menu

Friday 27 January 2012

ငါး (ဘုဏ်းသိုက်)


သူ ဤနေရာ၌ ထိုင်နေသည်မှာ အတော် ကြာခဲ့ပြီ။ ရှေ့တည့်တည့်ရှိ စိမ်းညို့နေသော ရေပြင်ပေါ်ရှိ ကြာစွယ် ကြာရိုးများ၊ ဒိုက်များကြားကို စိုက်ကြည့်၍ ထိုင်နေခဲ့သည်မှာ တော်တော်လေး ကြာခဲ့ပြီ။
သူငါးထိုင်မျှား နေခြင်းဖြစ်သည်။ ကန်ပတ်ပတ် လည်ရှိ နှစ်ချို့မန်ကျည်းပင် ကြီးများ၊ အရွက်ဖားဖား ငှက်ပျောပင် စိမ်းများ၊ ကျူရိုင်း ပင်များနှင့် အုပ်ဆိုင်းနေသော မန်ကျည်း ရွက်ကိုင်းများကြောင့် နေရောင်ပင် အလွယ်တကူ ထိုးမပေါက် နိုင်သော ဤဆိတ်ငြိမ်သည့် ကန်ကို သူတွေ့ရှိ ထားသည်မှာ ရက်ပိုင်းသာ ရှိသေးသည်။ သည်နေ့နံနက် စောစော ကတည်းက ပစ္စည်း ပစ္စယ အစုံ ယူခဲ့၍ ရေတစ်ဘူးယူ၊ ကျောပိုးအိတ် တစ်လုံးဆွဲကာ ငါးမျှား ထွက်ခဲ့ခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည်။ သူကျောမှီ ထိုင်နေသည့် မန်ကျည်းပင် ထိပ်ကိုင်းဖျားမှ သစ်တောက်ငှက် နှစ်ကောင်၏ တတောက်တောက် ခေါက်နေသော အသံလေးသာ ပုံမှန် ထွက်နေသည်။


ယခုရက်ပိုင်း အတွင်း သူပုံမှန် ငါးမျှားဖြစ် နေသည်။ သူငါးမျှား သည်မှာ သူ၏ ၀ါသနာ အရရော သူ၏ စိတ်သက်သာရာ သက်သာကြောင်း အတွက် မွန်းကျပ်၍ နံရံ အထပ်ထပ် ပိတ်ဆို့နေသော သူ၏အခန်း ကျဉ်းလေးထဲမှ တဒင်္ဂ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အတွက် ထွက်လာခဲ့ခြင်း ဖြစ်သည်။ (လက်ထပ်ပြီး ခါစ သူ၏ ဇနီးသည် သူပင် မမြင်ဖူးသည့် သူတို့မြို့မှ မွေးမြူရေး ခြံပိုင်ရှင် တစ်ယောက်နှင့် အတူ သူ့ထံမှ ထွက်ပြေးသွားပြီး ကတည်းက သူဤ နေရာကို ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။)

ထိုစဉ်တုန်း ကတည်းက သူအားလျှင် အားသလိုတော့ အရိပ်ကောင်းသည့် နေရာများ ကိုရှာ၍ ငါးမျှားထွက်လေ့ ရှိသည်။ ညနေစောင်းလျှင် သူရရှိ လာသည့် ငါးများကို ငါးဟင်းကြိုက်သော ဇနီးအသစ် ကလေးအား တစ်ခါတစ်ရံ ကင်ကျွေးသည်။ တစ်ခါတစ်ရံ ပေါင်းကျွေးသည်။ သူလုပ်ကိုင် နေသမျှကို ဘေးမှနေ၍ နှိုက်မြည်းကာ စကားတွေ တတွတ်တွတ်ဖြင့် သူ၏ ငါးများကို ချီးမွမ်းနေသော ထိုမိန်းကလေးသည် ယခု အခါတွင် ငါးများထက် နွားနို့နှင့် အမဲသားကို ပို၍ ကြိုက်သွားပုံ ရသည်။ သူမ မရှိတော့သည့် နောက်ပိုင်း သူရလာသော ငါးများကို တစ်ခါတစ်ရံ သည်အတိုင်းပင် ပစ်ထားလိုက်သည်။ ထိပင် မထိချင်တော့။ သူလည်း ရှိသည့် ခေါက်ဆွဲထုပ် တစ်ထုပ် ဖြစ်သလို ပြုတ်သောက်၍ ခုတင်ပေါ် တက်ပြီး စောင်ခေါင်းမြီး ခြုံကာ အိပ်ချင်ချင်၊ မအိပ်ချင်ချင် အိပ်ရာဝင်ပစ် လိုက်သည်။ မျက်စိက ကြောင်နေသည်။ ကိုယ့်အသက် ရှူသံ ကိုယ်ပြန်ကြား နေရသည်။ အိမ်ခေါင်းရင်း ခရာ ချုံပင်တွေ ကြားမှ မြွေတွန် သံလိုလို ကြားရတတ်သည်။ (စိတ်က ထင်ယောင်ထင်မှား ဖြစ်တာလည်း ဖြစ်နိုင်သည်။) သူ၏ ဘ၀သည် တစ်လျှောက်လုံး အဆိပ်နား နီးခဲ့သည်။

သို့သော် ရိုးနေပြီ ဖြစ်သော ထိုအသံ များမှလွဲလျှင် အရာရာသည် ရပ်တန့်နေသည်။ ယခု အခါတွင် ဘာမှ မရှိသော အခန်းမှ တိတ်ဆိတ်နေသော အသံသည် သူအမုန်းတီး ဆုံးနှင့် သူ၏ အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်နေလေပြီ။ မနက်လင်း လျှင်တော့ သူပထမ ဦးဆုံး ရလာသော ရနံ့မှာ သူမအိပ်စက် သွားသော ခေါင်းအုံးမှ ရနေကျ ခေါင်းလျှော်ရည်နံ့ မဟုတ်တော့။ ဘေစင်ထဲရှိ သူမနေ့ ကတည်းက ထားခဲ့သော ငါးများဆီမှ အပုပ်နံ့။ သူတစ်ချက် ဆဲရေးပြီး ငါးအပုပ် များကို လွှင့်ပစ်။ ထို့နောက် မျက်နှာသစ်ကာ ငါးမျှားတံနှင့် လိုအပ်သည့် အသုံး အဆောင်များ၊ ငါးစာ ခါချဉ်ဥများ သယ်ခဲ့ကာ ယခု ထိုင်နေသော ကန်သို့လာ၊ တစ်နေကုန် ထိုင်၍ငါးမျှား။ ဒါပဲ။ ထပ်နေပြီ။ လက်ရှိ ဘ၀သည် သူ၏ ထိုစိတ်ပျက် ငြီးငွေ့ဖွယ်ရာ အရာ မရောက်သည့် အတွေ့အကြုံ များဖြင့်သာ ထပ်နေပြီ။ သူစားသည် မစားသည် အပထား မျှားနေရင်း ငါးတစ်ကောင်ရတိုင်း သူ ပျော်သည်။ ငါးကြီးကြီးသေးသေး သူ ကျေနပ်သည်။ အဓိကက ငါးလာမျှားတာ ငါးရဖို့သာဖြစ်သည်။ ဤကန်သို့ သူ ငါးလာမျှားရင်း မျက်မှန်းတန်းမိနေသည့် သူလိုငါးမျှား သူတစ်ယောက်ရှိသည်။ ထိုသူမှာ သူ့လို စိတ်ကူးတစ်ဝက် လက်တွေ့တစ်ဝက် ငါးမျှားသူ မဟုတ်။ တကယ့် ငါးမျှားသူ စစ်စစ် ဖြစ်လေသည်။ ကျွမ်းလည်း ကျွမ်းကျင်သည်။ သူ ငါးမျှားတံ ကိုင်၍ ငါးမျှား နေပုံနှင့် ရေပြင်ရှိ ခဲလုံး ကလေးကို စူးစိုက်၍ ကြည့်နေပုံမှာ ဆာမူရိုင်း တစ်ယောက်က ဓားလွတ်တစ်ချောင်း ကိုင်၍ ရန်သူကို စိုက်ကြည့် နေတာနှင့်ပင် တူသေးသည်။ ထိုသူမှာ ဤကန်ကို သူ့အရင် တွေ့ခဲ့သလား၊ သူနှင့် မရှေးမနှောင်း တွေ့ခဲ့လေသလား။ သူမမေးမိ။ စတွေ့သည့်နေ့ ကတည်းက အဖော် လိုချင်နေသော သူကပင် စတင်၍ နှုတ်ဆက် လိုက်လေသည်။

“ဟေး- ဘယ်လိုလဲ၊ ငါးတော်တော် ရနေပြီလား”

“ရနေပြီ၊ ညနေစောင်း ရင်တော့ ဒီပုံးပြည့်မှာ သေချာတယ်၊ ဘယ်လိုလဲ ခင်ဗျားကော”

“အင်း- မဆိုးပါဘူး၊ ဒါပေမဲ့ ငါးသေးတွေများ တယ်ဗျ၊ ငါးရံ့တို့၊ ငါးခူတို့ လောက်ပဲ၊ ငါးကြီးကြီး တစ်ခါမှ မမိဘူး”

“ရလာမှာပါ၊ ခင်ဗျားသိလား၊ ဒီကန်မှာ နှစ်ချို့ငါးကြင်း ကြီးတွေ ရှိတယ်ဗျ။
“အဲဒါ ဘယ်သူမှ မသိသေးတဲ့ အချက်ပဲ၊ အဲဒီနှစ်ချို့ ငါးကြင်းကြီး မမိမချင်း ကျုပ်က ဒီကန်ကနေ တခြားကန်ကို ပြောင်းပြီး မျှားဖြစ်လိမ့် မယ်မထင်ဘူး”

ထိုသူနှင့် စကား ပြောဖြစ်သည်မှာ ထိုနေ့က နောက်ဆုံး ဖြစ်မည်ထင်သည်။ ထိုသို့ စကားများ ပြောပြီးနောက် ထိုသူနှင့် ထပ်မံ၍ စကားစမြည် မပြောဖြစ်တော့။ တွေ့လျှင် လှမ်း၍ပြုံးပြ၊ လက်လှမ်းပြတာ လောက်သာ လုပ်ဖြစ်တော့သည်။ ထို့နောက်သူလည်း သူ့အလုပ် သူလုပ်၊ ကိုယ်လည်း ကိုယ့်ဘာသာ ကိုယ်ဆက်ပြီး ငါးမျှား၊ ထွေပြားနေသော စိတ်ကို ရေပြင်၊ ကြာပန်းများ၊ ဒိုက်များနှင့် မန်ကျည်းရွက်နု တို့ဆီ အာရုံပို့။ ထို့နောက်ခဲတုံး ကလေး၏ အငြိမ် အသက်ကို စောင့်ကြည့်၊ စားမည့်သူ မရှိသော ငါးများကို ဆက်မျှား။ ဒါပဲ။ သူ၏ နိစ္စဓူဝ။ ဤနေ့လည်းသူ ဤကန်သို့ ရောက်တော့ ထိုသူမှာ သူ့အရင်ရောက်နှင့် နေခဲ့ပြီ ဖြစ်သည်။ ခဲတုံးလေးကို ကြည့်နေရာမှ သူ့ကိုတစ်ချက် လှည့်ကြည့်သည်။ ထို့နောက် အသိအမှတ် ပြုသလို ခေါင်းဆတ်ခနဲ ညိတ်ပြသည်။ သူလည်း လက်တစ်ချက် ပြလိုက်ကာ ကျောပိုးအိတ်ကို ချ၍ ငါးမျှားတံကို ဆင်သည်။ ချိတ်တွင် ငါးစာတပ်ပြီး ကြာရိုး ကြာနွယ်များ ကြားရှိ ဒိုက်ပုံထဲသို့ ဦးတည်၍ ပစ်ထည့်ကာ ထိုင်နေ လိုက်သည်မှာ ယခု ဤအတွေး ဆုံးသည့် အချိန်ထိပင် ဖြစ်သည်။ ထိုင်ရတာ ကြာတော့ ခါးကညောင်း လာသည်။ မည်သို့ ဖြစ်သည် မသိ။

သည်နေ့ ငါးတစ်ကောင် တလေမှ မမိ။ မဟုတ် သေးပါဘူး။ မမိတာတောင် မဟုတ်ဘူး၊ ငါးမျှားတံနှင့် ကြိုးမှာ လှုပ်ပင်မလှုပ်။ ဟိုလူကို လှမ်းကြည့် လိုက်တော့လည်း ငါးရသည့် ပုံမပေါ်။ သည်နေ့ ထူးဆန်းနေသည်။ သို့သော် ဟိုလူ့ပုံမှာ တစ်မျိုး ဖြစ်နေသည်။ ယနေ့ထိုသူ ထိုင်နေသည့် နေရာမှာ သူနှင့် သိပ်မဝေး။ သူ့လက်ထဲရှိ ငါးမျှားတံကို သူ့လို အငြိမ်ကိုင် မနေ။ ကြိုးကိုလျှော့ပေး လိုက်၊ ပြန်ရစ်လိုက် လုပ်နေသည်။ မျက်နှာကလည်း ပုံမှန်မဟုတ်၊ စိတ်လှုပ်ရှား နေပုံ။ သူခဏတော့ စိုက်ကြည့် နေလိုက်သည်။ ထိုသူမှာ ကြိုးကို တော်တော် ဝေးဝေးသို့ လျှော့ပေးလိုက်၊ အနည်းငယ် ပြန်ရစ်လိုက်နှင့် လုပ်နေသည်မှာ အတော်ကြာ နေလေပြီ။ သူလှမ်းမေးမည် လုပ်ပြီး မမေးတော့ဘဲ ဆက်ကြည့်နေစဉ် သူ၏ ငါးမျှားတံ မှာလည်း တင်းခနဲ ဖြစ်သွားသည်။ ဆောင့်ဆွဲသည့် အားမှာ ပြင်းထန်၍ သူ၏ လက်ထဲမှ ကိုင်းတံပင် ပြုတ်ကျသွားသည်။ သတိ ပြန်ဝင်လာပြီး အမြန်ပြန်ကောက် လိုက်ရသည်။

ထိုသူကို ကြည့်လိုက်တော့ ကြိုးကို ဖြည်းဖြည်းချင်း ဆွဲနေ၍ ခဲတုံး ကလေးမှာ အတော်နီး နေပေပြီ။ ကြည့်နေစဉ် ဒိုက်များကြားမှာ တဖြည်းဖြည်းချင်း ရေပေါ် ပေါက်လာသော အရာကြီးကို ကြည့်လိုက်တော့ သူတစ်ခဏ အသက်ရှူဖို့ မေ့သွားသည်။ အိုး... အနီရောင်နှင့် အပြာရောင် အကြေး ခွံများနှင့် ငါးကြင်းကြီး ပါလား။ ငါးကြင်းကြီးမှာ အတော် မောနေဟန် တူသည်။ ရေပင် မကူးနိုင်တော့၊ ဒိုက်များကြားမှ ပေါ်ထွက်လာသည်။ ထိုသူမှာ အသံပင် မထွက် သတိကြီးစွာ ထား၍ ကြိုးကို ရစ်ယူသည်။ လက်တစ်လှမ်း အကွာရောက်မှ ရေစပ်ထိ ငါးကြီးကို ဆင်းပွေ့သည်။ ထိုသူပင် မနည်း ပွေ့ရသည်။ “ဟေး” ဟု အော်ပြီး ကန်ပေါင်ပေါ်ထိ ပွေ့လာပြီး အောက်သို့ ချလိုက်သည်။ “အိုး...လှလိုက်တာ” ဟုပင် သူ့ပါးစပ်မှ ထွက်သွားသည်။

“ဟေ့လူ ဘယ်လိုလဲဗျ၊ မြင်ပြီ မဟုတ်လား၊ ကျုပ်ဒီ ကောင်ကြီးကို မိနေတာ ကြာပြီဗျ၊ ချက်ချင်း ဆွဲလိုက်ရင် ကြိုးပြတ် သွားမှာစိုးလို့၊ ဆွဲလိုက်၊ ချော့လိုက်နဲ့ ဒီကောင်ကြီးကို မောအောင် လုပ်နေတာ အတော် ကြာနေပြီ၊
“ကဲ ဘယ်လိုလဲ၊ ဟား ဟာ အခုတော့ မိပြီကွ”

ငါးကြင်းကြီးမှာ အတော်ပင် လှပါသည်။ မောနေ၍ ပါးဟက်များ ဟထားရ သည့်တိုင် ဖွေးနေသော ၀မ်းဗိုက်ကြီး အပေါ်မှာ အနီရောင်၊ အပြာရောင် သန်းနေသော အကြေးခွံကြီး များဖြင့် ငါးကြင်းကြီးသည် အတော်ပင် လှနေပါသည်။ သူ့တစ်သက် တွင် ဤကဲ့သို့ ငါးကြင်းကြီး မျိုးရဖူးချင်သည်။ သူကိုယ် တိုင်မျှား၍ တစ်ကြိမ်လောက် ပင်ဖြစ်ဖြစ် မိဖူးချင်သည်။ သို့ သော် ဤမျှလှပ၍ ချစ်စရာ ကောင်းသော ငါးကြီးကို ချက်စားချင်၍မဟုတ်မှန်းတော့ သူ သေချာသည်။ သူ လုံးဝ ငါးဟင်းမကြိုက်ပါ။ ဒါဆို ဘာလို့မိချင်နေရတာလဲ။ ထို သူ တဟေးဟေးအော်၍ ပျော် နေသလို လပေါင်းများစွာလို ချင်၍ ကြိုးစားနေရသော ရလဒ်၏အောင်မြင်မှုကို လို ချင်၍လား၊ “ငါအဲဒီတုန်းက ငါးကြီးတစ်ကောင် မိခဲ့တုန်း ကကွာ”လို့ အသက်ကြီး လာသောအခါ ကလေးတွေ အတွက် အိပ်ရာဝင်ပုံပြင် အဖြစ် ပြန်ပြောချင် နေလို့လား။ ဒါမှမဟုတ် ထားသွား ခဲ့ပြီဖြစ်သော သူ၏ ဇနီးအား ကင်ကျွေးချင်၍ ပဲလား မပြောတတ်။ မေ့ပျောက်ထားသည့် ကြားမှာပင် သူ၏ မိန်းမအား ပထမဦးဆုံး အကြိမ် သတိရ လိုက်မိသည်။ ဘာကြောင့် မှန်းမသိ၊ ငါးကြီးကို ကြည့်၍ သူ့စိတ်တွေ ယောက်ယက် ခတ်နေစဉ် သူ့လက်ထဲရှိ ကိုင်းတံကို နောက်တစ်ကြိမ် ဆောင့်ဆွဲခြင်း ခံလိုက်ရသည်။ အားတော်တော်ပြင်း ပါသည်။ ဤတစ်ချိန်တော့ မရတော့။ လက်က အလိုလို ရစ်ဘီးပေါ်ကို ရောက်နေပြီ။ တုန်သွားသော ကိုင်းတံနှင့် ဟန်ချက် ပျက်သွားသော သူ့ကို ဟိုလူက မြင်သွားဟန် တူသည်။

“ဟေ့လူ ဘာဖြစ်လို့လဲ”

“မသိဘူး၊ ဒီမှာ ကျုပ်ကိုင်းတံကို အားနဲ့ ဆောင့်ဆွဲ ခံလိုက်ရတယ်”

“ဟေ့လူ၊ တစ်ဆိတ် ငြိမ်ငြိမ်နေ ဆက်ကိုင်ထား၊ ကျုပ်သိပြီ၊ ဒီနှစ်ချို့ ငါးကြင်းကြီးတွေ ဒီနေ့မြူးတယ် ထင်တယ်၊ ခင်ဗျားလည်း မိနေပြီ၊ သေချာတယ်၊ ကျုပ်လို ငါးကြင်းကြီး ခင်ဗျားလည်း မိနေပြီ။
“ဟား ဟား ကောင်း တယ်၊ ကျုပ်လာကူမယ်၊ နေဦး”

ပြောပြောဆိုဆို ထိုလူမှာ ငါးကြီးအား ကောက်ပွေ့၍ ကန်ပေါင်အောက်သို့ ဆင်းသွားသည်။ ပါးစပ်မှလည်း အော်သွားသေးသည်။
“ဒီကောင်ကြီးကို လွတ်လို့ မဖြစ်ဘူးဗျို့၊ ကျုပ်နောက် ယူထားတဲ့ မိန်းမက ငါးကြင်း သိပ်ကြိုက်တာ၊ ခြံထဲက နွားနို့ စစ်စစ်နဲ့ နှပ်ပြီး ကျွေးရမယ်၊ ဟား ဟား”

ရုတ်တရက် ထိုသူ၏ စကားသံကြောင့် သူ၏ မျက်လုံးသည် အနည်းငယ်ပြူး ကျယ်၍ ပါးစပ်မှာလည်း အလိုလို ဟသွားမိသည်။ တိုက်ဆိုင်မှုနှင့် နတ်ဆိုး၏ ကျိန်စာသည် ငါးမျှားချိတ် သဖွယ် သူ့ပါးစပ်တွင် ချိတ်မိရက်သား။ ထိုသူ့လက်ထဲမှ ပါးစပ် ဟနေသော ငါးကြင်းကို ဖျတ်ခနဲ မြင်ယောင်သွားသည်။

ထိုအခိုက် အတန့်သည် သူ့အဖို့ အတော်ပင် ကြောက်စရာ ကောင်းနေသည်။ လတ်ဆတ်သော ငါးများကြိုက်၍ အမြဲလို ငါးသွားမျှား ခိုင်းသော ဇနီး၏မျက်နှာ၊ ထို့နောက် သူမျှား လာခဲ့သော ငါးများ၊ တူးနေသော အကင် အနံ့များ၊ ပုပ်ပွနေသော ငါးများဖြင့် သူ၏ အာရုံသည် ရုပ်ရှင်ပြကွက် တစ်ခုလို တဖျပ်ဖျပ်။ သူ့လက်ထဲ ကိုင်းတံရှိ ကြိုးများမှာလည်း တစ်ဖက်မှ ဆွဲသွား၍ ဖြည်းဖြည်းချင်း လျော့နေလေပြီ။ ဟိုလူမှာ သူ့ငါးကြီးအား အုပ်ထားပြီး၍ ပြန်တက်လာသည်။

“တောင့်ထားဟေ့၊ တောင့်ထား၊ မလောနဲ့”

ထိုသူမှာ စိတ်ပါလက်ပါ သူ့ဘေး ၀င်ထိုင်၍ သူ့လက်ထဲမှ ကိုင်းတံကို တောင်း၍-
“ပေးကျုပ်ကူမယ်၊ ခင်ဗျားက ငါးပဲ လိုချင်တာ၊ ငါးတော့ကောင်းကောင်း ဖမ်းတတ်မယ့် ပုံမပေါ်ဘူး၊ ငါးဖမ်းတယ် ဆိုတာ”

ထိုသူ ဘာစကားတွေ ဆက်ပြောနေမှန်း သူမကြားတော့။ သူသည် ချိတ်တွင် မိနေသော ငါးတစ်ကောင်လိုပင် မောဟိုက်နွမ်းခွေ နေသည်။ သူအခါတိုင်း ငါးမျှားထွက်လျှင် အိမ်မှာ အမြဲလိုလို ကျန်ရစ်ခဲ့၍ သူပြန်လာတိုင်း ပြတင်းပေါက်မှ အပြင်ဘက်သို့ မျှော်နေလေ့ ရှိသော သူ့ဇနီး၏ မျက်နှာအား ဖျတ်ခနဲ ပုံပေါ်လာ ပြန်သည်။ သူငါး သွားမျှားတိုင်း ငါးများဖြင့် သူ့ကို ပြန်အမျှား ခံနေရသည့် အဖြစ်၊ သူ့လည်ချောင်းထဲမှာ တစ်ဆို့နေသည်။ သူအန်ချင် လာသည်။ ဟိုလူကတော့ သူ့ကို ဂရုမစိုက်။ ကြိုးကိုသာ အားနှင့် ဆက်ဆွဲနေသည်။ သူ့မျက်လုံးက ထိုသူ့ လက်ထဲရှိ ငါးမျှားတံရစ် ဘီးလေးကို ငေးကြည့် နေမိသည်။ ထိုသူရစ်ဘီး တစ်ချက် ရစ်လိုက်တိုင်း သူ၏ ပါးစပ်နှင့် အာခေါင်တစ်လျှောက် စူးခနဲ အောင့်အောင့် လာသလို ခံစားရသည်။ သူမွန်းကျပ် လာသည်။ ထိုသူ့ ကိုယ်မှာလည်း ငါးညှီနံ့ ရရမည့် အစား နွားချေးနံ့ လိုလို၊ နွားနို့နံ့ လိုလို နွားခြံထဲတွင် ရလေ့ရှိသည့် အနံ့က စူးခနဲ ၀င်လာသည်။ သူ ပျို့ခနဲ ဖြစ်သွားသည်။

မရတော့၊ သူဘယ်လိုမှ မရတော့။ ငါးလည်း မလိုချင်တော့၊ အထူးသဖြင့် အခု သူကိုယ်တိုင် မိထားသလို ရွှေရောင် ငါးကြင်းကြီးလည်း မလိုချင်တော့၊ မောဟိုက် နွမ်းခွေ၍ ပါးဟက်များကို ကားနေအောင် ဟထားသော ငါးကြီးကို မျက်စိထဲ ပြန်မြင်ယောင်လာသည်။ သူရုတ်တရက် ထိုလူ့ လက်ထဲမှ ကိုင်းတံကို ဆတ်ခနဲ ယူ၍ ကန်ရေပြင် ထဲသို့ လှမ်းပစ်လိုက်သည်။ ထို့နောက် ထိုလူ့ ဘေးနားမှ ပြေးထွက်၍ ကန်အောက်သို့ ဆင်းလိုက်ကာ ဟိုလူအုပ် ထားသော ငါးကြီးအား ပွေ့ပြီး ကန်ပေါင်ပေါ်သို့ ပြေးတက် လာခဲ့သည်။ ငါးကြီးမှာ မောပန်း၍ ပါးစပ်များ စွင့်ကားကာ အသက်ရှူ နေပုံရသည်။ သူသည် ငါးကြီးအား ကန်ထဲသို့ ပြန်၍ ပစ်ချ ပေးလိုက်လေသည်။ ပထမတော့ ထိုသူကြောင်ပြီး သူလုပ်သမျှ ကြည့်နေသည်။ ထို့နောက် သတိပြန်ဝင် လာကာ သူ့အား မကြားဝံ့ မနာသာ ဆဲရေးနေ တော့သည်။

“ခွေးမသား”

အားရအောင် ဆဲရေး ပြီးသောအခါ သူ့မျက်နှာအား စေ့စေ့ကြည့်၍ လက်ညှိုးထိုးကာ ခွက်ထိုးခွက်လန် အော်ဟစ်ရယ်မော နေသည်။ သူ ဘာမှ မပြောဘဲ ကန်ပေါင်ပေါ်မှ ပြေးထွက် လာခဲ့သည်။ ထိုသူ၏ ဆက်ပြောနေသော စကားများနှင့် တဟားဟား အော်ဟစ်ရယ်မော နေသံကြီးကို မကြားရ တော့သည်အထိ သူပြေးထွက် လာခဲ့တော့သည်။
သေချာသည်။ ဤကန်တွင် သူနောက်တစ်ကြိမ် ငါးလာမျှား ဖြစ်တော့မည် မထင်ပါ။
ပို၍ သေချာသည်မှာ ဤတစ်သက် ဘယ်တော့မှ သူငါးမျှား ဖြစ်တော့မည် မဟုတ်။
အဘယ်ကြောင့် ဆိုသော် သူသည် တံငါ တစ်ဖြစ်လဲ ငါးတစ်ကောင် ဖြစ်နေသောကြောင့် ဖြစ်သည်။
ဘုဏ်းသိုက်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis