ်ချက်နှင့် အကျုံးမ၀င်သောကြောင့် တရားဥပဒေစိုးမိုးရေးအတွက်အလို့ငှာ ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစာရင်းတွင်ပါရှိသော အကျဉ်းသားအကျဉ်းသူ ၃၀၂ ဦး နှင့် အကျဉ်းထောင်အသီးသီးတွင် စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်၍ ထိုက်သင့်သော ပြစ်ဒဏ်အသီးသီးကို ကျခံခဲ့ပြီးဖြစ်သည့် အခြားအကျဉ်းသား ၃၄၉ ဦး အားလည်း နိုင်ငံတော်အကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ စုစုပေါင်း အကျဉ်းသားအကျဉ်းသူ ၆၅၁ ဦး တို့ကို သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးမှ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက နိုင်ငံ့တာဝန်ယူခဲ့သည့် ဆယ်လတာကာလအတွင်း အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားသော ကိုယ်ချင်းစာစိတ်များ အကျဉ်းသားတို့၏ မိသားစုများကို ငဲ့ညာသောစေတနာများဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး မည်သည့် အဖွဲ့အစည်း မည်သည့်လူပုဂ္ဂိုလ်တို့ ၏ ပယောဂများတိုက်တွန်းချက်များကြောင့် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ လွတ်ပေးသင့်လွတ်ပေးထိုက်သူများကို စိစစ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis