menu

Monday 17 February 2014

အမျိုးသမီးနှစ်ဦး အက်ဆစ်ဖြင့် အပက်ခံရမှု ထပ်မံဖြစ်ပွား


ဇော်ဇော်ထွေး| တနင်္လာနေ့၊ ဖေဖော်ဝါရီလ ၁၇ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ အမျိုးသမီးတစ်ဦး ခေတ္တကွဲနေသည့် ခင်းပွန်းဖြစ်သူထံ ကလေးသွားရောက်ခေါ်ဆောင်စဉ် အက်စစ်ဖြင့် အပက်ခံလိုက်ရသည့် ဖြစ်စဉ်နည်းတူ ခင်ပွန်းဖြစ်သူထံ ကလေးသွားရောက်ခေါ်ဆောင်သည့် အမျိုးသမီးနှင့် သူငယ်ချင်းတစ်ဦး
အက်ဆစ်ဖြင့် အပက်ခံရမှုဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၅ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်တွင် မွန်းလွဲ ၃ နာရီက လှိုင်မြို့နယ် (၁၂)ရပ်ကွက်နေ မခင်မြတ်မွန်သည် သူငယ်ချင်းဖြစ်သူ မခင်ဝေဝေလွင်နှင့်အတူ ခင်ပွန်းဖြစ်သူထံ ကလေးသွားရောက်ခေါ်ယူစဉ် မခင်မြတ်မွန်၏ ခင်ပွန်းက အက်ဆစ်ဖြင့် ပက်လိုက်ခြင်းဖြစ်သည်။

မခင်မြတ်မွန်သည် ခင်ပွန်းဖြစ်သူ ဝဏ္ဏထွန်း (စုံစမ်းဆဲ)က ကလေးပေးမည်ဟု ပြောဆိုသဖြင့် လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက်ရှိ ခင်ပွန်းဖြစ်သူ နေအိမ်သို့ သွားရောက်စဉ် အက်စစ်ဖြင့် အပတ်ခံလိုက်ရသည်ဟုလည်း ရဲစခန်းတွင် အမှုဖွင့်ရာ၌ ထွက်ဆိုထားကြသည်။



ခင်ပွန်းဖြစ်သူ ဝဏ္ဏထွန်းက အက်စစ်နှင့် ပက်သဖြင့် မခင်မြတ်မွန်နှင့် မခင်ဝေဝေလွင်တို့တွင် ဝဲပါး၊ လက်၊ ခြေထောက်၊ ဦးခေါင်း၊ ရင်ဘက်၊ ဝမ်းဗိုက်တို့တွင် အက်ဆစ်လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ဖြင့် အင်းစိန်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် တင်ပို့
ကုသခဲ့ရသည်။

ထို့ကြောင့် သမီးဖြစ်သူနှင့် သမီးသူငယ်ချင်းတို့ကို အက်စစ်ဖြင့်ပက်သည့် ဝဏ္ဏထွန်းကို အရေးယူပေးရန် မခင်မြတ်မွန်၏ မိခင်ဖြစ်သူ ဒေါ်ဥမ္မာအောင်က အမှုဖွင့် တိုင်တန်းလိုက်ခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို လှိုင်သာယာရဲစခန်းက (ပ)၁၉၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် ဆောင်ရွက်လျက်ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ဖေဖော်ဝါရီ ၁၀ ရက်ကလည်း အင်းစိန်မြို့နယ်တွင် ခေတ္တကွဲနေသည့် ခင်ပွန်းဖြစ်သူက ကလေးလာရောက်ခေါ်ယူရန် အကြောင်းကြားသဖြင့် သွားရောက်ခေါ်ဆောင်သည့် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အက်စစ်ဖြင့် ဖြန်းပက်ခံရမှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကိုလည်း အင်းစိန်ရဲစခန်းက (ပ)၁၃၉/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis