menu

Wednesday 25 January 2012

အိမ်ကလေး-၉ (နေ၀င်းမြင့်)


သည်အိမ်ကို လူတွေက မြွေအိမ်ဟု ခေါ်ကြကတည်းက ကျနော် စိတ်ဝင်စားမိပါသည်။ ဘယ်လိုကြောင့် မြွေအိမ်ဖြစ်ရ တာလဲ။ သည်ရပ်ကွက်ကလေးကို ကျနော်တို့ ရောက်သွားကတည်းက သည်အိမ်အကြောင်းကို ကြားရသော်လည်း ကန ဦးကတော့ ကျနော်တို့ကိုယ်တိုင် စိတ်မဝင်စားခဲ့။ အိမ်က ကျနော်တို့ အိမ်ခြံကလေးနှင့် မနီးမဝေးမှာ ရှိသည်။ ပေလေး ဆယ် ကိုယ့်ခြံကိုယ့်ဝင်းနှင့် နေကြသော်လည်း ခြံစည်းရိုးရယ်လို့ ရှိကြသည် မဟုတ်တော့ သူ့အိမ် ကိုယ့်အိမ် ထင်းထင်း ကြီး မြင်ရလေ့ရှိသည်။
မြွေအိမ်က ခေါင်းသုံးလုံးဆက်အိမ် ဖြစ်သည်။ အိမ်မကြီးက တခေါင်၊ အိမ်မကြီးကို ဆက်ထား သည့် အိမ်ရှေ့ဆောင်ကလေးက တခေါင်ဆိုတော့ မြင်ရိုးမြင်စဉ် ခေါင်နှစ်လုံးအိမ် ဆိုနိုင်သော်လည်း အိမ်ရှေ့ဆောင်ကို ထပ်ချဲ့ကာ အဆောင်ကလေး ထပ်ထုတ်လိုက်တော့ ခေါင်သုံးလုံး ဖြစ်ရတော့သည်။ မြွေအိမ်လို့ မခေါ်ချင်သူတွေက ခေါင်သုံးလုံးအိမ်လို့လည်း ခေါ်ကြလေသည်။
“ဆရာတို့ ခေါင်သုံးလုံးအိမ်ကို သတိသာထားတော့၊ မြွေတွေမွေးတဲ့အိမ်ခင်ဗျ၊ ဘာပဲဖြစ်ဖြစ် ဆရာတို့အိမ်ဘက်လည်း ရောက်လာနိုင်တာပဲ မဟုတ်လား၊ ညရေးညတာ ခြေခင်းလက်ခင်းတော့ ဂရုစိုက်စေချင်တယ်”
ရပ်ကွက်မှူးက တရက် အလှူခံရောက်လာရင်းက သတိပေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် မြွေကိုတော့ ကျနော် ကြောက် သည်။ မြက်လျှောလို အဆိပ်မရှိသည့် မြွေကလေးပေမယ့် ကျနော့်မှာ ရင်တုန်ပန်းတုန် ဖြစ်နေတတ်လေရာ ကျနော်တို့ အိမ်ဘက် ရောက်လာနိုင်သည်ဆိုတော့ ဘာပဲဖြစ်ဖြစ် တစုံတရာ မလုံခြုံသလို ခံစားနေရသည်။
“ဘာမြွေတွေလဲ ဆရာပေါရဲ့၊ မြွေတွေကို မွေးထားလို့ ရလို့လား၊ ရတယ်ထားပါဦး၊ ရပ်ကွက်အန္တရာယ်ရှိနေတဲ့ကိစ္စ ဆရာ တို့က မတားမြစ်ဘူးလား”
ကျနော်က သိချင်နေသည့် မေးခွန်းသုံးခွန်းကို တပါတည်းမေးလိုက်သည့်အခါ ရပ်ကွက်စုမှူး ဦးပေါလူက ကျနော့် စိတ် ဝင်စားမှုကိုပင် သဘောကျသွားပုံ ပေါ်လေသည်။ သူကိုယ်တိုင်က မျက်လုံးသေးသေးကလေးတွေ ပြူးနေအောင် ကြည့် နေကာ လူပုံက မလွန့်တလွန့်ဆိုတော့ မြွေတကောင်များ ဖြစ်နေသလား အကဲခတ်ရသေးသည်။ ဦးပေါလူက ကွမ်းဖတ် ကို ဗျစ်ခနဲ ထွေးချရင်းက မြွေအိမ်ဘက်လှမ်းကြည့်ရင်း ပြောလေသည်။
“သည်လို ဆရာရဲ့၊ မြွေကတော့ မြွေစုံပဲ၊ ငန်းတော်ကျားလည်းပါရဲ့၊ သံကွင်းစွပ်လည်းရှိရဲ့၊ လင်းမြွေကချည်း ငါးကောင် လားရှိတယ်၊ မြွေပြဒါးက နှစ်ကောင်၊ မြွေစိမ်းမြီးခြောက်က လေးကောင်၊ မြွေပတုံ့က တကောင်ဆိုလား”
ရပ်ကွက်စုမှူး ဦးပေါလူက ရပ်ကွက်တာဝန်ရှိသူ ပီသသည်။ ရပ်ကွက်တွင်းနေ လူဦးရေစာရင်းသာမက မြွေစာရင်းပါ တိ တိကျကျပြောနိုင်သူ ဖြစ်သည်။ ကျနော်က မြွေစာရင်း ဘယ်ကရသလဲဆိုတော့ ကာယကံရှင်တွေကို မေးထားရတာပေါ့ ဆရာရဲ့ဟု ဆိုသည်။ ဦးပေါလူ ပြောစကားအရဆိုလျှင် သည်ခြံမှာ ရှေးက ဟိန္ဒူလူမျိုး မြွေအလမ္ပာယ်ဆရာကြီးတ ယောက် နေခဲ့ဖူးသည်ဟု ဆိုသည်။ မြွေအလမ္ပာယ်ဆရာကြီးက အလမ္ပာယ်ပြစားသည်မဟုတ်သော်လည်း မနက်တိုင်း ဂါထာမန္တန်များရွတ်ကာ မြွေတွေကိုခေါ်ယူပြီး နွားနို့နှင့် ငှက်ပျောသီးရောကာ နယ်ထားသော အာဟာရကို သောက်သုံး စေသည်ဟု ဆိုလေသည်။ သည်ဆရာကြီး နေထိုင်စဉ်က သည်နေရာမှာ ရပ်ကွက်ဟူ၍ပင် မရှိခဲ့သေးဘဲ လယ်ကွင်းစပ် က အိမ်တလုံးအဖြစ်သာ ရှိခဲ့သည်ဟု ဆိုသည်။ နောင် မြို့သစ်အဖြစ် နေရာကွက်များ ချထားသည့်အခါ သည်နေရာကို ပထမဆုံး ရခဲ့သူမှာ လက်သမားဆရာလင်မယား ဖြစ်သည်။ သည်လင်မယားကတဆင့် ဆရာဝန်လင်မယား၊ ဆရာဝန် လင်မယားကတဆင့် ရှေ့နေလင်မယား၊ ရှေ့နေလင်မယားက တဆင့် အခုလက်ရှိနေထိုင်ကြသူ ခေါင်သုံးလုံးလင်မယား လက်ထဲ ရောက်လာသည် ဆိုလေသည်။
“ဆရာပေါက သေချာလှချည်လား”
“ငယ်စာရင်းလိုက်ထားတာကိုး ဆရာရဲ့၊ စောစောက ဆရာမေးတဲ့ မေးခွန်းမယ် မြွေတွေကို မွေးလို့ရသလားဆိုတာကို ဖြေရရင် ကုလားအဘိုးကြီးနေခဲ့တုန်းကတော့ မြွေတွေကို ခေါ်တယ်။ အစာကျွေးတယ်ဆိုတာကို အရင် သည်နေရာမှာ လယ်ကွင်းတွေ ရှိနေတုန်းက နေခဲ့ဖူးတဲ့ လယ်သမား ဦးသာရှင်း ပြောဖူးတာသာ ကြားဖူးတာ၊ ဘယ်သူမှတော့ မမြင်ဖူး ဘူး၊ သည့်နောက်လည်း မြွေသံမကြားရဘူး၊ အခု လင်မယားလက်ထက်ကျတော့မှ မြွေသံ ပြန်ကြားရပြန်တာ ခင်ဗျ”
သည်အိမ်က ကျနော်တို့အိမ်ရှေ့ လမ်းတိုကလေး၏ မြောက်ဘက်ဆုံးအစွန်မှာရှိသည်။ သည်ခြံ၏ တဖက်မှာတော့ လယ် မစိုက်တော့သော်လည်း လယ်ကွင်းဟောင်း ဗျိုက်တောကြီးနှင့် ဆက်နေသဖြင့် ပတ်ဝန်းကျင် လူသူလေးပါးနှင့် ကင်းကွာ သလို ဖြစ်နေသည်။ ခေါင်သုံးလုံးဆက်အိမ် ဖြစ်သော်လည်း အိမ်က ကြီးလှသည်တော့ မဟုတ်။ ဝါးထရံအိမ် နှစ်ထပ်။ ရေနံချေးတွေက အိမ်ဆောက်စက လက်ကျန်တွေ ဖြစ်နိုင်သည်။ ခြောက်သည့်နေရာ ခြောက်၊ အရောင်ကျန် သည့်နေရာ က ကျန်ဆိုတော့ သနပ်ခါးပိန်းကျားမှာ ချွေးစီးကြောင်းတွေ ရှိနေတာနှင့် တူသည်။ ပန်းဆွဲပြားတွေက ပြုတ်ကျသည့်နေ ရာက ပြုတ်ကျနေသည်။ ပြတင်းဇလီတွေက သစ်သားကြမ်းဆိုတော့ လေဒဏ်၊ နေဒဏ်၊ မိုးဒဏ်တွေကို တချိန်က ကြံ့ ကြံ့ခံနိုင်ခဲ့ပုံရသော်လည်း အခုတော့ ရွဲ့တာကရွဲ့၊ စောင်းတာကစောင်း။ အချို့ ပြတင်းမှာတော့ ထရံကပ်ဇလီတွေ မရှိ တော့ အစတွေ ထိုးထိုးထောင်ထောင် ဖြစ်နေတာကလည်း အကျည်းတန်လှသည်။ အိမ်အပေါ်ထပ်ကို ဆောင်မကြီး အတွင်းဘက် ဧည့်ခန်းလို့ နေရာဖြစ်သည့် အတွင်းထဲမှာ တပ်ထားသည့် လှေကားက တက်နိုင်သည်။ လှေကားကလည်း ခရိုးခရိုင်။ အသားတွေက မမှန်တော့ အစိုဓာတ်ကလေးရှိတုန်းကတော့ သပ်သပ်ကျပ်ကျပ် ရှိခဲ့ပုံရသော်ငြား အသားတွေ ခြောက်သွားတော့ စရွေးတွေချောင်ကာ “အသာရုပ္ပ” သဘော ဆောင်နေလေသည်။ လှေကားများတွင် ပါတတ်သည့် “အတင်သုံးမျိုး” ဖြစ်သော အရုပ်တင်၊ အပြောက်တင်၊ သင်းကြောတင်ဟူ၍ မရှိ။ ပကတိ ပြောင်ရှင်းကြီး ဖြစ်သည်။ တံခါး ပေါက်များ၏ အပေါ်ဘက်ထောင့်များ၊ တန်းနှင့် တိုင်တို့ဆုံရာတို့တွင် ဖြစ်ပေါ်လာသော ထောင့်များတွင် ထောင့်သားမ ပေါ်အောင်ဖြေသည့် ပုစွန်တုပ်ကွေး၊ လင်းနို့တောင်နှင့် သရက်ကင်းမည်သော အဖြေသုံးမျိုးကိုလည်း မမြင်ရ၊ ဖွယ်ဖွယ် ရာရာ ထွေထွေထူးထူး မရှိဘဲ ဈေးပေါပေါ လက်သမားနှင့် ဆောက်ထားခဲ့ပုံရသည်။ အိမ့်နောက်ဆောင်ကို နှစ်ထပ်တင် သည့် အိမ်ပုဆစ်တုပ်မျိုး မဟုတ်ဘဲ နောက်ဖေးဆောင်ကတော့ ရိုးရိုးအဖီကလေး ထုတ်ထားကာ မှိုင်းချေးတွေ ဝ နေလေ သည်။
သည်အိမ်က အိမ်ရှင်လင်မယားမှာ ကျနော်တို့ မိသားစုနှင့် ခင်မင်လာသည့်အခါ နှစ်အိမ့်တအိမ် အရောက်အပေါက်ရှိရာ က ကျနော်မြင်ရသလောက် ရေးပြရခြင်း ဖြစ်သည်။ အိမ်ရှင်လင်မယားက အသက်အရွယ် ကြီးရင့်လှပြီလို့တော့ မဆို သာ။ လေးဆယ်ဝန်းကျင်လောက် ရှိကြမည်ဖြစ်သော်လည်း မယားဖြစ်သူ မအိမ်ကောင်းကတော့ လင်ဖြစ်သူကို အောင် ကျော်ဇံ ထက် လေးငါးနှစ်ငယ်ပုံ ရလေသည်။ ကိုအောင်ကျော်ဇံက ရခိုင်အမျိုးသား ဖြစ်သည်။ အသားမဖြူမလျော်၊ အ ရပ်အနေ ထောင်ထောင်မောင်းမောင်းထဲက ဖြစ်သည်။ မအိမ်ကောင်းကတော့ အသားဖြူဖြူ၊ ရုပ်ရည်ကလေး သနရုပ္ပ ရှိသည်။ ထူးဆန်းတာက ဥတုသုံးပါးမရွေး အနွေးထည် မချွတ်ဘဲ ရောဂါစုံကို ကန်ထရိုက်ဆွဲထားခြင်း ဖြစ်သည်။
“ဆရာကြီး အကိုက်အခဲပျောက်ဆေးကလေး ဘာလေး မရှိဘူးလား၊ အကြောတွေ တက်လွန်းလို့ ကျမဖြင့် ညက ဦး နှောက်ကြောပါ ပြတ်ပြီမှတ်တာ၊ တကိုယ်လုံးလည်း တဖျင်းဖျင်းနဲ့…”
အိမ်မှာရှိသမျှ ဆေးတွေအားလုံးကို ရောဂါအမည်တပ်ကာ တနေ့တမျိုး လာလာတောင်းတတ်သည်။ တခါက သွားဖုံး ခြေနှင့် လျှာအောက်တွေမှာ အဖုတွေ ပေါက်လာသဖြင့် ဆရာဝန်က ညွှန်သော မက်ဒီကလော့စ်ဖိုကက်ဗ်ဆေးကတ်ကို စားပွဲပေါ်မှာ တွေ့သွားရာ ဒါ ဘာဆေးတွေလဲ ဆရာကြီးလို့ အမှတ်တမဲ့ မေးသည်။ ကျနော်က ရောဂါကို ပြောပြလိုက် တော့ မအိမ်ကောင်း ပြုံးလေသည်။
“အလိုက်သင့်လိုက်တာ ဆရာကြီးရယ်၊ ကျမ အာခေါင်တွေမှာလည်း သင်္ဘောသီးခြစ်တဲ့ စိန်ခလုတ်သာ ကြည့်တော့၊ ညက တညလုံးမအိမ်ရဘူး၊ ဆရာကြီးရယ် နှစ်လုံးလောက်တော့ စားကြည့်စမ်းပါရစေ”
ကျနော့်မှာ မနေသာတော့ ဆေးနှစ်လုံးပေးလိုက်ရသည်။ လင်ဖြစ်သူ ကိုအောင်ကျော်ဇံကတော့ စာသမား။ ကျနော် အိမ် က စာအုပ်တွေ လာငှားတတ်သည်။ ကျနော်က ဝတ္တုတွေ မထားဘူးဗျဆိုတော့ ဆရာဖတ်တာတွေ ကျနော်ကြိုက်တယ် ဟု ဆိုလေသည်။ ဤသို့အားဖြင့် စာအုပ်အားဖြင့်လည်းကောင်း၊ ဆေးအားဖြင့်လည်းကောင်း၊ ကျနော်တို့ အိမ်ကို အကူး အလူးရှိသော်လည်း မြွေနှင့်ပတ်သက်၍ ကျနော့်မှာ အမေးရခက်နေခဲ့သည်။ တရက်တော့ မအိမ်ကောင်း မရှိခင် ကို အောင်ကျော်ဇံကို ကျနော် မေးကြည့်ဖြစ်သည်။ တိုက်ရိုက်မေးလို့လည်း မကောင်းတော့ ရိုးရိုးရိပ်ရိပ် စကားစရသည်။
“မြွေတွေ အရေခွံလဲတဲ့အစတွေ လမ်းမှာတွေ့လို့ လန့်သွားရသေးတယ်ဗျာ၊ ခင်ဗျားကတော့ မြွေတွေဘာတွေ ကြောက်ပုံ မရဘူးထင်တယ်”
“ဟာ… ကြောက်ပြီလား ဆရာရဲ့၊ ဆရာ သတိမထားမိလို့ဗျ၊ ကျနော်တို့ အိမ်ပတ်ဝန်းကျင်မှာ သုံးလေးခု အမြဲရှိတယ်၊ ကျနော့် မိန်းမကတော့ ဒါတွေတွေ့ရင် ကောက်သိမ်းတာပဲ၊ ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားတာ မနည်းတော့ဘူး”
ထိုနေ့က မြွေအကြောင်း စကားရောက်တုန်း ကျနော် သိချင်တာ မေးရသည်။ ကိုအောင်ကျော်ဇံက အသက်နှစ်ဆယ် လောက်ကတည်းက ရခိုင်ပြည်နယ်ဘက်မှ မန္တလေးရောက်လာသူ ဖြစ်သည်။ ရောက်ရောက်ချင်း ဘုန်းကြီးကျောင်း တ ကျောင်းမှာတည်းကာ ကြုံရာကျရာလုပ်ကိုင် စားသောက်ခဲ့သည်ဆို၏။ နောက်တော့ ပဲပွဲရုံတရုံမှာ အလုပ်ရကာ ပဲအိတ် တွေ ကားပေါ်တင်ပေးရသည်။ ပွဲရုံပိုင်ရှင်က ရိုးသားမှန်းသိတော့ ဂရို့မှတ်  စာရေးတာဝန်ကို ယုံယုံကြည်ကြည်ပေးသည် ဆိုလေ၏။ “ဂရို့”ဆိုသည်က ပဲအိတ် အသွင်းအထုတ်မှတ်သည့် ဂရို့ချောင်း၊ ဂရို့တုတ်တံ ဖြစ်သည်။ ဂရို့မှားလျှင် ပဲ အိတ်တအိတ် ဆုံးရှုံးနိုင်တော့ စာရိတ္တရော လုပ်ရည်ကိုင်ရည်ပါ သေချာစိတ်ချရသူကိုမှ ခန့်လေ့ရှိသည်။
“ဂရို့စာရေးကနေ ကျနော် လုပ်တာကိုင်တာ ယုံကြည်လာတာနဲ့ ဘုန်းကြီးကျောင်း မနေနဲ့တော့ကွာ၊ ပွဲရုံမှာပဲစား၊ ပွဲရုံ မှာပဲအိပ်တော့ဆိုတာနဲ့ ပွဲရုံရောက်လာကရော၊ အဲသည်မှာတင် ပွဲရုံပိုင်ရဲ့ တူမ မအိမ်ကောင်းနဲ့ အကြောင်းပါတာပဲ၊ မအိမ်ကောင်း အမေနဲ့ ပွဲရုံပိုင်နဲ့က မောင်နှမတော်ကြတယ်။ ပွဲရုံက လူတွေကတော့ ပြောတာပေါ့၊ အောင်ကျော်ဇံက ဂရို့ချောင်းတင်မကဘူး၊ ဂရို့ထည့်တဲ့ ဝါးဆစ်ဘူးပါ မ သွားတာပါကောတဲ့”
အိမ်ထောင်ကျကာစ ပွဲရုံမှာနေခဲ့ကြသော်လည်း နောက်တော့ ပွဲရုံပိုင်က မအိမ်ကောင်းသားအမိနှင့် တပည့်ကို မြို့သစ် မှာဝယ်ပြီး ပစ်ထားသည့်အိမ်မှာ နေခွင့်ပြုခဲ့ကြရာက အခုတော့ သည်ခေါင်သုံးလုံးအိမ်မှာ နေခဲ့ကြတာကပင် ဆယ်နှစ် ကျော်ပြီဟု ဆို၏။ သည်အိမ်ကို ရောက်စတုန်းကတော့ အိမ်က သစ်လွင်သေးသည်။ မိန်းမလည်းရ၊ အိမ်တဆောင်လုံး လည်း အလကားနေခွင့် ရလိုက်သည့် တရွာတကျေးက ကိုရခိုင်အဖို့တော့ ရတနာပုံ ဆိုက်ရပြီ။ မနက်ဘက် စက်ဘီး ဂျောက်ဂျက်စီးကာ ပွဲရုံကိုပြေး၊ ယောက္ခမကြီးက အသက်ကလေးရပြီဆိုသော်လည်း ရာသီပေါ်သီးနှံတွေ ပွဲရုံကယူကာ ဈေးဝမှာ ဗန်းခင်းရောင်းသည်။ မြို့ထဲနှင့် မြို့သစ်နေ့စဉ် အသွားအပြန်ကားခ မသက်သာတော့ ဈေးမှာပဲရောင်းဖော် ရောင်းဖက်များနှင့် စပ်ကာဟပ်ကာ နေလိုက်တာများသည်။ ကိုရခိုင်အပြန် ဟင်းချက်စရာကလေး အစ၊ သားထုပ်ငါး ထုပ်ကလေးအလယ် မြေးကလေးတွေဖို့ မုန့်ပဲသရေစာအဆုံး ထည့်ပေးလိုက်တာမျိုးကလွဲလျှင် အိမ်မပြန်တာများသည်။ မအိမ်ကောင်းကတော့ ထမင်းဟင်းချက်၊ ကလေးတွေကို စောင့်ရှောက်။ တနေ့တော့ မအိမ်ကောင်း အိပ်မက် မက်သည် ဟု ဆိုသည်။ ကုလားအဘိုးကြီးတယောက်က ပိတ်ဖြူစင်ကြယ်ဝတ်ကာ အိမ်ဝမှာရပ်ရင်း မကြာခင်သည် မြေကွက်ထဲကို မြွေတွေလာတော့မည်ဖြစ်ကြောင်း၊ မြွေတွေ့လျှင် မသတ်ဖို့လိုကြောင်း၊ မြွေတွေကို မေတ္တာပို့ အမျှဝေလျှင် စီးပွားတက်မှာ ဖြစ်ကြောင်း ပြောလာသည်ဆို၏။
“အိမ်မက်ထဲမှာ ကုလားကြီးက ဘာဘာသာနဲ့ ပြောတာလဲ”
“အဲဒါတော့ မသိဘူးဆရာရဲ့၊ မအိမ်ကောင်း ပြောပြလို့ သိရတာ၊ တကယ်လည်း မြွေတွေ တွေ့ရတာပဲ ဗျို့”
ကိုရခိုင်ကြီးပြောတာကိုက ကြောက်စရာ။ ပထမတော့ မြွေတွေကို မပြဘဲ မြွေရေခွံစတာတွေ ဟိုနားတခု၊ သည်နားတခု တွေ့လာရသည်ဟု ဆိုသည်။ တကယ်တော့ မြွေတွေအရေခွံလဲကြခြင်းသည် မြေပေါ်မှာ လူးလာလွန့်ကာ ပွတ်မှုအား သုံးရသော သတ္တဝါတို့၏ ဖြစ်စဉ်သာဖြစ်သည်။ သဘာဝအရပဲ အရေခွံဟောင်းကို လဲလှယ်ဖို့ လိုအပ်စွာရှိရသော အခြေ အနေသာ ဖြစ်သည်။ အရေခွံဟောင်း၏ အောက်ပိုင်းမှာ အရေခွံအသစ် လုံးစေ့ ပတ်စေ့ ဖြစ်တည်ပြီးသည်နှင့် အပေါ်အ ရေခွံကိုခွာချဖို့ သို့မဟုတ် ကွာကျဖို့ သဘာဝပဲ ဖန်တီးပေးသည်။ ထိုဖန်တီးချက်မျာ အရေခွံနှစ်ခုကြားမှာ ဆီတမျိုး ထွက် လာခြင်းဖြစ်၍ ထိုဆီကြည်က မြွေ၏ မျက်ကြည်လွှာကို နောက်ကျိသွားစေခြင်းဖြင့် မြွေကို ယာယီအားဖြင့် ကန်းသွားစေ ခြင်း ဖြစ်သည်။ သည်အခါမျိုးမှာ မြွေကို ယာယီအားဖြင့် ကန်းသွားစေခြင်းဖြစ်သည်။ သည်အခါမျိုးမှာ မြွေက အသက်ရှင် ရပ်တည်မှုအရ လုံခြုံမှုရှာရင်းက အထိအခိုက်များကြားမှာပဲ အပေါ်အရေခွံ ကွာကျသွားလေ့ရှိသည်။ သို့သော် မြွေအား လုံး တပြေးညီ အရေခွံ လဲကြသလားဆိုတာကတော့ စဉ်းစားစရာ ဖြစ်သည်။
သည်အိပ်မက်ရပြီးကတည်းက မအိမ်ကောင်း ရော၊ တခါတရံဈေးက အလွမ်းပြေ ပြန်လာတတ်သော ယောက္ခမကြီးပါ မြွေတွေကို ကိုးကွယ်ရန် စီစဉ်ကြတော့သည်။ ညဘက်မှာ မြွေကျင်းလို့ ယူဆရသော အိမ်နှင့်လယ်စပ်ကြားက သစ်ပင် ကြီးမှာ မီးထွန်းကြသည်။ တခါတရံနို့ကို ခွက်နှင့်ထည့်ကာ ချထားတာမျိုး၊ ကြက်ဥတွေ အလုံးလိုက် မြက်ကြားထဲ ချထား တာမျိုးတွေ လုပ်လာကြသည်ဆို၏။
“မြွေအကောင်လိုက်ကော ခင်ဗျား တွေ့ဖူးသလား”
“တခါနှစ်ခါတော့ တွေ့ဖူးတယ် ဆရာရဲ့၊ ကျနော်ကလည်း ညဘက်ဆို အောက်မဆင်းတော့ဘူး၊ ကလေးတွေကတော့ ကြောက်တာပေါ့ဗျာ၊ ဘယ့်နှယ်ပြောပါလိမ့်၊ အခုတော့ ကျနော့် မိန်းမက အဆင့်တက်သွားပြီဗျ၊ သူက မြွေသိုက်နန်းက လာတာလို့တောင် ပြောတာတွေဖြစ်လာပြီ”
ဟုတ်သည် မဟုတ်သည် အပထား။ ခေါင်သုံးလုံးအိမ်ဘက်ကို အကူးအသန်း နည်းကြတာကို ကျနော် သတိထားမိ သည်။ ကလေးတွေက ခေါင်သုံးလုံးအိမ်ရှေ့က ကြီးမားလှသော ညောင်ပင်ရိပ်မှာပင်မကစားကြဘဲ ဝေးနိုင်သမျှ ရှောင် ကြတာလည်း ရှိသည်။ တခါတခါမအိမ်ကောင်းတို့ သားအမိထံ မြွေဗေဒင်လာမေးသူတွေလည်း ရှိတတ်သည်။ မြွေဗေ ဒင်က မြက်မြက်ကလေး ရတတ်တော့ မအိမ်ကောင်းက မေးသူကို ရက်ချိန်းပေးပြီး ဈေးရောင်းထွက်နေသည့် မအေကို ပြေးခေါ်တတ်သည်။ မအိမ်ကောင်းက ဖြူဖြူစင်စင်ရှိသော်လည်း သူကအမေက ကြေးညှိတက်နေသည့် ကြေးပြားရောင် ပေါက်နေသည့် မည်းမည်းပိန်ပိန် ဖြစ်သည်။ တချို့ညတွေမှာ တယောက်တည်း နတ်ဝင်သည်ဆိုကာ ရသမျှစာတွေ ရွတ်၊ သမက်ဖြစ်သူ ကိုရခိုင်ကို နတ်က ကြိမ်းသလို၊ မြွေက ကြိမ်းသလိုလိုနှင့် ပညာပေးတာများလည်း ရှိသည်။ ကလေးငါး ယောက်သာ ရနေပြီ။ ဂရို့ချောင်းရေရသည့် ဘဝက မတက်တော့ သမက်ကို အကြောင်းဆိုက်တုန်း ဖိတွယ်တာလည်း ဖြစ်နိုင်သည်။ ကျနော်တို့အိမ်ကပင် ကြားရတတ်သည်။
“သားတော်ကြီး စဉ်းစားစမ်း၊ အခုနေရတာက သူများအိမ်၊ ကိုယ့်ဦးကြီးဘကြီးအိမ်ဆိုပေမယ့် အခု ဆင်းကြစမ်းဆိုတော့ ကလေးငါးယောက်နဲ့ သားတော်ကြီး ဘယ်သွားနေမလဲ၊ အေး… ယောက်ျားဆိုတာ မှေးမလိုက်ရဘူးဟဲ့၊ ကိုယ့်သားမ ယားကို အိမ်တဆောင် မီးတပြောင် ထားနိုင်မှပေါ့ကွယ်၊ အိမ်လခတွေက သည်ခေတ် ကြီးပါဘိသနဲ့”
မြွေနတ်က အိမ်လခ ဈေးကြီးတာတွေ ပါ,ပါလာတော့ ကျနော်တို့လူ ကိုရခိုင်က မယုံဟု ဆိုသည်။ ယောက္ခမ ကြိမ်းနေ တာကိုတော့ လက်အုပ်ကလေးချီကာ မော့ရင်း ယုံသလိုလို လုပ်နေရသည်ဟု ဆိုသည်။ မြွေနတ်မေးသူတွေက မြွေအ စာစားချိန် ညနေဘက်မှာ မေးတာများတော့ များသောအားဖြင့် ကိုရခိုင် ရှိနေတာများသည်။ အုန်း၊ ငှက်ပျော၊ နွားနို့ လင် ပန်းကို တောစပ်သွားချရတာတွေ လုပ်ပေးရသည်ဆို၏။ ကြာတော့ သူ့ယောက္ခမ ကျက်ထားသည့်စာတွေ သူပါ အလွတ် ရသည်ဟု ဆိုလေသည်။
“သဇင်နှော၏ တောလုံးကြိုင်… နတ်တော်ပြာသို နုပျိုပေါက်လဲ တပို့တွဲ ဆောင်းစဲနွေစပ်ဆိုတော့ မြွေသူတော်တို့ နေရ တာ ပင်ပန်းသကွဲ့၊ ဥပပတ် ဦးခေါင်းရတနာ တောင်သို့လာ၊ မြောက်မှာအမြီး နေချိန်ကြီးဟဲ့…၊ ရှေ့လောကဓာတ်ကျော ကုန်းနေ၊ အနောက်တည့်တည့်ဝမ်းကိုလှည့်၊ အပတ်ဆယ့်နှစ်ခွေ၊ ရှောင်လွှဲအာခံတွင်း မဝင်လျင်းနဲ့ဟဲ့၊ အမြီးကလျှောက် ခေါင်းကိုရောက်၊ ထုတ်ချောက်မသွားလေနဲ့ ဝမ်းကို မွှေ၊ ကျောကဖောက်၊ လာဘ်သပ်ပကာ၊ မိုးလို့ရွာ၊ လိုရာ ပြီးမြောက် လိမ့်… နင်တို့ဟာက အခုတော့ ဝမ်းကို ကြွက်ဆုပ်၊ ကျောကြောင်ခုတ်၊ အလုပ်မဟုတ်တာတွေ ရှေ့က ခံနေပါကလား”
ကျနော်တို့လူ ကိုရခိုင်ကြီး ဖြောင့်ချက်ပေးသလောက်တော့ မြွေနတ် လာမေးကြသူတွေကြောင့် ဝင်ငွေကလေး အဆင် ပြေလာတော့ဘွားတော်လည်း ဈေးထွက်မရောင်းတော့ဟု ဆိုလေသည်။ ကလေးတွေလည်း နွားနို့ပေါပေါသောက် ငှက် ပျောသီး ဝဝစားရသည်ဟု ဆိုသည်။ လာကြသမျှသော မြွေနတ်မေးသူတွေကို မြွေလမ်းလွှဲဂါထာ၊ မြွေဆိပ်ချပဝါ မန်းဂါ ထာ၊ မြွေဆိပ်ချ သပြေခက်မန်းဂါထာ၊ မြွေဆိပ်ချ ရေမန်းဂါထာ၊ မြွေဆိပ်ချ ထုံးမန်းဂါထာ၊ မြွေဆိပ်ချမန္တန် ရွတ် ရွတ်ပြပါ များတော့ ကလေးတွေက တီဗွီကြော်ငြာသီချင်းလို လုပ်ဆိုနေကြပြီ။ ဥုံ မြွေပွေးမသာ၊ မြွေပြဒါး၊ နင့်အစွယ်ပြူးပြူး၊ ပြဒါး လူး၊ နင့်အဆိပ်သန္ဓေ၊ ရေသို့ပြေ၊ ဆင်းဆရာဆင်း၊ သက်ဆရာသက်။ ကိုရခိုင့်မိန်းမ မအိမ်ကောင်းကတော့ အနွေးထည် ကြီး ဖိုသီဖတ်သီ အဝတ်မပျက်။ ဆေးတောင်းမပျက်သော်ငြား ကျနော်တို့အိမ်ဘက် အလာကျဲသွားသည်။ ကိုရခိုင် သည် ပင် ဂရို့ချိုးရာက အပြန်ခါတိုင်းလို ရောက်မလာတာတွေ များလာသည်။ ခေါင်းသုံးလုံး မြွေအိမ်ကြီးမှာ မြွေနတ် မေးသူတို့ စည်ပင်နေတော့ ကျနော်သည်လည်း မကူးဝံ့တော့။
တရက်မှာတော့ မြွေအိမ်မှာ အိပ်ရာအောက် မြွေဝင်သည်ဆိုသည့်ပမာ လင်မယားစုံတွဲနှစ်တွဲ ရောက်လာခဲ့သည်။ ပထ မတတွဲမှာ ပဲပွဲရုံပိုင်ရှင်၏ သမီးလင်မယားဖြစ်၍ နောက်တတွဲမှာလည်း ပဲပွဲရုံပိုင်ရှင်၏ သားလင်မယား ဖြစ်သည်။ သည် အိမ်က ပဲပွဲရုံပိုင်ရှင် ပိုင်သည်ဖြစ်လေရာ ပဲပွဲရုံပိုင်ရှင့်သမီးရော သားကပါ အဖေ့အိမ် အမေ့အိမ်ဆိုသည့်သဘောဖြင့် မင်း မူချင်တိုင်း မင်းမူကြလေသည်။ သမီးဖြစ်သူက လောလောလတ်လတ် အိမ်ထောင်ကျခါစဖြစ်၍ သားဖြစ်သူက အိမ် ထောင်ကျတာ ကြာပြီ။ သို့သော် နှမနှင့် ယောက်ဖတို့ လာနေသည်ကို အကြောင်းပြု၍ သားဖြစ်သူ လင်မယားကလည်း နေလက်စ မြို့ထဲကအိမ်ကိုငှားကာ အလကားနေခွင့်ရသော သည်အိမ်မှာ ရပိုင်ခွင့်အရ လာနေခြင်းဖြစ်သည်။ ဤသို့ဖြင့် ခေါင်သုံးလုံး အိမ်ကြီးမှာ ကျနော်တို့လူ ကိုရခိုင်လင်မယား၊ကိုရခိုင်၏ ယောက္ခမ၊ မအိမ်ကောင်း၏အမေ မြွေနတ်ကတော် နှင့် မြေးများသည်လည်းကောင်း၊ အိမ်ရှင်ဖြစ်သော ပွဲရုံပိုင်ရှင်၏ သမီးလင်မယား၊ သားလင်မယား နှစ်စုံတွဲသည်လည်း ကောင်း၊ သည်မြေကွက်ထဲ၊ သည်အိမ်ထဲမှာပင် မြွေတကျိပ်ကျော်နှင့်အတူ နေထိုင်ကြသလို ဖြစ်နေသည်။
နောက်ရောက်လာသော လင်မယားစုံတွဲ၏ မော်တော်ဆိုင်ကယ်သံ တဗျဲဗျဲသည်လည်းကောင်း၊ ထိုလင်မယားထံ လာ ရောက်ကြကုန်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီး ခွေးစွယ်ဆွဲ၊ နားသံသီးချိတ်၊ အရိုးခေါင်းစွပ်ကျယ်ဝတ်၊ သံ လက်ကောက်ပတ်၊ ဆံပင်နီကြောင်ဆိုးတို့သည်လည်းကောင်း၊ သည်ခေါင်းသုံးလုံး မြွေအိမ်ကြီးမှာ ဒါဘာမင်းပွဲ ကျင်းပ သည့်နှယ် “God save the King” ဖြစ်နေကြလေ၏။ သည်ကြားထဲ မြွေနတ်မေးသူတို့ပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲပေါင်း စည်းကြသည်ဖြစ်ရာ တရော်ဖြူ၊ တရော်ညို၊ ဘက်သက်၊ လက်ပန်၊ ရင်နှောင်း၊ ပင်ဇာ၊ အုံတုံတည့်ဟူသော တရော်ခုနစ် ပါးနှင့် ဆေးသော်မှ “သန့်” စရာ အကြောင်းမမြင်လေ။
အိမ်ရှင်၏ သားသမီးလင်မယား လာရောက်နေထိုင်မှတော့ သူတပါးအိမ်မှာ ခေတ္တခိုရသော ကိုရခိုင်တို့ လင်မယား သား အမိတို့ အိမ်ရှာဖို့ ဖြစ်လာသော်ငြား ရပ်ကွက်ထဲက တဖက်ရပ်တဲသော်မှ အိမ်ငှားခ တသောင်း “မြည်” သည့်ကာလမှာ ရုတ်တရက် မဆင်းနိုင်ကြသေးဘဲ ရသလောက် သည်းခံကာ နေကြရုံသာ ရှိလေသည်။ မြွေနတ်ကတော် ကိုယ်တိုင်က တူ၊ တူမ လင်မယားကို လွန်ဆန်နိုင်သည် မဟုတ်တော့ မူလပရိုဖက်ရှင်နယ်ဖြစ်သော ရာသီစာ ထွက်ရောင်းခြင်းအား ဖြင့် ပြဿနာကို ရှောင်လေသည်။ ဂရို့ချိုးစာရေးသည်လည်း မိုးလင်းသည်နှင့်အိမ်ကထွက်၍ မအိမ်ကောင်း သည်လည်း အနွေးထည်ကြီးဝတ်ကာ အိမ်တကာ ဆေးလည်တောင်းရင်း မြွေအိမ်က အထွက်ပြရလေသည်။ တလလောက်ကြာ တော့ မအိမ်ကောင်း သားအမိက ဗျူဟာပြောင်းကြပြီ။ ညနေတိုင်း မအိမ်ကောင်း ကိုယ်တိုင် မြွေနတ်ပူးသည်။ဘွားတော် က လိပ်ပြာချုပ်ခေါင်းစွပ်ကာ “ဥုံစုန်းပင်းနတ်ပင်း၊ ထွက်ဆရာထွက်၊ ဥုံ သစ်ရောင်ဝါးရောင်ငြောင့် ရောင် တိတိထွက် ဆရာထွက်၊ ဥုံဖွဲလော ပြာလော အရိုးလောထွက် ဆရာထွက်၊ ဥုံ ဇော်ဂနီနက်မ နင့်အစာ နင်ကိုယ် တိုင်ချ၊ ကျဆရာကျ၊ ကြေဆရာကြေ၊ ပြေဆရာပြေ၊ ပျောက်ဆရာပျောက်…ဟု သုံးဆယ့်ခုနစ်ကြိမ် အော်ကြီးဟစ်ကြီး ရွတ်သည်။ သည်လို တညလေးကြိမ်နှုန်းအားဖြင့် တပတ်လောက် ပူးကြရွတ်ကြတော့ တူ၊ တူမ လင်မယားနှစ်စုံတို့ အထုပ်အပိုး ပြန်ပြင်ကြ သည်။ တည လေးခါလောက် နတ်ပူး၊ စုန်းပူး၊ မြွေပူးကြောင့် ထ,ထထိုင်ရတာ များလာတော့ မြို့ထဲကို ပြန်ပြောင်းကြ တော့သည်။ “ကြီးတော်ကလည်း မမိုက်သေးပါဘူး” လောက်သာ ညည်းကြရင်း ဆိုင်ကယ်အသီးသီး ပေါ် အထုပ်ကိုယ်စီ တင်ကာ ပြေးကြခြင်း ဖြစ်သည်။
အခုတော့ ခေါင်သုံးလုံး မြွေအိမ်ကြီးမှာ မအိမ်ကောင်းတို့ မိသားစုကျန်တော့သည်။ တလောက ဂျင်းဘောင်းဘီဝတ်၊ ခွေး စွယ်ဆွဲ၊ နားသံသီးချိတ်၊ အရိုးခေါင်းစွပ်ကျယ်ဝတ်၊ သံလက်ကောင်ပတ်၊ ဆံပင်နီကြောင်ဆိုးတို့ကို ထိတ်လန့်ကြကုန် သော မြွေသံကွင်းစွပ် အစရှိသော မြွေမျိုးတကျိပ်တို့လည်း ဝိပ္ပဋိသာရ ဖြစ်ခဲ့ပြီးသောအမှုကို ပြန်လည်တွေးတော၍ စိတ် နှလုံးပူပန်ခြင်း စသော နှလုံးမသာမူတို့ ကင်းပကြလျက် သည်အိမ်ကြီးဝန်းကျင်မှာ ပြန်ပေါ်လာကြသည်ဟု ဆိုလေ သည်။ ထိုနေ့မှစ၍ သည်အိမ်ဟောင်း ခေါင်းသုံးလုံးကို မြွေကို ကိုးကွယ်ရာဟု ယူမှတ်ကြသော သူတို့နှင့်တကွ မြွေနတ် ကတော် မိသားစုတို့ အညီအညွတ် ပေါင်းစည်းခြင်း သမဂ္ဂပြုလျက် “ဒုရာဇီဝ” မကောင်းသော အသက်မွေးမှုကြီး ပြန်စ ကြလေသည်။
“တကယ်တော့ သည်အိမ်ထဲ ခြံထဲမှာ ဘာမြွေမှ မရှိဘူး၊ ဆရာရဲ့၊ ဘွားတော်က သူ့တူလင်မယား ရောက်လာကြတော့ မယ်ဆိုတာ ကြိုသိထားလို့ အရင်က ရှိခဲ့ဖူးတဲ့ ဟိန္နုမြွေအလမ္ပာယ်ဆရာကြီး ဇာတ်ထုပ်နဲ့ပြန်ဆက်ယူပြီး သတင်းလွှင့် ထားတာ ခင်ဗျ၊ ဒါကလည်း ကွက်စိပ်မှူး ကိုပေါလူ ကို သတင်းပေးလိုက်တာနဲ့ ပျံ့သွားတာလေ”
တရက်မှာတော့ ကျနော်တို့ ကိုရခိုင်က မြွေဇာတ်ထုပ်ကို ဖြောင့်ချက်ကြီးပေးခြင်း ဖြစ်သည်။ မြွေအိမ်ပေါ်မှာတော့ မြွေ ပရိယေသနကြီး အားကောင်းချင်တိုင်း အားကောင်းလျက် ရှိလေ၏။
နေဝင်းမြင့်
အိမ်ကလေး ၁၆ လုံးမှ…

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis