menu

Sunday 19 January 2014

မောင်တောတွင် ရဲတပ်ကြပ်ကြီးပျောက်ဆုံးခြင်းကြောင့် ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်


ကေဇူး| တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှု နှင့် ပတ်သက်၍ ဘင်္ဂလီ ၉ ဦးကို စစ်ဆေးလျှက်ရှိပြီး ထပ်မံဖမ်းဆီးမှုများလည်း ရှိသည်ဟု အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှုးဦးဝင်းမြိုင်က ဇန်န၀ါရီ ၁၉ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။

ဖမ်းဆီးစစ်ဆေး ခံရသူများ၏ ပြောဆိုချက်များအရ ထပ်မံဖမ်းဆီးမှုများ ရှိနေပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဒေသတွင်း တည်ငြိမ်လျှက်ရှိသည်ဟု ဆိုသည်။

“ဖမ်းထားတဲ့အထဲက တချို့ ပြန်လွတ်တာလဲရှိတယ်။ စစ်ဆေးပေါ်ပေါက်မှုအရ ထပ်မံပြီး ဖမ်းဆီးတာလဲရှိတယ် အရေအတွက် အတိအကျတော့ မပြောနိုင်သေးဘူး" ဟု ဦးဝင်းမြိုင်ကပြောသည်။

မောင်တောမြို့နယ်တွင် ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဒူးချီးရာတန်းကျေးရွာ ဗလီအနီးတွင် ရဲတပ်ကြပ် ယူနီဖောင်းအင်္ကျီကို တွေ့ရှိခဲ့သည်ဟု ဦးဝင်းမြိုင်ကဆိုသည်။


အဆိုပါ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဇန်န၀ါရီ ၁၈ရက်က ဘင်္ဂလီ ၈၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး ကျန်သူများကို ပြန်လည်လွှတ်ပေးကာ အမှုနှင့်သက်ဆိုင်သူဟု ယူဆရသူ ၉ ဦးကို ထပ်မံစစ်ဆေးမှုများပြုလုပ်ခဲ့သည် ဟု ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။

“သူတို့ပြောတဲ့သူတွေက တချို့လည်း အလွယ်တကူ ခေါ်လို့ရတယ်။ တချို့လည်းမတွေ့ဘူး ပုန်းနေတာတွေရှိတယ် ထပ်လိုက်နေရတယ်" ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။

မောင်တောမြို့ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒူးချီးရာတန်း ကျေးရွာတွင် ဘင်္ဂလီအမျိုးသမီး၁၇ ဦးနှင့် ကလေးငယ် ငါးဦး အကြမ်းဖက်သတ်ဖြတ်ခံရသည် ဟု AP သတင်းဌာနတွင် ဖော်ပြခဲ့ပြီး ယင်းသတင်းမှာ မှားယွင်းမှုဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ငြင်းဆိုထားသည်။

“သတင်းဌာနတွေက ဒီလိုသတင်းကို မတိကျဘဲရေးတယ် ၊သံရုံးတွေက အဲဒီသတင်းဌာနတွေကို ကိုးကားပြီး သဘောထားတွေ ထုတ်ပြန်တယ်ဆိုတော့ ကျွန်တော်တို့ကို ကူညီတာနဲ့ မတူတော့ဘူး ကမ္ဘာ့အလယ်မှာ မျာက်နှာပျက်အောင် ကြံရွယ်နေသလိုပဲ။ ဒါကြောင့်သံရုံးတွေ အနေနဲ့လည်း အင်တာနက်က သတင်းတွေကို မယူဘဲ ရခိုင်အရေး သတင်းထုတ်ပြန်ချင်ရင် တိကျအောင် မြေပြင်ဆင်းပြီး လေ့လာပါလို့ ပြောချင်တယ်" ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကဆိုသည်။

အဆိုပါသတင်းဖော်ပြမှုများနှင့်ပြီး ဒေသတွင်းဆူပူမှု မဖြစ်သော်လည်း လုံခြုံရေးများ တိုးမြင့်ချထားရသည် ဟု ဦးဝင်းမြိုင်ကပြောသည်။

“ကျေးရွာတွေဘက်မှာ ဖြစ်တယ်ဆိုပေမယ့် မြို့ပေါ်မှာလည်း စိုးရိမ်မှုတွေတော့ရှိတယ်။ ဒေသက တည်ငြိမ်မယ် ကြံလိုက် ပြန်ဖြစ်လိုက်နဲ့ ဆိုတော့ လူတွေက ဒေသမှာ သိပ်မနေချင်ကြတော့ဘူး” ဟု
မောင်တော အမျိုးသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ဆိုသည်။

ဇန်နဝါရီ ၁၃ရက်က မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ငါးဦးသည် ဆယ်အိမ်မှုး ဦးအောင်သန်းတို့သည် ဒူးချီးရာတန်း(ဘင်္ဂလီရွာ)သို့ ရောက်ရှိခဲ့ရာ
ကျေးရွာတွင်းရှိ ဘင်္ဂလီလူအုပ်စု နှင့် တိုက်ခိုက်မှုဖြစ်ပွားပြီး ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ ကင်းလှည့်အဖွဲ့နှင့် ပိတ်မိကျန်ခဲ့သည်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်က စစ်တွေမြို့ ဘင်္ဂလီ ဒုက္ခသည် စခန်းတွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်သားတစ်ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရှိကြောင်း ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis