menu

Monday 17 February 2014

တရုတ်၊ ထိုင်းကုမ္ပဏီများနှင့် ရွှေတောင်၊ Asia World၊ IGE စသည့်မြန်မာကုမ္ပဏီများ၏ သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေကာတာစီမံကိန်း ခြောက်ခုကို အကြောင်းပြု၍ သစ်ခိုးထုတ်မှုများရှိနေ


တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအတွက် အဓိကအကျိုးဖြစ်ထွန်းပြီး ယင်းနိုင်ငံများမှ ကုမ္ပဏီများနှင့် မြန်မာနိုင်ငံရှိ ရွှေတောင်၊ Asia World နှင့် IGE ကုမ္ပဏီများက တည်ဆောက်ရန် လုပ်ဆောင်နေသည့် သံလွင်မြစ်ကြောင်းပေါ်ရှိ ရေကာတာစီမံကိန်း ခြောက်ခုအား အကြောင်းပြု၍ ဒေသခံ ကုမ္ပဏီအချို့က သစ်ခိုးထုတ်မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အဆိုပါစီမံကိန်းများ ပြန်လည်သုံးသပ်ရေးအတွက် လုပ်ဆောင်နေသည့် Karen Rivers Watch အဖွဲ့မှ စောသာဘိုးဆိုသည်။

“ကုမ္ပဏီကြီးတွေကို မပြောလိုပါဘူး။ ဒါပေမဲ့ စီမံကိန်းကို အကြောင်းပြပြီး နေရာအတော်များများမှာ ဒေသခံ ကုမ္ပဏီအချို့က သစ်ခိုးထုတ်မှုတွေ လုပ်နေကြတယ်။ တချို့ဒေသတွေဆို သစ်တောတွေက ကုန်သလောက်ဖြစ်နေပြီ” ဟု စောသာဘိုးကဆိုသည်။

ကီလိုမီတာ ၂၈၂ဝ ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံးမြစ်များတွင် အဆင့် ၂၆ နေရာ၌ သတ်မှတ်ခြင်းခံထားရသော သံလွင်မြစ်ပေါ်တွင် ရေကာတာခြောက်ခု တည်ဆောက်မည်ဖြစ်ကာ ရှမ်းပြည်နယ်တွင် ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာ၊ တာဆန်း (ခ) မိုင်းတုံးရေကာတာ၊ ကယားပြည်နယ်တွင် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ် ဟက်ကြီးရေကာတာတို့ ဖြစ်ကြသည်။


အဆိုပါ စီမံကိန်းများတွင် ပါဝင်သော ကုမ္ပဏီများမှာ တရုတ်နိုင်ငံမှ Hanergy Holding Comapany၊ Hydrochina Corporation၊ China Three Corporation၊ China Datang Over Seas Investment၊ Sinohytro၊ ထိုင်းနိုင်ငံမှ EGAT International Co,Ltd ၊ မြန်မာနိုင်ငံမှ ရွှေတောင်၊ Asia World နှင့် IGE ကုမ္ပဏီများ ပါဝင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကာတာစီမံကိန်း ခြောက်ခုမှ ထွက်ရှိမည့် ရေအားလျှပ်စစ်၏ ရာခိုင်နှုန်း ၉ဝ အား တရုတ်၊ ထိုင်းနိုင်ငံများမှ ရရှိမည်ဖြစ်ပြီး ယင်းစီမံကိန်းခြောက်ခုကြောင့် မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက သုံးသပ်ထားသည်။

ထို့အတူ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသခံများ ဆိုးကျိုးများ ခံစားရနိုင်ခြင်းကြောင့် စီမံကိန်းအား ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများ အလိုမရှိကြောင်းနှင့် ရပ်တန့်ရန်အတွက် ပြည်သူများအကြား ဆန္ဒပြုလက်မှတ်ရေးထိုး လှုပ်ရှားမှုများ ပြုလုပ်နေပြီး ရရှိလာသော လက်မှတ်များကို နိုင်ငံတော်သမ္မတနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ မတ် ၁၄ ရက် အပြည်ပြည်ဆိုင်ရာ ရေကာတာဆန့်ကျင်ရေးနေ့တွင် တင်ပြသွားမည်ဖြစ်ပြီး အစိုးရအဖွဲ့များအပြင် တရုတ်၊ ထိုင်းနှင့် အဆိုပါစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ၊ World Bank၊ ADB တို့ထံသို့လည်း တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis