menu

Monday 17 February 2014

တဲပေါ်က တိုက်ပေါ်မတင် ကျူးကိုဖယ် ခရိုနီလက်အပ်

Photo: တဲပေါ်က တိုက်ပေါ်မတင် ကျူးကိုဖယ် ခရိုနီလက်အပ်

၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူများ၏ နေအိမ်များအား အင်အားသုံး ဖျက်ဆီးဖယ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ဖျက်ဆီးခံရသည့် ကျူးကျော်အိမ်ခြေ စုစုပေါင်းမှာ ငါးထောင်နီးပါးခန့် ရှိလာပြီဖြစ်သော်လည်း အိမ်ခြေ ၇ဝဝဝ ခန့်အား ထပ်မံဖျက်ဆီးဖယ်ရှားရန် အမိန့်စာ ထုတ်ပြန်ထားကြောင်း သိရသည်။

ယခင် စစ်အစိုးရလက်ထက်က ထင်ရှားသော စီမံကိန်းတစ်ခုမှာ ‘တဲပေါ်မှ တိုက်ပေါ်သို့’ ဆိုသည့် စီမံကိန်းဖြစ်ပြီး ယင်းစနစ်မှာ အကောင်အထည်ဖော်မည့် မြေနေရာတွင် လုပ်ငန်းရှင်များကို အဆောက်အအုံ ဆောက်လုပ်စေခြင်းဖြစ်ပြီး ပြီးစီးပါက မူလနေထိုင်သူများကို အခန်းများ ပြန်ပေးခဲ့သည့် ပုံစံဖြစ်သည်။ အဆိုပါ စနစ်အား ၁၉၉၇ ခုနှစ်ခန့်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဦးဆောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တဲပေါ်မှ တိုက်ပေါ်တင်ခဲ့သည့် အိမ်ရာစီမံ ကိန်းရှစ်ခုမှာ လှိုင်မြို့နယ် (လှိုင်ရတနာ အဆင့်မြင့်အိမ်ရာ စီမံကိန်း) နှင့် (လှိုင်မြင့်မိုရ် အိမ်ရာစီမံကိန်း)၊ ကမာရွတ်မြို့နယ် (မြကန်သာအိမ်ရာ စီမံကိန်း)၊ ဗဟန်းမြို့နယ် (ရွှေဂုံရိပ်မွန် အိမ်ရာစီမံကိန်း)၊ ကြည့်မြင်တိုင်မြို့နယ် (ပန်းလှိုင်အိမ်ရာ စီမံကိန်း)၊ ကမာရွတ်မြို့နယ် (ပြည်ရိပ်မွန်အိမ်ရာ စီမံကိန်း)၊ သာကေတမြို့နယ် (ရှုခင်းသာအိမ်ရာ စီမံကိန်း)၊ ဒေါပုံမြို့နယ် (ယမုံနာအိမ်ရာ စီမံကိန်း) တို့ဖြစ်ကြသည်။ ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း ယခင်တဲပေါ်မှ တိုက်ပေါ်တင် စီမံကိန်းများစွာကို အကောင်အထည် ဖော်ခဲ့ဖူးကြောင်း သိရသည်။

ယင်းသို့ တဲပေါ်မှ တိုက်ပေါ်တင်သည့် စနစ်နဲ့ပတ်သက်၍ ယခင်စီမံကိန်းများမှ တွေ့ရှိသည့် အတွေ့အကြုံများအရ စီမံကိန်း မြေနေရာများသည် ပုဂ္ဂလိကပိုင် မြေများဖြစ်၍ ထိုမြေများပေါ်တွင် နေထိုင်သူများ အနေဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် နေထိုင်ကြပြီး စီမံကိန်း အောင်မြင်ရရှိရန်အတွက် သဘောမတူညီသူအချို့ကို ဖယ်ရှားရခြင်း၊ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တိုင်ကြားကန့်ကွက်ခြင်းများ ရှိခြင်းကြောင့် ယခုနောက်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ပုဂ္ဂလိကပိုင် မြေများပေါ်၌ တဲပေါ်မှတိုက်ပေါ်တင် စီမံကိန်းများကို ပြုလုပ်ပေးနိုင်ခြင်း မရှိတော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

လက်ရှိ ရန်ကုန်မြို့တော်အတွင်း ကျူးကျော်နေထိုင်သူများ တစ်စတစ်စ များပြားလျက်ရှိရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်တီကလည်း စည်ပင်ပိုင်မြေပေါ် ကျူးကျော်သူများ ဖယ်ရှားခဲ့ပြီး ဥပဒေအရ အရေးယူမည်ဟုလည်း အသိပေးကြေညာခဲ့သည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း များပြားလာသည့် ကျူးကျော်များအပေါ် ဥပဒေအရ ဖြေရှင်းခြင်းနည်းလမ်းဖြင့်သာ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းနောက်ပိုင်း နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့်ခွန်းတွင် ကျူးကျော်များအတွက် နေထိုင်ခွင့်ရရှိရန် စီစဉ်ပေးမည်ဟုလည်း ပါရှိလာကြောင်း၊ သို့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်များကို နေရာစီစဉ်ပေးရန်မှာ ယခုအချိန်အထိ အစီအစဉ် မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် တွံ့တေးမြို့နယ် ပန်းလှိုင်တံတားအောက်ခြေနှင့် လှိုင်သာယာ-တွံ့တေးကားလမ်းမပေါ်ရှိ ကျူးကျော်တဲ ၂ဝဝဝ ကျော်ခန့်ကို စတင်ဖယ်ရှားခဲ့ပြီး ဆက်တိုက်ဆိုသလို ဇန်နဝါရီ ၂၁၊ ၂၂၊ ၂၃ ရက်များတွင် လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမနှင့် ရွှေလင်ဗန်းစက်မှုဇုန်အနီး ရွှေလင်ဗန်းချောင်းဝန်းကျင်ရှိ ကျူးကျော်တဲ ၁ဝဝဝ ကျော်ခန့်ကို အစိုးရအဖွဲ့က လူအင်အား ၁ဝဝဝ နီးပါးဖြင့် ထပ်မံဖျက်သိမ်းခဲ့သည်။

ထို့အတူ လှည်းကူးမြို့နယ်တွင် အိမ်ခြေ ၄ဝဝ နီးပါးရှိသည့် သမီးကလေးကျေးရွာအား တပ်ပိုင်မြေတွင် ပါဝင်သည်ဟုဆိုကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ရွာလုံးကျွတ် ဖယ်ရှားပေးရန် အမိန့်ထုတ်စာအား ဇန်နဝါရီလအတွင်း အမိန့်စာထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် ရွာလုံးကျွတ် ဖျက်ဆီးဖယ်ရှား ခံခဲ့ရသည်။ ထို့ပြင် ဖယ်ရှားခံ ရွာသူရွာသားများမှာ ပဲခူးတိုင်းအတွင်းရှိ အောင်သိဒ္မိ ဘုန်းကြီးကျောင်းတွင် မှီခိုနေရပြီး ယင်းကဲ့သို့ မှီခိုမှုကိုပင် ပဲခူးတိုင်းဒေသကြီး အစိုးရက လက်မခံဘဲ တိုင်းဒေသကြီးအတွင်းမှ ထွက်ခွာပေးရန် သတိပေးပြောကြားမှုများ ရှိခဲ့သည်။

သမီးကလေးကျေးရွာအား ရွာလုံးကျွတ် ဖယ်ရှားခိုင်းပြီးနောက် ဆက်တိုက်ဆိုသလိုပင် ဖေဖော်ဝါရီ ၇ ရက်တွင် အင်းစိန်မြို့နယ် ဈေးကုန်းအရှေ့ရပ်ကွက်ရှိ မီးရထားပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်ကြသည့် အိမ်ခြေ ၃ဝဝ ကျော်အနက် အိမ်ခြေ ၂ဝ ကျော်အား တတိယအကြိမ် ဖျက်ဆီးဖယ်ရှားခဲ့ပြီး ယင်းရှေ့တွင်လည်း အိမ်ခြေ ၆၂ လုံးကို နှစ်ကြိမ်ဖျက်ဆီးဖယ်ရှား ခံခဲ့ရကြောင်းလည်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သက်ဆိုင်ရာ အာဏာပိုင်များက သန်လျင်မြို့နယ် ဇာမဏီအင်း ရေလှောင်တမံ ဧရိယာရှိ ကျူးကျော်အိမ် ၂ဝဝဝ ကျော်ခန့်အား ဆည်မြောင်းဦးစီးဌာနပိုင်မြေဟုဆိုကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် နောက်ဆုံးပြောင်းရွှေ့ပေးရန် အမိန့်စာထုတ်ပြန်မှုနှင့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၁၊ ၆၇၊ ၉၃ ရပ်ကွက်ရှိ အိမ်ခြေ ၅ဝဝဝ ကျော်ခန့်တို့အား ၁၆ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် အမိန့်စာ ထုတ်ပြန်မှုများကို ဆက်တိုက်ဆိုသလို ပြုလုပ်လာသည်။

မြန်မာနိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၆၁ဝဝဝ ကျယ်ဝန်းသည့် နိုင်ငံဖြစ်သော်လည်း သောင်းဂဏန်းမျှသာရှိသော နိုင်ငံသားစစ်စစ် မြေယာမဲ့များအတွက် နေစရာမပေးနိုင်သော အခြေအနေ ဖြစ်နေသည့်အပြင် တရားဝင်ပိုင်ဆိုင်ခဲ့သော တောင်သူ၊ ပြည်သူများထံမှ မြေများကိုပင် တပ်မတော်မှ ဧကပေါင်း ၃၂ဝဝဝဝ ကျော်၊ နိုင်ငံတော်ပိုင် စီမံကိန်းများအတွက် ခေါင်းစဉ်ဖြင့် ဧကပေါင်း ၄၁ဝဝဝ ကျော် မြို့ပြများ တိုးချဲ့တည်ဆောက်ရေးနှင့် စက်မှုဇုန်များ တည်ဆောက်ရေးခေါင်းစဉ်ဖြင့် မြေဧက ၆၁ဝဝဝ ကျော်၊ နိုင်ငံနှင့်လည်းမဆိုင် တပ်မတော်နှင့်လည်း မသက်ဆိုင်ဘဲ ပုဂ္ဂလိက ခရိုနီကုမ္ပဏီများက သိမ်းဆည်းထားသည့် မြေဧက ၉ဝဝဝဝ နီးပါးအထိ ရှိနေသည်ဟု သိရသည်။

မြေယာမဲ့ နိုင်ငံသားများမှာ လွတ်ကင်းရာ နယ်မြေများတွင် အလျဉ်းသင့်သလို နေထိုင်ခဲ့ကြရာတွင် အချို့သည် နှစ်ပေါင်း ၂ဝ မှ ၃ဝ နှစ်အတွင်း ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအချိန်ကျမှ စီမံကိန်း၊ တပ်ပိုင်၊ ကုမ္ပဏီပိုင်ဟုဆိုကာ နိုင်ငံသားစစ်စစ် မြေယာမဲ့များကို ကျူးကျော်ခေါင်းစဉ်ဖြင့် အင်အားသုံး ဖယ်ရှားနေခြင်းဖြစ်သည်။

အဆိုပါ မြေသိမ်း၊ ယာသိမ်း ခေါင်းစဉ်များအနက် ခရိုနီကုမ္ပဏီများ သိမ်းယူခဲ့သော မြေသိမ်းမှုများတွင် ရွှေတောင်ကုမ္ပဏီက မြစိမ်းရောင် စက်မှုဇုန်အတွက်ဟုဆိုကာ တောင်သူများ၏ လယ်ယာမြေဧက ၁၁ဝ ကျော်ကို လည်းကောင်း၊ ဇေကမ္ဘာကုမ္ပဏီကလည်း စက်မှုဇုန်အတွက်ဟုဆိုကာ တောင်သူများထံမှ ဧက ၁၇၄ဝ ကျော်ကို လည်းကောင်း၊ ဝါဝါဝင်းကုမ္ပဏီက လယ်မြေ ၉၅၆ ဧကကို လည်းကောင်း၊ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၃၆၄ ဧကကို စိုက်ပျိုးရန်အတွက်ဟု လည်းကောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကလည်း ငွေပင်လယ် ရေလုပ်ငန်းဇုန် အပါအဝင် စီမံကိန်းများစွာ ဧကများစွာကို လည်းကောင်း၊ ရွှေသံလွင် ကုမ္ပဏီကလည်း မြေဧက ၁၃ဝဝ ကျော်ကို လည်းကောင်း စသည့်ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီပေါင်း ၅ဝ ဝန်းကျင်တည်းနှင့် ဧက ၉ဝဝဝဝဝ နီးပါးကို သိမ်းယူခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အင်အားသုံးဖယ်ရှားခြင်း ခံရသော နေရာအချို့တွင် နေထိုင်သူများမှာ နယ်တွင်လုပ်ကိုင်စားသောက်ရန် အဆင်မပြေသောကြောင့် ပြောင်းရွှေ့လာကြသူများနှင့် အချို့မှာ မြစ်ဝကျွန်းပေါ်ဒေသ၌ သဘာဝဘေးဒဏ် ခံစားရပြီးနောက် ထွက်ပြေးလာရသူများ ဖြစ်ကြသည်။

လှိုင်သာယာ-တွံတေးလမ်းမဘေးတွင် နေထိုင်ရင်း ဖယ်ရှားခံခဲ့ရသူ တစ်ဦးက “ဘယ်တတ်နိုင်မလဲ၊ ပြောင်းဖို့မှ အဆင်မပြေတာ။ လမ်းဘေးမှာ တဲထိုးနေနေရတာပေါ့။ ပိုက်ဆံလေးစုပြီး အိမ်ငှားနိုင်တော့မှပဲ ပြန်ပြောင်းရမယ်။ နဂိုအိမ်ဆောက်ပစ္စည်းတွေကလည်း ဖျက်ပစ်လို့ကုန်ပြီ” ဟု ရွှေလင်ပန်းချောင်းအနီးရှိ ကျူးကျော်နေထိုင်သူတစ်ဦးက ဆိုသည်။

ယင်းသို့ ကျူးကျော်နေအိမ်များအား ဖျက်ဆီးခံရပြီး လမ်းဘေးတွင် နေထိုင်နေသည့် ဖယ်ရှားခံရသူများသည် ပြောင်းရွှေ့ရန် အဆင်မပြေမှုကြောင့် လှိုင်သာယာရွှေလင်ဗန်း ချောင်းအနီးတွင် တဲထိုးကာ နေထိုင်ရမှုများလည်း ရှိနေသည်။

ထို့ပြင် ယင်းကဲ့သို့ ကျူးကျော်နေထိုင်သူများကို နိုင်ငံရေးပါတီချို့၏ အောက်ခြေပါတီဝင်များမှ အိမ်ထောင်စုစာရင်းအတုများ ထုတ်ပေးပြီး ငွေကြေးကောက်ခံခြင်း၊ ဗွီနိုင်းပိုစတာများ ထုတ်ပေးပြီး ငွေကြေးကောက်ခံခြင်း၊ ဆက်လက်နေထိုင်ရန် ပြောဆိုပေးမည်ဟုဆိုကာ ငွေကြေးကောက်ခံခြင်း၊ မြေကွက်များကို လက်ညှိထိုး ရောင်းစားခြင်းများ ပြုလုပ်နေပြီး အမှန်တကယ် ကျူးကျော်အိမ်များ ပြောင်းရွှေ့ရသောအခါ အဆိုပါလူများမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ကျူးကျော်နေထိုင်သူများ ပြောကြားချက်များအရ သိရသည်။

“ဘယ်ပါတီကဆိုပြီး ဗွီနိုင်းလာကပ်သွားတာပဲ။ ဆက်နေဖို့ ပြောပေးမယ်ဆိုပြီး ပိုက်ဆံ ၁၅ဝဝ ပေးလိုက်ရတယ်။ နောက်ပြီး ကျွန်မတို့ အခုနေတဲ့ အကွက်တွေကလည်း တစ်ကွက်နှစ်သိန်း ပေးဝယ်ထားရတာ” ဟု ဒဂုံဆိပ်ကမ်း ၆၁ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် မြို့နယ်အသီးသီးအလိုက် အိမ်ခန်းငှားရမ်းခ အဆမတန် ကြီးမြင့်နေမှုကြောင့် ယခုကဲ့သို့ ကျူးကျော်ပြဿနာ ပေါ်ပေါက်နေရခြင်းဖြစ်ပြီး အစိုးရ အပြောင်းအလဲတွင် တိုင်းဒေသကြီးအတွင်းရှိ အစိုးရပိုင် မြေနေရာများပါမကျန် မြေကွက်လွတ်များမှာလည်း အစိုးရနှင့်နီးစပ်သော ခရိုနီများကသာ လက်ဝါးကြီးအုပ် ရယူထားသည်။

အလားတူ ရန်ကုန်မြို့ရှိ အချက်အချာကျ နေရာများရှိ မြေကွက်များမှာလည်း ခရိုနီကုမ္ပဏီ ၂ဝ လောက်မှ အားလုံးခွဲဝေ ရယူထားခြင်းဖြစ်သည်။ လက်ရှိ ကျူးကျော်များကို ဖယ်ရှားပြီးပါကလည်း အဆိုပါ မြေကွက်များမှာ ခရိုနီများလက်သို့သာ ရောက်ရှိသွားမည်ပင်ဖြစ်သည်။

နိုင်ငံတော်သမ္မတ အနေဖြင့် ရေဒီယိုမိန့်ခွန်းတွင် ကျူးကျော်များအတွက် နေထိုင်ခွင့်ရရှိရန် စီစဉ်ပေးမည်ဟု ပြောဆိုထားသော်လည်း မြန်မာနိုင်ငံ အနှံ့အပြားရှိ မြေယာသိမ်းယူမှု အများအပြားတွင် သမ္မတနှင့် နီးစပ်သူများ၊ အကြံပေးအဖွဲ့ဝင်များ၊ ခေတ်အဆက်ဆက် အစိုးရကို ခါးပိုက်ထဲတွင် ထည့်ထားနိုင်သူများ ပါဝင်သောကြောင့် အိမ်ရာမဲ့များအတွက် မျှော်လင့်ချက်မှာ မရှိသလောက်ဟုပင် ဆိုရမည်ဖြစ်သည်။

အာဏာရှင် စစ်အစိုးရလက်ထက်မှ အရပ်သားဒီမိုကရေစီအစိုးရ အပြောင်းအလဲကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် အခြေအနေတွင် မြေယာပဋိပက္ခပြဿနာ ပိုမိုကြီးထွားလာခဲ့ခြင်းဖြစ်သည်။ ခရိုနီများအနေနှင့် ခေတ်အဆက်ဆက် မတရားအခွင့်အရေး ရယူခဲ့ကြပြီးနောက်တွင် ယခုအရပ်သားအစိုးရ လက်ထက်၌လည်း ပြည်ပမှ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် မြေယာပဋိပက္ခနောက်တွင် ကြိုးကိုင်နေကြခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအား မြေယာစီမံခန့်ခွဲမှု ပေးခဲ့ပြီးနောက်တွင် လယ်ယာမြေပြဿနာ ပိုမိုရှုပ်ထွေးလာခြင်းဖြစ်ပြီး ငွေကြေးအင်အား တတ်နိုင်သည့် ခရိုနီများကို လွန်ဆန်နိုင်ခြင်း မရှိသော အစိုးရဝန်ထမ်းများ၏ တစ်ဖက်စောင်းနင်း ဆက်ဆံမှုများကြောင့် နေထိုင်ရန်ပင် မရှိတော့ဘဲ အိမ်ရာမဲ့ဖြစ်လာသူ ဦးရေမှာ ဆက်လက်မြင့်တက်နေဦးမည်သာ ဖြစ်သည်။ ယခင်က ဆင်းရဲသား ပြည်သူလူထုအတွက် မျှော်လင့်ချက် ဖြစ်စေခဲ့သည့် တဲပေါ်မှတိုက်ပေါ်သို့ စီမံကိန်းသဏ္ဌာန် ယခုအစိုးရလက်ထက်တွင် အကောင်အထည်ဖော်နေသော တန်ဖိုးနည်းအိမ်ရာ ဆိုသည်မှာလည်း လက်လုပ်လက်စား သာမန်ဝန်ထမ်းများ အတွက်မက ညွှန်ကြားရေးမှူးကဲ့သို့သော ရာထူးကြီး ဝန်ထမ်းများအတွက်ပင် မျှော်လင့်ချက်နည်းပါးသည့် စီမံချက်ပင် ဖြစ်သည်။ ယင်းသို့သော အခြေအနေတွင် ဆင်းရဲသား လူတန်းစားများ နေထိုင်သော မြို့စွန်၊ မြို့ဖျား ကျေးရွာများအား စီမံကိန်းအကြောင်းပြ၊ လုပ်ပိုင်ခွင့်အကြောင်းပြ၊ နည်းမျိုးစုံအကြောင်းပြ သိမ်းယူပြီး ခရိုနီလက်သို့ ထိုးအပ်နေသော ဒေသဆိုင်ရာ အာဏာပိုင်များ၏ လုပ်ရပ်မှာ မေးခွန်းထုတ်စရာပင် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ဗန်းစက်မှုဇုန်မှ ကျူးကျော်များအား သက်ဆိုင်ရာက ရှင်းလင်းမှုပြုလုပ်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis