menu

Monday 16 January 2012

ပွင့်လင်းကာလ ခရီးသွားရာသီအတွင်း ခရီးသည်ဝင်ရောက်မှုကောင်းမွန်နေကာ မြန်မာနိုင်ငံအပေါ်စိတ်ဝင်စားမှုဆက်လက်မြင့်တက်နေ


၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ခဲ့သည့် ပွင့်လင်းကာလ ခရီးသွားရာသီအတွင်း ခရီးသွားဝင်ရောက်မှု ကောင်းမွန်ခဲ့ပြီး ယခုနှစ် နှစ်ဦးပိုင်းတွင်လည်း ခရီးသွားအ၀င် ဆက်လက်ကောင်းမွန်နေကာ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုမှာလည်း ဆက်လက်မြင့်တက်နေကြောင်း ခရီးသွားလုပ်ငန်းနယ်ပယ်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ခရီးသွားအများပြားဆုံးကာလသည် နှစ်စဉ် အောက်တိုဘာလမှ ဧပြီလ၀န်းကျင်အထိဖြစ်ပြီး ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှ ပြန်လည်ကောင်းမွန်လာခဲ့သော လုပ်ငန်းအနေအထားသည် ၂၀၁၁ခုနှစ်တွင် ပိုမိုသိသာလာခဲ့သည်ဟု သိရှိရသည်။
''မြန်မာနိုင်ငံကို အရင်ကထက် စိတ်ဝင်စားလာကြတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းကစပြီး စိတ်ဝင်စားမှု မြင့်တက်လာတာပေါ့။ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကြောင့်ပေါ့။ ၂၀၁၁ မှာလည်း လုပ်ငန်းပိုင်းအနေအထားတွေ ကောင်းလာပါတယ်''ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဒင်က ဆိုသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည်၂၀၀၆ခုနှစ်တွင် အတိုးတက်ဆုံးသော အနေအထားကို ကြုံတွေ့ခဲ့ရပြီး ၂၀၀၇ခုနှစ် နှစ်ဦးပိုင်း၊ နှစ်လယ်ပိုင်းတို့တွင်လည်း ဆက်လက်ကောင်းမွန်ခဲ့သည်။သို့သော် ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် အကြောင်းအမျိုးမျိုး ကြောင့် ကျဆင်းမှုဖြစ်ပေါ်ခဲ့ကာ၂၀၀၈  ခုနှစ် တစ်နှစ်တာနှင့် ၂၀၀၉ ခုနှစ်အထိ ကျဆင်းလာခဲ့သည်။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ခရီးသွားဝင်ရောက်မှု တိုးတက် လာခဲ့ပြီး၂၀၁၀ပြည့်နှစ်တွင် ပိုမိုတိုးတက်မှုကို ကြုံတွေ့ခဲ့ရသည်။
၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်း၌ နိုင်ငံရေးတွင်အပြောင်းအလဲများ ပေါ်ပေါက်လာခြင်း၊အပြုသဘောဆောင်သော အနေအထားများ ဖြစ်ပေါ်လာခြင်းနှင့်အတူ မီဒီယာများ၌ မြန်မာနိုင်ငံသတင်းများ ပေါ်လွင်လာမှုတို့က ကမ္ဘာလှည့်ခရီးသွားများ အာရုံစိုက်ဖွယ် ဖြစ်လာစေခဲ့သည်။
၂၀၁၂ ခုနှစ်အတွက် ကမ္ဘာတစ်ဝန်းခရီးသွားရန် ခရီးသွားဒေသများ ရွေးချယ်ခဲ့ရာတွင် နိုင်ငံ ၄၅ နိုင်ငံ အနက် မြန်မာနိုင်ငံသည် နံပါတ် ၃ နေရာ၌ ဖော်ပြခြင်းခံခဲ့ရသည်။ ခရီးသွားလာရန် နိုင်ငံ ၄၅ နိုင်ငံအနက် မြန်မာနိုင်ငံ အား နံပါတ် ၃ နေရာတွင် ရွေးချယ်ဖော်ပြခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် သဘာဝရတများ၊ အဆင့်မီ  Boutique ဟိုတယ်များ၊ မပျက်မစီးတည်ရှိနေသော ကမ်းခြေများရှိနေသော နိုင်ငံဖြစ်သည့်အတွက် ခရီးသွားများ စိတ်ဝင်စားဖွယ်ဖြစ်သည်ဟု ဆိုထားပါသည်။၂၀၁၀ပြည့်နှစ်တွင် ရွေးကောက်ပွဲပြုလုပ်မှု၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုစသည့် အပြောင်းအလဲများ ပေါ်ထွန်းခြင်းသည် မြန်မာနိုင်ငံသို့ ခရီးသွားများလာရောက်ရန် ဆွဲဆောင်မှုနှင့် အလားအလာများဖြစ်လာခဲ့ကြောင်းလည်း ဖော်ပြထားသည်။

''အခုလို လုပ်ငန်းတိုးတက်လာတယ်ဆိုတာက အချိန်ယူပြီး ဈေးကွက်မြှင့်တင်မှုကို လုပ်ခဲ့ကြတာနဲ့ ဒီသုံးနှစ်လောက်အတွင်းမှာ နိုင်ငံက တည်ငြိမ်လာတာကြောင့်ပါ။ ခရီးသွားများလာတယ်ဆိုပေမယ့် ကျွန်တော်တို့ဆီမှာ လိုအပ်ချက်လေးတွေ ရှိနေတုန်းပါပဲ။ အခုဆို ဧည့်လမ်းညွှန် မလုံလောက်ဘူး၊ ဟိုတယ်ဝန်ထမ်း အရည်အသွေးပြည့်မီတာတွေ နည်းတယ်စသည်ဖြင့်ပေါ့''ဟု Myanmar Polestar ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းထင်က ပြောကြားသည်။

၂၀၁၁ ခုနှစ်အတွင်း ၀င်ပေါက်အသီးသီးမှ ခရီးသွားဝင်ရောက်မှုသည် ၂၀၁၀ ပြည့်နှစ်ကထက် ၃၀ ရာခိုင်နှုန်းဝန်းကျင် တိုးတက်မှုရှိနိုင်သည်ဟုလည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူအချို့က ခန့်မှန်းသည်။ ခရီးသွားအ၀င်မြင့်တက်လာမှုကို ရန်ကုန်မြို့တွင်သာမက အခြားသော ခရီးစဉ်ဒေသများဖြစ်သည့် မန္တလေး၊ ပုဂံ၊ အင်းလေး စသည်တို့တွင်လည်း တွေ့ကြုံလာရသည်ဟု သိရှိရသည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis