menu

Monday 16 January 2012

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး Animation ဆုရရှိခဲ့သူ



ဇန်န၀ါရီလ ၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် ဦးစီးကျင်းပခဲ့တဲ့ လွတ်လပ်ခြင်းအနုပညာပွဲတော်မှာ အကောင်းဆုံးသော Animation ဇာတ်ကားဆုကိုရရှိခဲ့သူကတော့ ကိုဇော်ဗိုလ်ဗိုလ်ရှိန်ပဲ ဖြစ်ပါတယ်။ ကိုဇော်ဗိုလ်ဗိုလ်ရှိန်ကို မော်လမြိုင်မြို့မှာ ၁၉၈၃ ခုနှစ်က မွေးဖွားခဲ့တာပါ။


၇ တန်းကျောင်းသားအရွယ်အထိ မော်လမြိုင်မြို့မှာ နေထိုင်ခဲ့သူဖြစ်ပါတယ်။ ၈ တန်းကျောင်းသားဘ၀မှာ ရန်ကုန်မြို့ကိုပြောင်း ရွေ့လာခဲ့သူဖြစ်ပြီးတော့ အခြေခံပညာထက်တန်းအောင်မြင်ပြီးခဲ့တဲ့နောက်ပိုင်း ရန်ကုန်ဆေးတက္ကသိုလ် ၂ မှာ ဆက်လက်တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဂုဏ်ထူးသုံးဘာသာနဲ့ အခြေခံပညာ အထက်တန်းစာမေးပွဲအောင်မြင်ခဲ့တဲ့ ကိုဇော်ဗိုလ်ဗိုလ်ရှိန်ဟာ ၂၀၁၀ ပြည့်နှစ်မှာတော့ ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာဆရာဝန်ဖြစ်ပြီးတဲ့နောက်ပိုင်း မော်လမြိုင်မှာ ကိုယ်ပိုင်ဆေးခန်းတစ်ခုကို သွားရောက်ဖွင့်လှစ်ခဲ့ပါတယ်။ ဆရာဝန်အဖြစ် လုပ်ကိုင်ဆောင်ရွက်ရခြင်းကို စိတ်ပါဝင်စားခြင်းမရှိတဲ့ ကိုဇော်ဗိုလ်ဗိုလ်ရှိန်ဟာ ဆုံးဖြတ်ချက်တစ်ခုကိုချပြီး ဆေးခန်းကို ပိတ်သိမ်းလိုက်ပါတယ်။ သူအနေနဲ့ အဓိက ၀ါသနာပါနေတဲ့ Animation အလုပ်ကိုလုပ်ကိုင်ဖို့ ဆေးခန်းပိတ်သိမ်းလိုက်တာပါ။ နိုင်ငံခြားရုပ်ရှင်တွေကြည့်ရင်း သူဟာ Animation ဖန်တီးခြင်းကို လွန်စွာစိတ်ပါဝင်စားခဲ့တာကြောင့် ရန်ကုန်မြို့ကို ပြန်လာခဲ့လိုက်တာပါ။ ဒီလိုနဲ့ Vertex Animation သင်တန်းကျောင်းမှာ ၃ လလောက် သူဟာ သင်တန်းတက်ရောက်လိုက်ပါတယ်။ သင်တန်းတက်ရောက်ပြီးနောက်ပိုင်း တစ်နှစ်တာကာလလောက်မှာတော့ သူဟာ Animation နဲ့ ပတ်သက်လို့ ကိုယ်တိုင်လေ့လာခြင်းတွေကို ဆက်တိုက်ပြုလုပ်နေခဲ့ပါတော့တယ်။ သူဟာ အလိုအလျောက် Animation ဖန်တီးခြင်းကို ၀ါသနာပါလာခဲ့တာတော့ မဟုတ်ပါဘူး။ တကယ်တော့သူဟာ ငယ်စဉ်ကတည်းက ပန်းချီဝါသနာပါခဲ့သူတစ်ယောက်ပါ။ အခြေခံပညာသင်ကြားနေစဉ်ကတည်းက မော်လမြိုင်မြို့မှာ သူဟာပန်းချီပညာကို သင်ယူခဲ့ဖူးပါတယ်။ ကိုဇော်ဗိုလ်ဗိုလ်ရှိန် ၇ တန်းကျောင်းသားဘ၀မှာ ကွန်ပျူတာပန်းချီပြိုင်ပွဲကို အခြေခံကျောင်းတွေမှာ စတင်ကျင်းပခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေက ပန်းချီတတ်ကျွမ်းသူတွေကို ကွန်ပျူတာသင်ပေးခဲ့တာကြောင့် သူဟာ ကွန်ပျူတာကိုလည်း စတင်ရင်းနှီးကျွမ်းဝင်ခွင့် ကို ရရှိခဲ့ပါတယ်။ တကယ်တန်း ကွန်ပျူတာပန်းချီပြိုင်ပွဲဝင်တော့ သူဟာဗဟိုအဆင့်မှာ စတုတ္ထဆုကိုရရှိခဲ့ပါတယ်။ လက်ဆွဲပန်းချီနဲ့ ၈ တန်းကျောင်းသားဘ၀မှာ ဗဟိုအဆင့်ပြိုင်ပွဲဝင်ခဲ့တော့လည်း နှစ်သိမ့်ဆုရရှိခဲ့ပါသေးတယ်။ ကိုဇော်ဗိုလ်ဗိုလ်ရှိန်က အနုပညာနဲ့ပတ်သက်လို့ ဖန်တီးရတာ ပြိုင်ပွဲဝင်ရတာကို ငယ်စဉ်ကတည်းက ၀ါသနာအရလုပ်ကိုင်ခဲ့တာဖြစ်တဲ့အလျောက် Animator တစ်ဦးဖြစ်လာတဲ့အခါမှာလည်း တီထွင်ဖန်တီးမှုတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် တစ်နှစ်တာလုံးမှာ Animation နဲ့ပတ်သက်လို့ နေ့ရှိသရွေ့လေ့လာနေခဲ့တဲ့ ကိုဇော်ဗိုလ်ဗိုလ်ရှိန်ဟာ ပြည်ပနိုင်ငံများကဖိတ်ခေါ်တဲ့ Animation ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ကိုကာကိုလာကပြိုင်ပွဲကို သူ့အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရွေးချယ်ခံရခြင်းတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ စင်ကာပူနိုင်ငံမှာ ဈေးကွက်ချဲ့ထွင်နေတဲ့ ရေခဲမုန့်ကုမ္ပဏီတစ်ခုရဲ့ Animation ဖိတ်ခေါ်ပြိုင်ပွဲမှာတော့ ဇကာတင်အဆင့်အထိ ရောက်ရှိခဲ့ဖူးပါတယ်။ ၂၀၁၁ ခုနှစ်အရောက်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရရှိလာပြီဖြစ်တဲ့ ကိုဇော်ဗိုလ်ဗိုလ်ရှိန်က Omni Animation Group ဆိုတာကို ထူထောင်လိုက်ပါတယ်။ ကြားကာလမှာတော့ Yangon Entertainment မှာ Animator တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါသေးတယ်။ ၀န်ထမ်းမလုပ်ချင်တော့တာကြောင့် ကိုယ်ပိုင် Group တစ်ခုကို သူကထူထောင်လိုက်တာပါ။ သူထူထောင်လိုက်တဲ့ Group မှာတော့ Animation လုပ်ကိုင်ရာမှာ မဖြစ်မနေလိုအပ်တဲ့ Animator လေးဦး ပေါင်းစပ်ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ Group ဟာ ကြော်ငြာတွေနဲ့ ဒီဇိုင်းတွေကို လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ပါတယ်။ နောက်ပြီး Animation သင်တန်းကိုလည်း သင်တန်းသားအနည်းငယ်နဲ့ ဖွင့်လှစ်လုပ်ကိုင်ခဲ့ပါသေးတယ်။ သက်တမ်းကာလ အနည်းငယ်သာရှိသေးတဲ့ သူ့ရဲ့ကိုယ်ပိုင် Group လေးဟာ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် ဦးစီးကျင်းပတဲ့ လွတ်လပ်ခြင်းအနုပညာပွဲတော်ကို ၀င်ရောက်ဖို့အတွက် ၂ မိနစ်နဲ့ ၁၀ စက္ကန့်သာအချိန်ကြာမြင့်တဲ့ Unity & Freedom အမည်ရှိ Animation သရုပ်ဖော်ဇာတ်ကားလေးတစ်ခုကို ဖန်တီးခဲ့ကြပါတယ်။ ပြသချိန်အနည်းငယ်သာပါရှိတဲ့ Animation ဇာတ်လမ်းလေးကို အကူအညီပေးသူတစ်ဦးနှင့်အတူ သူဟာအချိန်ကာလ ၁ လခွဲလောက် ရေးဆွဲဖန်တီးခဲ့ရတာပါ။ အဓိပ္ပာယ်ရှိစွာနဲ့ဖန်တီးခဲ့တဲ့ Unity & Freedom ဇာတ်လမ်းတိုဟာ လွတ်လပ်ခြင်းအနုပညာပွဲတော်ရဲ့ ဆန်ခါတင် Animation ဇာတ်ကား ၆ ကားထဲမှာ ပါဝင်ပြီးတဲ့နောက် အကောင်းဆုံးသော Animation ဇာတ်လမ်းတိုဆုကို ရရှိခဲ့ပါတယ်။ ကိုဇော်ဗိုလ်ဗိုလ်ရှိန်ဟာ ၀ါသနာအရ Animation တွေဖန်တီးပြီး ပြိုင်ပွဲဝင်နေပေမယ့်လည်း သူ့မှာရှိတဲ့ ရည်ချက်တစ်ခုကိုတော့ အမြဲပဲ ဆက်လက်လုပ်ကိုင်နေခဲ့တာပါ။ အဲဒါကဘာလဲဆိုတော့ အာဆီယံအဆင့် အရည်သွေးမီနိုင်တဲ့ DVD Animation ကာတွန်းဇာတ်လမ်းတစ်ခု ထုက်လုပ်နိုင်ဖို့ပါပဲ။ သူ့အနေနဲ့ DVD အဆင့်မီတဲ့ Animation ကာတွန်းတွေကို ဖန်တီးနေရင်းနဲ့ လွတ်လပ်ခြင်းအနုပညာပွဲတော်မှာ Animation အကောင်းဆုံးသောဆု ရရှိခဲ့တာကတော့ ၀မ်းသာစရာဖြစ်နေခဲ့တော့တယ်။


အမည် - ဇော်ဗိုလ်ဗိုလ်ရှိန်
မွေးသက္ကရာဇ် - 18.9.1983
ဇာတိ - မော်လမြိုင်
လူမျိုး - ဗမာ၊ မွန်
ပညာအရည်အချင်း - M.B.B.S
အလုပ်အကိုင် - Ommi Animation Group
By Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis