“ဒီကနေ့ ပေါ်ပေါက်နေတဲ့
မြန်မာနိုင်ငံရေး အပြောင်းအလဲတွေအကြောင်း စဉ်းစားတဲ့အခါ ကျွန်တော်က
သဘောလွယ်သူပဲပြောပြော သံသယထက် ယုံကြည်မှုကို ရှေ့တန်းပိုတင်ပြီး
လုပ်ဆောင်ချင်သူ ဖြစ်တယ်ဗျ။ ပြည်သူတွေရဲ့ ယုံကြည်မှုကို
အလွဲသုံးစားလုပ်ရင်တော့ လုပ်တဲ့သူတွေကို သမိုင်းခုံရုံးက
ပြစ်ဒဏ်စီရင်ချက်ချမှာပေါ့ဗျာ …”
အခုတစ်လော စာပေဟောပြောပွဲအချို့လိုက်ဟောရင်း ဟင်္သာတ ဇလွန်စာပေ ခရီးမှာ
ဆရာဦးအောင်သင်းနဲ့ ပြန်ဆုံခဲ့တယ်ဗျ။ အင်မတန် အဟောအပြောကောင်းတဲ့ဆရာ
ဦးအောင်သင်းက ကျွန်တော့်ကို သတင်းစာ၊ ဂျာနယ်အလုပ် တွေနဲ့ပဲ နစ်မြုပ်နေပြီး
ရသစာပေ မရေးရကောင်းလားလို့ တပျစ်တောက်တောက် ဝေဖန်တာကို လှိမ့်ပြီး
ခံခဲ့ရတယ်ဗျာ။ သူနဲ့အတူခရီးသွားရင်း လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က
စာပေဟောပြောပွဲတစ်ခုမှာ ဆရာအောင်သင်း ပြောပြခဲ့တဲ့
အဖြစ်အပျက်ကလေးတစ်ခုအကြောင်း ပြန်ပြီး သတိရနေမိတယ်ဗျ။
နှစ်ပေါင်းများစွာ ယဉ်ပါး
အဲဒီဟောပြောချက် အနှစ်ချုပ်က နိုင်ငံခြားသား စာရေးဆရာတစ်ယောက်
သူ့ကိုယ်သူ တွေ့ရှိသွားခဲ့ပုံအကြောင်း ဖြစ်တယ်ဗျ။ အဲဒီစာရေးဆရာရဲ့အိမ်က
တံခါးမကြီးဟာ နှစ်တွေကြာ ရာသီဥတုက တိုက်စားတော့ တံခါးပေါက်နဲ့
အံကျမဖြစ်တော့ဘူး။ အပြင်ကိုထွက်တိုင်း အပြင်ကပြန်လာတိုင်း အိမ်ထဲဝင်တဲ့အခါ
အဲဒီတံခါးမကြီးဟာ အားနဲ့မပြီး ဖွင့်မှ ရတယ်။ ဒါတောင် တကျွိကျွိနဲ့
အသံမျိုးစုံက မြည်သေးတယ်။ အဲဒီလိုဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပြီ။
စာရေးဆရာတို့ တစ်အိမ်သားလုံးဟာ အဲဒီတံခါးကြီးရဲ့ တကျွိကျွိ မြည်သံနဲ့
ကောင်းကောင်းကြီး ယဉ်ပါးနေကြပြီ။
တကျွိကျွိကို လွမ်းသလိုလို
တနေ့တော့ စာရေးဆရာဟာ လေးငါးခြောက်ရက်လောက်ကြာတဲ့ ခရီးရှည်တစ်ခု
ထွက်သွားတယ်။ ခရီးက ပြန်ရောက်လာပြီး အိမ်ထဲဝင်ဖို့ အဲဒီတံခါးမကြီးကို
ဖွင့်လိုက်တော့ တံခါးက ကျွိကျွိ မမြည်တော့ဘူး။ လျှောခနဲ အသာလေး
ပွင့်သွားတယ်။ အဲဒီ ပထမဆုံး အတွေ့အကြုံမှာတော့ စာရေးဆရာဟာ
ဘာမှထူးထူးခြားခြား မခံစားရဘူး။ ဒါပေမယ့် နောက်နေ့ နောက်နေ့တွေမှာလည်း
တံခါးက ဖွင့်လိုက်တိုင်း အဲသလိုပဲ အလွယ်တကူ လျှောခနဲ လျှောခနဲ
ပွင့်သွားတဲ့အပေါ် စာရေးဆရာက စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားလာရတယ်။ သူ့ရဲ့
မသိစိတ်ထဲမှာ တံခါးပွင့်တိုင်း အရင်က နှစ်ပေါင်းများစွာ ယဉ်ပါးလာခဲ့သလိုပဲ
တကျွိကျွိမြည်ပြီးမှ ပွင့်သွားတဲ့ အတွေ့အကြုံကို လွမ်းဆွတ်သလိုလို
ခံစားနေရတယ်။ အခုအချိန်မှာ ပွင့်လိုက်တာနဲ့ တံခါးက ဘာသံမှမကြားဘဲ လျှောခနဲ
အလွယ်တကူ ပွင့်သွားတဲ့အပေါ် သူ့ရင်ထဲမှာ ဟာတာတာကြီးဖြစ်ပြီး
သူ့မှာအပြစ်ရှိသလိုလို ဘာလိုလို ခံစားနေရတယ်။
အဟောင်းဆွဲငင်မှုက ရုန်းထွက်ဖို့
အဲဒီစာရေးဆရာဟာ နောက်ပိုင်းမှာ အဲသလို ဘာကြောင့်ဖြစ်ရသလဲဆိုတာကို
ပြန်သုံးသပ်ကြည့်တော့ အဟောင်းမှာ ခေါက်ရိုးကျိုး အရိုးစွဲနေကြတဲ့
လူသားတွေရဲ့ သဘာဝတစ်ခု၊ ‘အသစ်’က လွယ်ကူချောမွေ့တယ်ဆိုရင်တောင်မှ ခက်ခဲတဲ့
‘အဟောင်း’ရဲ့ ဆွဲငင်မှုထဲက ရုန်းထွက်ဖို့ ခက်ခဲလေ့ရှိကြတဲ့
သဘာဝတစ်ခုအကြောင်း ရှာဖွေတွေ့ရှိသွားခဲ့တယ်လို့ ဟောပြောခဲ့တာ ဖြစ်တယ်ဗျ။
အခုဆိုရင် ခရစ်နှစ် ပြက္ခဒိန်အရ နှစ်ဟောင်းကုန်လို့
နှစ်သစ်ကူးသွားခဲ့ပြီဗျာ။ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သုံးသပ်တဲ့ အလုပ်ဟာ
ဘယ်အချိန် ဘယ်အခါမျိုးမှ လုပ်ရမယ့်အလုပ်ဖြစ်တယ်ဆိုပြီး သတ်မှတ်မထားပေမယ့်
ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ လူသားတွေဟာ ဒီအလုပ်ကို နှစ်ဟောင်းအကုန်
နှစ်သစ်အစမှာ လုပ်လေ့ရှိကြတာ ဖြစ်တယ်ဗျ။ အထူးသဖြင့် နှစ်သစ်တစ်ခုအရောက်မှာ
အဲဒီအလုပ်ကို မှတ်မှတ်ရရ အလေးအနက်ထားပြီး လုပ်လေ့ရှိကြတာ ဖြစ်တယ်ဗျ။
ဒါကြောင့် ကျွန်တော်လည်း အခုလို နှစ်သစ်ကူးအခါသမယမှာ ကိုယ့်ကိုယ်ကိုယ်
ရပ်တန့်စစ်ဆေးတဲ့ အလုပ်ကို ခါတိုင်းထက် အချိန်ပိုပေးပြီးလုပ်ဖြစ်ခဲ့တယ်ဗျာ။
ချစ်စွာသော စာဖတ်ပရိသတ်များ အပါအဝင် မြန်မာပြည်သူအားလုံးလည်း အဲသလို
လုပ်ဖြစ်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်ဗျာ။
သံသယနဲ့ မနာလိုမှု
မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက
ကျွန်တော်တို့လူမျိုးတွေဟာ သံသယနဲ့ မနာလိုမှု
အားကြီးတယ်လို့ပြောဆိုခဲ့ကြောင်း ကျွန်တာ် ဖတ်ခဲ့ဖူးတယ်ဗျ။
ဗိုလ်ချုပ်အောင်ဆန်းစကားဆိုရင် ဘယ်တော့မှ မမှားဘူးလို့
မပြောနိုင်တာမှန်ပေမယ့် ဗိုလ်ချုပ် တိုင်းပြည်ကို ဘယ်လောက်အထိ
ချစ်မြတ်နိုးတယ်။ အသက်အရွယ်နဲ့မလိုက်အောင် အရည်အသွေး ဘယ်လောက် ထူးချွန်
ထက်မြက်တယ်။ ဘယ်လောက် ရိုးသားဖြူစင်၊ အာဃာတ၊ မာန်မာန ကင်းစင်တယ်ဆိုတဲ့
အများလက်ခံထားကြပြီးသား လေးစားချက်တွေအရ ဗိုလ်ချုပ်ရဲ့အဲဒီစကားဟာ
ကျွန်တော်တို့ အသေအချာ အလေးထား ဆင်ခြင်သုံးသပ်ရမယ့် စကားဖြစ်တယ်လို့
ကျွန်တော်တော့ ယူဆတယ်ဗျာ။
ပြည်သူတွေရဲ့ မျှော်လင့်ချက်
အားလုံးသိကြတဲ့အတိုင်း အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံဟာ
ဒီမိုကရေစီရေးဦးတည်တဲ့ အပြောင်းအလဲတွေကို စတင်မြင်တွေ့နေရတဲ့အချိန်
ဖြစ်တယ်ဗျာ။ ရာစုတစ်ဝက်နီးပါးကာလအတွင်း ဒီလိုမြင်ရတာ (တစ်နည်း)
ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ အခုလောက် ခိုင်ခိုင်မာမာ တောက်ပလင်းလက်နေတာ
ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ကျွန်တော် ရိုးရိုးသားသား ဆိုချင်တယ်ဗျ။
လွတ်လပ်စွာ သံသယဖြစ်ခွင့်
သမိုင်းအတွေ့အကြုံတွေကြောင့် လက်ရှိ အစိုးရအပေါ်ကိုရော
လူထုခေါင်းဆောင်တွေအပေါ်ကိုပါ သံသယစိတ်ရှိသူတွေ ရှိနေကြဦးမယ်ဆိုတာ
ကျွန်တော် နားလည်နိုင်တယ်ဗျ။ ဒီမိုကရေစီက သဘောထားကွဲပြားမှုရှိတာကို
လက်ခံသဘောတူ agree to disagree တာမို့ လွတ်လပ်စွာ သဘောထားကွဲပြားခွင့်၊
လွတ်လပ်စွာ သံသယဖြစ်ခွင့်ရှိတာကို ကျွန်တော် လက်ခံပါတယ်။
ဒါပေမယ့် သံသယဟာ ရှိသင့်တဲ့အတိုင်းအတာထက် ပိုရင်တော့ အဲဒီသံသယကို
ရင်ဝယ်ပွေ့ထားရသူကိုယ်တိုင် ပူပြင်းလောင်မြိုက်ရမှာဖြစ်သလို
သူ့ပတ်ဝန်းကျင်ကလူတွေဟာလည်း အဲဒီအပူရှိန်ကြောင့် ဝေဒနာခံစားကြရမှာ
ဖြစ်တယ်ဗျ။
ရေကူးပြီးလိုက်နေမယ့်အစား
ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆု
ချီးမြှင့်ခံရမှု အနှစ်နှစ်ဆယ်ပြည့် ဂုဏ်ပြုပွဲမှာ ဆရာကြီး ဟံသာဝတီ
ဦးဝင်းတင်က ဒီမိုကရေစီပန်းတိုင်ဆီသို့ လျှောက်လှမ်းရာမှာ မိမိတို့နဲ့
အမြင်ချင်းမတူသူတွေကို “ရေကူးပြီး လိုက်နေမယ့်အစား ဒေါ်အောင်ဆန်းစုကြည်
ပဲ့ကိုင်နေတဲ့ လှေကြီးပေါ်တက်လိုက်ပြီး ဝိုင်းကူလှော်ကြပါ။ လှော်တဲ့သူ
ပိုများလာရင် ပန်းတိုင်ကို ပိုပြီးမြန်မြန်ရောက်ပါလိမ့်မယ်” လို့
ကမ်းလှမ်းခဲ့တယ်ဗျ။
ဒီမိုကရေစီဟာ ငြိမ်းချမ်းစွာလုပ်ဆောင်နေသမျှကာလပတ်လုံး
မတူကွဲပြားခြားနားတဲ့ အမြင်သဘောထား ထုတ်ဖော်မှုတွေကို လက်ခံရုံသာမက
ကာကွယ်စောင့်ရှောက်မှုပါပေးတဲ့စနစ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ
ပန်းတိုင်ဆီသို့ ရေကူးပြီး အရောက်လှမ်းနေသူတွေကိုလည်း အပြစ်ဆိုစရာ အကြောင်း
မရှိဘူးဗျ။ လှေကို နောက်က ဆွဲမထားဘူးဆိုရင်ပေါ့ဗျာ။
မနာလိုတာ အကုသိုလ်စိတ်
ဗိုလ်ချုပ်ပြောခဲ့တဲ့ စိတ်ထားနှစ်ခုမှာ သံသယသာလျှင် အလေးထား
ဆွေးနွေးအပ်တဲ့အကြောင်းအရာဖြစ်ပြီး မနာလိုဝန်တိုမှုဆိုတာကတော့
အကုသိုလ်စိတ်တစ်မျိုးသာဖြစ်တာကြောင့် အကျယ်ချဲ့ ဆွေးနွေးစရာမရှိဘူးဗျ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မုဒိတာစိတ်ထားကို လူတိုင်းထားနိုင်ရင် လောကကြီး
ငြိမ်းချမ်းမယ်လို့ ပြောသွားတယ်ဗျာ။ မနာလိုဝန်တိုမှုရဲ့ ဆန့်ကျင်ဘက်ဟာ
မုဒိတာစိတ်ပဲဗျ။
ယုံကြည်မှု ရှေ့တန်းတင်ပါ
သံသယအကြောင်းဆက်ပြောရရင် ကျွန်တော်ကတော့ ယုံကြည်မှုမရှိရင် ဘာအလုပ်မှ
ရှေ့ဆက်လုပ်မရဘူးလို့ ယုံကြည်လက်ခံထားသူဖြစ်တယ်ဗျ။ ဒါကြောင့် ဒီကနေ့
ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံရေး အပြောင်းအလဲတွေအကြောင်း စဉ်းစားတဲ့အခါ
ကျွန်တော်က သဘောလွယ်သူပဲပြောပြော သံသယထက် ယုံကြည်မှုကို ရှေ့တန်းပိုတင်ပြီး
လုပ်ဆောင်ချင်သူ ဖြစ်တယ်ဗျ။ ပြည်သူတွေရဲ့ ယုံကြည်မှုကို
အလွဲသုံးစားလုပ်ရင်တော့ လုပ်တဲ့သူတွေကို သမိုင်းခုံရုံးက
ပြစ်ဒဏ်စီရင်ချက်ချမှာပေါ့ဗျာ။ အခုအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့
တံခါးဟောင်းကြီးရဲ့ တကျွိကျွိမြည်သံကို စွဲလမ်းမနေသင့်တော့ဘူး ထင်တာပဲဗျာ။
၀၃၊ ၀၁၊ ၂၀၁၂
The Messenger ဂျာနယ် ယခုအပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ သူ့ဖေ့ဘုတ်က ကူးယူဖော်ပြပါတယ်။
No comments:
Post a Comment