menu

Monday 17 February 2014

ရဲတပ်ဖွဲ့ တားမြစ်သဖြင့် ဝန်ကြီး ဦးအုန်းမြင့် နုတ်ထွက် အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒပြပွဲပျက်

Photo: ရဲတပ်ဖွဲ့ တားမြစ်သဖြင့် ဝန်ကြီး ဦးအုန်းမြင့် နုတ်ထွက် အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒပြပွဲပျက်

မန္တလေး၊ ဖေဖော်ဝါရီ ၁၆

မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ၂၆ ဘီလမ်း၊ မြို့တော် ဥယျာဉ်အနီးတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်ကို နုတ်ထွက် အရေးယူပေးရန် ခွင့်ပြုချက်မရဘဲ တစ်ကိုယ်တော် ဆန္ဒပြသူ ဦးအေးသိန်းကို ရဲတပ်ဖွဲ့က တားမြစ်သဖြင့် ဆန္ဒပြပွဲ ပျက်ပြယ်ခဲ့ကြောင်း အဆိုပါ ဆန္ဒပြမှုကို သွားရောက် ကြည့်ရှုကြသူများက ပြောကြားသည်။

“ခွင့်ပြုချက် မပေးထားပါဘူး” ဟု ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဦးအေးသိန်း၏ တစ်ကိုယ်တော် ဆန္ဒပြမှုကို မြို့နယ် ရဲတပ်ဖွဲ့က ခွင့်မပြုသော်လည်း ၎င်းက မြို့နယ် ရဲတပ်ဖွဲ့ထံ မေတ္တာရပ်ခံကာ လာရောက် သတင်းယူသူ သတင်းသမားများနှင့် လာရောက် ကြည့်ရှုများကို ၁၀ မိနစ်ခန့်  ပန်ကြားလွှာ ဖတ်ကြားခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်သည် မကွေးတိုင်းဒေသကြီး သစ်ရာကောက် ကျေးရွာတွင် ပြောကြားခဲ့သော စကားရပ်များသည် တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို  စော်ကား ခြိမ်းခြောက်သော စကားရပ်များ ဖြစ်ပြီး နိုင်ငံတော် အစိုးရအပေါ် ပြည်သူလူထုက အယုံအကြည် အကြည်အညို ကင်းမဲ့စေရန် ကျူးလွန်နေခြင်းကို နိုင်ငံတော် အစိုးရက ဝန်ကြီး ဦးအုန်းမြင့်အား တာဝန်မှ ရပ်စဲပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၄ ပုဒ်မ ၅၀၅ (ခ) ပုဒ်မ ၅၀၆ တို့ဖြင့် အရေးယူပေးရန် တောင်းဆိုကြောင်း ဦးအေးသိန်းက ပြောကြားသည်။

ယင်းတစ်ကိုယ်တော် ဆန္ဒပြသူ  ဦးအေးသိန်း တင်ပြသည့် ကိစ္စသည်  လူပုဂ္ဂိုလ် တစ်ယောက်၏ ပြောကြားခဲ့သည့် အချက်ကို အခြေခံခြင်းနှင့် အဖြစ်မှန် တိတိကျကျ မသိဘဲ  အဆိုပါ ပုဂ္ဂိုလ်၏ ကိုယ်ရေးသိက္ခာကို ထိခိုက်သည့် ကိစ္စဖြစ်ခြင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကသာ စိစစ် ဆုံးဖြတ်ရမည့် ကိစ္စဖြစ်နေခြင်း၊ ဆန္ဒပြခွင့် လျှောက်ထားသည့် နေရာသည် အများပြည်သူ အဓိက သွားလာသော လမ်းမကြီး ဖြစ်၍ အများပြည်သူ အတွက် အနှောင့်အယှက် ဖြစ်ခြင်း၊ လျှောက်ထားသူသည် မိမိမြို့နယ်မှ မဟုတ်ဘဲ သပိတ်ကျင်း မြို့နယ်မှ ဖြစ်ပြီး နယ်ကျော် လာရောက် ဆန္ဒပြခွင့် တောင်းခံခြင်း စသည့် အချက်များကြောင့် ငြင်းပယ်ရခြင်း ဖြစ်ကြောင်း  ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ငြင်းပယ် စာအရ  သိရှိရသည်။

ယင်းဆန္ဒပြသူ ဦးအေးသိန်းသည် ရဲတပ်ဖွဲ့က မေတ္တာရပ်ခံသဖြင့် ပန်ကြားလွှာ ဖတ်အပြီးတွင် အဆိုပါ နေရာမှ အေးဆေးစွာ ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဦးအေးသိန်းမှာ မြရည်နန္ဒာ ကျူးကျော် ကိစ္စနှင့် ပတ်သက်၍ ပြစ်မှု ပုဒ်မ ၄၄၇/ ၃၅၃ နှင့် ၁၁၄ တို့ဖြင့် တရား ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ကိုင်းတန်းဈေးမ ရွှေ့ပြောင်းရေးနှင့် ပတ်သက်၍ ပုဒ်မ ၁၈ နှင့် ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့် ခံထားရပြီး လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis