menu

Sunday 19 January 2014

ကလေးစစ်သား စုဆောင်းသည့် တပ်မတော်အရာရှိနှင့် စစ်သည်နှစ်ရာကျော်အရေးယူ


အရွယ်မရောက်သေးသူ ကလေးသူငယ်များကို ကိုးနှစ်တာကာလအတွင်း စစ်သည်အဖြစ် စုဆောင်းခဲ့သည့် တပ်မတော်အရာရှိ ၄၀ နှင့် စစ်သည် ၂၂၉ ဦးတို့ကို တပ်မတော်စစ်စည်းကမ်းနှင့်အညီ အရေးယူခဲ့ ကြောင်း တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်သန်းစိုးက ပြောကြားသည်။

ဇန်န၀ါရီ ၁၈ ရက်တွင် တပ်မတော် စစ်ကြောရေးဌာနချုပ် (အုတ်ကျင်း)၌ ကျင်းပသည့် ငါးကြိမ်မြောက်ပြုလုပ်သော အရွယ်မရောက်သေးသူကလေးစစ်သားများ မိဘများထံအပ်နှံရေး အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သည်များကို မမှန်ကန်သောနည်းလမ်းဖြင့် စုဆောင်းခဲ့သည့် အရာရှိနှင့် စစ်သည်တစ်ဦးချင်းစီ၏ ပြစ်မှုအကြီး၊ အသေးကိုလိုက်၍ အချုပ်ကျ ခြင်း၊ နုတ်ထွက်ခွင့်ပေးခြင်းအပြင် ရာထူးတိုးပေးမှု ရပ်တန့်ထားခြင်း၊ အလုပ်ကြမ်းခိုင်းစေခြင်း၊ လစာဖြတ်တောက်ခြင်းတို့ဖြင့် အရေးယူခဲ့သည်ဟု သတင်းရရှိသည်။

အရေးယူခံထားရသည့် အရာရှိနှင့် စစ်သည်များအနက် အရေအတွက်မည်မျှ မည်သည့်ပုံစံ ဖြင့်အရေးယူခဲ့သည်ကို တပ်မတော်က သတင်းထုတ်ပြန်ခြင်းမရှိပေ။ ကလေးစစ်သား စုဆောင်းခြင်းမရှိစေရန်နှင့် ရှိနေပြီးသား ကလေးစစ်သည်များ နုတ်ထွက်ပေးခြင်းသဘောတူညီချက်စာချုပ်ကို ကုလသမဂ္ဂနှင့် မြန်မာအစိုးရအကြား လက်မှတ်ရေးထိုးမှုမရှိမီကတည်းက တပ်မတော်အတွင်း ၀င်ရောက်လာသော ကလေးငယ်များကို ၂၀၀၄ ခုနှစ်မှစတင်ပြီးစိစစ်ကာ နုတ်ထွက်ခွင့်ပေးခဲ့ကြောင်း တွဲဖက်စစ်ရေးချုပ်ဗိုလ်ချုပ်သန်းစိုးက ပြောကြားသည်။

၂၀၀၄ ခုနှစ်မှ သဘောတူညီချက်စာချုပ်မချုပ်ဆိုမီ ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်အထိ ကလေးသူငယ်များကို စစ်သည်အဖြစ်စုဆောင်းခဲ့သော အရာရှိ ၃၁ ဦး၊ စစ်သည် ၁၉၅ ဦး အရေးယူခဲ့သည်။  သဘောတူညီချက်စာချုပ်ချုပ်ဆိုပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ အရာရှိကိုးဦး၊ စစ်သည် ၃၄ ဦး အရေးယူခဲ့သည်။ ကိုးနှစ်တာကာလအတွင်း ၂၀၀၄-၁၃ အထိ ကလေးစစ်သည် ၈၀၅ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး မိဘများထံ ပြန်လည်အပ်နှံပေးခဲ့သည်။ တပ်မတော်သို့ တာဝန်ထမ်းဆောင်စဉ်က အသက်မပြည့်မီသော်လည်း နုတ်ထွက်မည့်အချိန်တွင် အသက် (၂၀)ကျော် (၂၇) နှစ်အတွင်းရှိနေသည်ကို တွေ့ရှိရသည်။ အသက်သတ်မှတ်ချက်ကျော်လွန်သော စစ်သည်အချို့က တပ်မတော်အတွင်း တာဝန်ထမ်းလိုသော်လည်း စိစစ်တွေ့ရှိမှုများအရ နုတ်ထွက်ရကြောင်း အခမ်းအနားသို့ တက်ရောက်လာသော မိဘများကပြောသည်။

အချို့စစ်သည်များမှာ တပ်မတော်မှအမှန်တကယ် နုတ်ထွက်လိုသည့် ဆန္ဒရှိသည်ကို တွေ့ရှိရပြီး တပ်မတော်မှအသက်မပြည့်မီ စစ်သားအဖြစ် တာဝန်ထမ်းဆောင်သောသူများတွင် မိမိသဘောဆန္ဒအရ တပ်မတော်သို့ ၀င်ရောက်သူများနှင့် တပ်မှပေါ်တာဆွဲခံရသူများလည်း ပါဝင်သည်။ ““ကျွန်မသားလေးက ပုဂံကနေ ရန်ကုန်ကို တက်သွားတုန်းက လမ်းမှာဆွဲခံရတာပါ။ သူဆွဲခံရတုန်းက အသက် (၁၇) နှစ်ပဲရှိ သေးတယ်။ သူနဲ့အဆက်သွယ်ရတော့ သူကသင်တန်းပြီးနေတာ တစ်နှစ်လောက်ရှိပြီ။

ပြန်လာထုတ်လို့ရတယ်ဆိုလို့ ကျွန်မတို့ကဆက်သွယ်ပြီး ပြန်လာထုတ်တာပါ”” ဟု ပခုက္ကူမြို့မှ အသက် (၅၀) အရွယ် မိခင်တစ်ဦးက ပြောကြားသည်။ တပ်မတော်မှနုတ်ထွက်ပြီးသော ကလေးသူငယ်များသည် အသက်ပြည့်၍ မိမိသဘောဆန္ဒအရ တပ်မတော်သို့ ၀င်ရောက်လိုသော်လည်း တပ်စည်းမျဉ်းစည်းကမ်းများအရ တပ်မတော်သို့ ပြန်လည်ဝင်ရောက်ခွင့်ပြုပေးခြင်းမရှိဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် တပ်မတော်အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

အစိုးရကတပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးစစ်သားများ လုံးဝမကျန်ရှိစေရေးစီမံချက်ကို ၁၈ လအတွင်း အပြီးသတ်အကောင်အထည်ဖော်ရန် ကုလသမဂ္ဂနှင့် သဘောတူညီစာချုပ်ချုပ်ဆိုထားသည်။

Author: အိဖြုမွန်၊ ခန့်ထက်
7 Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis