menu

Wednesday 25 January 2012

အထွက်နှုန်းကျဆင်းမှုနှင့် ဈေးနှုန်းနိမ့်ဆင်းနေမှုကြောင့် ပဲစိုက်တောင်သူများတွက်ခြေမကိုက်

4437a
၂၀၁၂ ဇန်န၀ါရီလသို့ ရောက်လာပြီ ဖြစ်သောကြောင့် ဆောင်းပဲများ လှိုင်လှိုင်ပေါ်ထွက်လာပြီ ဖြစ်ကြောင်း၊ သို့သော် ပဲစိုက်ချိန်မှဆွတ်ခူးသည့် ကာလအတွင်း ပိုးကျသည့် ဧရိယာများခဲ့သောကြောင့် တစ်ဧကအထွက်နှုန်း သိသိသာသာ ကျဆင်းနေပြီး ဈေးနှုန်းများမှာလည်း ယခင်နှစ်ထက် နိမ့်နေသောကြောင့် ပဲစိုက်တောင်သူများ တွက်ခြေကိုက်မှု နည်းပါးကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ဘက်မှာ ဒီနှစ် အထွက်နှုန်းလျော့ကျတယ်။ စစ်တောင်းမြစ်ဝှမ်း အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း နှစ်ခုပေါင်း ဒီနှစ် ပိုးကျလို့ပျက်စီးသွားတဲ့ ပမာဏက ဧက ၂၀၀ လောက်ရှိတယ်။ အခု ပဲ ပေါ်တာတော့ ၁၀ ရက်လောက်ရှိ ပြီ။ ဒါတောင်နှစ်တိုင်း နောက်ကျတယ်။ စစိုက်ချိန်မှာ ရေကြီးသွား တဲ့အတွက်ပါ။ အခါတိုင်းဆိုရင် မြေပဲကဒီဇင်ဘာလ နောက်ဆုံးပတ်လောက် ပေါ်ပြီ။ ဒီနှစ်တော့ ရက် ၂၀လောက် နောက်ကျတယ်။ အရင်တစ်ပတ်က မိုးအုံ့တော့ပိုးကျတယ်။ အခုတော့ အေးလို့ နည်းနည်းသက်သာတာ။ အမှန်ပြောရရင် ကျွန်တော်တို့ဘက်မှာ စိုက်ဧကတိုးပေမယ့် တစ်ဧက အထွက်နှုန်းကတော့ ကျတယ်။ ရာသီဥတုကြောင့်ကျတာ ရှိသလိုသွင်းအားစု မထည့်နိုင်တာတွေလည်း ပါတယ်။ ဈေးကျတော့လည်း မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ပဲလွန်းဖြူတစ်တင်းကို ၂၁၀၀၀ ကျပ်၊ ပဲတီရွှေဝါတစ်တင်း ကို ၂၇၀၀၀ကျပ်နဲ့ မတ်ပဲက ၁၈၀၀၀ ကျပ်လောက်ပဲရှိတယ်။ အခု ပဲတီ ရွှေဝါက ၂၀၀၀၀ ကျပ်၊ ပဲလွန်းဖြူက ၁၈၀၀၀ ကျပ်နဲ့ မြေပဲ က ၇၅၀၀ ကျပ်လောက်ပဲရှိတယ်။ မတ်ပဲကဆို ၁၄၀၀၀ ကျပ်လောက်ပဲရှိတယ်”ဟု ပဲခူးတိုင်း မဒေါက်မှ တောင်သူကြီး ဦးမျိုးကျော်က ပြောပြခဲ့သည်။
4437 မြန်မာနိုင်ငံတွင် ပဲဈေးနှုန်းများ အထူးကောင်းခဲ့သော ကာလများရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်း မှစ၍ ပဲဈေးခပ်အေးအေးဖြင့်သာ သွားခဲ့သည်။ သို့သော် ၂၀၁၀ ပြည့် နှစ်စပိုင်းပဲပေါ်ချိန်တွင် ထင်မထားဘဲ ပဲဈေးများ ထိုးတက်သွားခဲ့သေးသည်။ သို့သော် ၂၀၁၁ ခုနှစ်တွင်မူ နှစ်စ ပိုင်းမှစ၍ ပဲဈေးမှာအကျဘက်သို့ ဦးတည်ခဲ့သည်။ ထို့အတွက် ပဲစိုက်တောင်သူများ တွက်ခြေကိုက်မှုနည်း ပါးလာခဲ့သည်။ အချို့ဒေသများ တွင်တိုးချဲ့စိုက်ပျိုးသော်လည်း အချို့ ဒေသများတွင် တောင်သူများကိုယ်တိုင် က ဧကလျှော့စိုက်လာခဲ့သည်။
“အဓိကက ပဲဈေးမကောင်း တော့ အားမရှိဘူး။ တစ်ဧကကုန်ကျစရိတ်က မသက်သာဘူးလေ။ မြန်မာ ငွေကမာနေတယ်။ သွင်းအားစုတွေ ဈေးမကျဘူး။ ဒါပေမယ့် တောင်သူ လက်ကထွက်တဲ့ ထွက်ကုန်တွေ ဈေးကျနေတယ်။ ဒီကြားထဲ ပိုးကျလို့ ကုန်သွားတာတွေလည်း များတယ်။ တောင်သူတွေကလည်း သိပ်မလုပ် နိုင်ကြဘူး။ ထွက်သလောက်လေးတွေပဲ ယူကြတော့တယ်။ ဈေးမကောင်းတာလည်းပါတယ်။ ကျွန်တော်ဆို ဒီနှစ်စိုက်ကိုမစိုက်တော့တာ။  ဒီဝေါဘက်မှာလည်း စိုက်ပျိုးဧက ကျသွားတယ်”ဟု ပဲခူးတိုင်း ဝေါမြို့ မှ တောင်သူတစ်ဦးက ပြောပြခဲ့သည်။
“ဒီနှစ်ပဲရိတ်သိမ်းချိန်မှာ ပြာသိုလကွယ်နေ့ကစပြီး ရိတ်သိမ်းနေပါပြီ။ တန်ဆောင်မုန်း လပြည့်နေ့က စစိုက်တာဆိုတော့ နှစ်လခွဲတိတိမှာ ရိတ်သိမ်းခဲ့ရပါတယ်။ ဒီနှစ်မှာရာသီဥတု မကောင်းခဲ့တဲ့အတွက် အထွက်နှုန်းကတော့ သိသိသာသာ လျော့ကျခဲ့ပါတယ်။ ပုံမှန်ပျမ်းမျှတစ်ဧကကို ၁၅ ဧကလောက်ထွက်တယ်။ ဒီနှစ် ၁၀ ဧကလောက်အထိလျော့ကျသွား တယ်။ ဒါ့အပြင်ပဲဈေးတွေက ဆက်တိုက်ဆိုသလို ကျနေတော့ ကျွန်တော် တို့အနေနဲ့ ဒီနှစ်အရင်းလောက်ပဲ ကျန်မယ်ထင်တယ်။ ဒီနှစ်တော့ ဧကပို နည်းလေပိုခံရလေပဲ။ မနှစ်က ကြိုဝယ်တွေရှိပေမယ့် ဒီနှစ်တော့ကြိုဝယ်မယ့်သူလည်း မရှိဘူး။ ပွဲစားကလည်း တအားနှိမ်ပြီးဝယ်တယ်။ ကျွန်တော် တို့ကတော့ ထားနိုင်သလောက်တော့ ထားလိုက်ဦးမယ်။ ကျွန်တော်တို့ ပဲ စိုက်တောင်သူတွေမှာ ဘာအာမခံချက် မှမရှိဘူး။ လုပ်သာလုပ်နေရတယ်။ ဘာမျှော်လင့်ချက်မှမရှိဘူး။ ပွဲစားပေးတဲ့ ဈေးနဲ့ပဲရောင်း၊ တိုက်ရိုက်မှ သွားမရောင်းနိုင်တာ။ အမှန်က သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ပဲဈေးကိုနှိမ်မ၀ယ်ဖို့ ဆောင်ရွက်ပေးသင့်တယ်။ အခုတော့ လယ်သမား ဆိုတဲ့အတိုင်း လည်နေတော့တာပဲ” ဟု သုံးခွမြို့နယ် ကံမြင့်ကျေးရွာမှ တောင်သူကြီးဦးလှဦးက ပြောပါသည်။
ထို့အပြင်ပုလဲကျေးရွာမှတောင် သူတစ်ဦးကလည်း “ပဲစစိုက်တဲ့အချိန်ကစပြီး ရိတ်သိမ်းတဲ့အထိ ကုန်ကျငွေက နှစ်သိန်းဝန်းကျင်ရှိတယ်။ ဒါတောင် ကိုယ်ပိုင်ပစ္စည်းတွေမို့။ မဟုတ်ရင် ဒီထက်ပိုပြီး ကုန်ကျတယ်။ တစ်ဧက ပျမ်းမျှကုန်ကျစရိတ်က ထွန်ယက်ခကသုံးသောင်း၊ မျိုးက တစ်ပြည်ကို တစ်ထောင်ရှိတယ်။ တစ်ဧက မှာ၁၅ ပြည်ကြဲရတော့ ၁၅၀၀၀ ကုန်တယ်။ ဆေးဖိုးကနှစ်သောင်း၊ ပဲခူး တဲ့အချိန်ကျတော့ ပဲခူးတဲ့သူတွေအတွက် ကုန်ကျစရိတ်က တစ်ဧကကို သုံးသောင်းဆိုနဲ့ တခြား ဗာဟီရ ကုန်ကျစရိတ်တွေနဲ့ဆို တစ်ဧကကို စုစုပေါင်းပျမ်းမျှ ကုန်ကျစရိတ်က တစ်သိန်းဝန်းကျင်ရှိတယ်။ အခုပဲပေါ်တဲ့ အချိန်ကျတော့ ပဲဈေးက လက်ရှိ ပေါက်ဈေး နှစ်သိန်းတစ်သောင်းပဲ ရှိတယ်ဆိုတော့ ဒီနှစ်တော့ အမြတ်ကျန် ဖို့က နည်းနေပြီ”ဟု ပြောပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis