menu

Monday 16 January 2012

တရုတ်ရေနံကုမ္ပဏီပေါ် အမေရိကန်ပိတ်ဆို့အရေးယူမှု တရုတ်ဝေဖန်

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တင်မိုသီဂါ့တ်နာနှင့် တရုတ်ဒုတိယ၀န်ကြီးချုပ် ၀မ်ကျီရှင်တို့ ပေကျင်းတွင်
ဇန်န၀ါရီလ ၁၀ ရက်က တွေ့ဆုံစဉ်
အီရန်သို့ ရေနံထုတ်ကုန်များကို တင်ပို့သည်ဟုဆိုသော တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီတစ်ခုအပေါ် အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူမှုအား တရုတ်က အကြောင်းပြချက်မရှိဘဲ လုပ်ဆောင်မှုဟု ဝေဖန်ခဲ့သည်။

တရုတ်နိုင်ငံပိုင် Zhuhai Zhenrong ကုမ္ပဏီကို အမေရိကန်တွင် စီးပွားရေးလုပ်ပိုင်ခွင့် ပိတ်ပင်သည့် ပိတ်ဆို့အရေးယူမှုဆုံးဖြတ်ချက်အား အမေရိကန်က ဇန်န၀ါရီလ ၁၂ ရက်တွင် ချမှတ်ခဲ့သည်။ ယင်းကုမ္ပဏီသည် ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လမှ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလအတွင်း အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော်တန်ဖိုးရှိ ရေနံထုတ်ကုန်များကို အီရန်သို့ တင်ပို့ရာတွင် ကြားခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် စင်ကာပူနှင့် အာရပ်စော် ဘွားများပြည်ထောင်စုမှ ကုမ္ပဏီသုံးခု ကိုလည်း ပိတ်ဆို့အရေးယူမှုချမှတ်ခဲ့ သည်။ ယင်းဆုံးဖြတ်ချက်အရ အဆိုပါကုမ္ပဏီသုံးခုသည် အမေရိကန်ပို့ကုန်သွင်းကုန်ဘဏ်မှ အမေရိကန်ကုန်သွယ်မှုလိုင်စင်၊ကုန်သွယ်ရေးထောက်ပံ့မှု ရရှိတော့မည်မဟုတ်သလို အမေရိကန်ဘဏ္ဍာရေး အဖွဲ့အစည်းများမှချေးငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းလည်း ရတော့မည်မဟုတ်ပေ။
တရုတ်နိုင်ငံပိုင်ကုမ္ပဏီ၏ အီရန်နှင့် စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ အခြားနိုင်ငံများ လုပ်ဆောင်သကဲ့သို့ ပုံမှန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပိတ်ဆို့အရေးယူမှုကို ဝေဖန်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လူဝေမင်းက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ပေကျင်းတွင် အမေရိကန်ဘဏ္ဍာ ရေးဝန်ကြီးတင်မိုသီဂါ့တ်နာနှင့် တရုတ်ခေါင်းဆောင်များတွေ့ဆုံပြီး အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှု၊ အီရန် နျူစီမံကိန်းရပ်တန့်နိုင်ရေး ဖိအားပေးမှုစသည်တို့ကို ဆွေးနွေးခဲ့အပြီး အမေရိကန်က တရုတ်ကုမ္ပဏီကို ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့ခြင်းဖြစ်သည်။
အီရန်ရေနံများကို အဓိက၀ယ်ယူနေသော တရုတ်သည် အီရန်ရေနံအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများချမှတ်ရန် ပြင်ဆင်နေမှုအပေါ် သဘောမတူပေ။  
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis