menu

Thursday 13 February 2014

နံရံပေါ်မှ မျက်လုံးများ

Written by  ကျော်ဦးနိုင်

ပြောလေ့ပြောထ ရှိသည်မှာ နံရံများတွင် နားတွေရှိသည် ဟူ၍ ဖြစ်သည်။ သို့သော် ယခုအခါ အမျိုးမျိုး အဖုံဖုံသော အကြောင်းများကြောင့် နံရံများပေါ်တွင် မျက်လုံးများ တပ်ဆင်လာကြပြီ ဖြစ်သည်။
(က)
ဂျင်းဘောင်းဘီနှင့် အင်္ကျီဖြူနီ ကွက်ကျား ဝတ်ဆင်ထားသည့် အသက် ၂၀ ကျော် အမျိုးသား တစ်ဦးသည် ဖုန်းဆိုင် တစ်ခုအတွင်း မိုဘိုင်းလ်ဖုန်းများကို အကြိမ်ကြိမ်အခါခါ မေးမြန်းစမ်းသပ်ရင်း အရောင်းကောင်တာမှ ငါးပေခန့်သာ ကွာဝေးသည့် ထိုင်ခုံမှ အရောင်းကောင်တာသို့ အခေါက်ခေါက်အခါခါ ကူးလူးနေသည်။
နောက်တစ်နာရီခန့် အကြာတွင် အသက် ၃၀ ကျော်အမျိုးသားတစ်ဦး ဆိုင်အတွင်းသို့ ကတိုက်ကရိုက် ပြေးဝင်လာသည်။ အရောင်းကောင်တာနှင့် ငါးပေခန့် အကွာရှိ ထိုင်ခုံ၊ စားပွဲဝိုင်းများအနီး တစ်စုံတစ်ခုကို ရှာဖွေနေရင်း အရောင်းကောင်တာမှ ဝန်ထမ်းတစ်ဦးကို ‘ကျွန်တော်ဖုန်းတွေ မေ့ပြီးကျန်ခဲ့တာ သိမ်းထားမိသေးလား’ ဟု မေးလိုက်ရာ ဆိုင်ဝန်ထမ်းများလည်း ပျာယာ ခတ်ကုန်ကြသည်။
ယင်းဖြစ်စဉ်မှာ ယုဇနပလာဇာ နောက်ကျောတွင် ဆိုင်ခန်း ဖွင့်လှစ်ရောင်းချနေသည့် Sky ဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်မှ အဖြစ်အပျက် ဖြစ်သည်။

ဖုန်းဆိုင်၊ ရွှေဆိုင်များနှင့် အီလက်ထရွန်နစ် ဆိုင်များရှိ တန်ဖိုးကြီး ဝန်ပေါ့ ပစ္စည်းများ ခိုးယူခံရမှုများကို မကြာခဏ ကြားသိနေရသည်။ ခိုးယူသူများမှာ လူငယ်၊ လူရွယ်၊ လူကြီး အရွယ်သုံးပါးလုံး အပါအဝင် ဖြစ်ပြီး အချိန်နေရာမရွေးဘဲ ရဲတင်းစွာပင် ကျုးလွန်နေကြသည်။
ပြစ်မှု ကျူးလွန်သူများမှာ လွယ်၍ ကျူးလွန်ခြင်း၊ ဘေးပယောဂကြောင့် ကျူးလွန်ခြင်း၊ လတ်တလော ဆာလောင်သည့် တဒင်္ဂစိတ်ကြောင့် ကျူးလွန်ခြင်း၊ ငွေကြေး ရလိုမှုကြောင့် ကျူးလွန်ခြင်း၊ ပြစ်မှုဟောင်း ကျုးလွန်ခဲ့ဖူးသူက ကျူးလွန်ခြင်းဟူသည့် ကျူးလွန်မှုများကို အများဆုံး တွေ့ရကြောင်း ကျောက်တံတားမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
“တစ်လောက ဆိပ်ကမ်းသာလမ်းက ဆိုင်တစ်ဆိုင်မှာ ငါးသိန်းကျော်တန် Lenovo Laptop တစ်လုံး အခိုးရတယ်။ ဆိုင်ကျဉ်းကျဉ်းလေးနဲ့ ဝန်ထမ်း အပြည့်ရှိတာတောင် ဝန်ထမ်းနဲ့ ကျောချင်းကပ်ပြီး ရအောင် ခိုးသွားတာ။ ဆိုင်မှာတပ်ထားတဲ့ CCTV ကိုပြန်ကြည့်တော့ တောင်ဒဂုံမှာနေတဲ့ ခိုးမှု ပြစ်ချက်ဟောင်းရှိတဲ့ အမျိုးသမီး ဖြစ်မှန်းသိလို့ ဖမ်းဆီးနိုင်ခဲ့တယ်။ CCTV သာမရှိခဲ့ရင် ဘယ်သူခိုးသွားမှန်း ဆိုင်ဝန်ထမ်းတောင် သိမှာ မဟုတ်သလို ပြစ်မှု ကျူးလွန်သူကိုလည်း အခုလို အချိန်တိုတွင်း ဖမ်းဆီးနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။
နိုင်ငံတော် လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို ထိပါးစေသည့် ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှု အပါအဝင် မြန်မာပြည်အနှံ့ ဗုံးဖောက်ခွဲရန် စေခိုင်းခဲ့ပြီး မန္တလေးမြို့ ရွှေဘဲစားသောက်ဆိုင်နှင့် စစ်ကိုင်းဆွမ်းဦး ပုညရှင် ယာဉ်ရပ်နားစခန်းတွင် ကိုယ်တိုင် ဗုံးထောင် ဖောက်ခွဲခဲ့သည့် နေတိုး (ခ) စောရွှေထူးကို သက်ဆိုင်ရာ နေရာအသီးသီးရှိ CCTV မှတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းအပြင် ဆယ်ကျော်သက် ကျောင်းသူတစ်ဦးကို သတ်ဖြတ် မီးရှို့ကာ ပစ္စည်းများ ခိုးယူခဲ့သည့် လမ်းမတော် ၇ လမ်း လူသတ်မှု (ရွှေပုစွန်)၊ လမ်းမတော်မြို့နယ်ရှိ MGM ဟိုတယ်လူသတ်မှု စသည်တို့ကို CCTV မှတ်တမ်း အကူအညီဖြင့် အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့သည်။
မှုခင်းများကြောင့် လုပ်ငန်းရှင် များမှာလည်း လုံခြုံမှုရှိစေရန် CCTV ကင်မရာများကို မဖြစ်မနေ တပ်ဆင်လာကြရသည်။ ယင်းကဲ့သို့ တပ်ဆင်လာသည်နှင့်အမျှ CCTV ကင်မရာ ဈေးကွက် သည်လည်း တစ်စတစ်စ ကြီးထွားလာခဲ့သည်။
ပြည်တွင်းတွင် CCTV ကင်မရာများ မည်သည့် အချိန်မှစ၍ အသုံးပြုခဲ့သည်ကို ခန့်မှန်း၍ မရနိုင်သော်လည်း ၁၉၉၅-၁၉၉၆ ခုနှစ်ခန့်က ရွှေတိဂုံ စေတီတော်ရှိ ပတ္တမြားမျက်ရှင် ဘုရားကို CCTV မှတစ်ဆင့် အများပြည်သူကို ဖူးမြင်စေခြင်းဖြင့် အများပြည်သူကို CCTV ကင်မရာဖြင့် ရင်းနှီးစေခဲ့ကြောင်း၊ ယင်းနောက် ဗုဒ္ဓမြတ်စွယ်တော် အပါအဝင် အခြားအထင်ကရ ဘုရားစေတီများတွင် တပ်ဆင်ခဲ့ပြီး ယခုဆိုလျှင် အထင်ကရ ဘုရားစေတီများ၏ စောင်းတန်းများ တွင်ပင် CCTV တပ်ဆင်ပြီး ဖြစ်ကြောင်း FISCA ကုမ္ပဏီ ဈေးကွက် မန်နေဂျာ ဦးခင်မောင်သန်းက ပြောကြားသည်။
“အရင်က သံရုံး၊ ဘဏ်၊ ဟိုတယ်နဲ့ ဈေးဝယ် စင်တာကြီးတွေလောက်ပဲ မရှိမဖြစ် တပ်ကြတာ။ ခုနောက်ပိုင်း အစိုးရရဲ့ ဌာနဆိုင်ရာ ရုံးလုပ်ငန်းတွေ အပါအဝင် ကုမ္ပဏီ၊ ရွှေဆိုင်၊ ဖုန်းဆိုင်၊ တည်းခိုခန်း၊ အီလက်ထရွန်နစ်ဆိုင် အားလုံးနီးနီးနဲ့ စတိုးဆိုင်တွေကပါ တပ်ကုန်ကြပြီ။ CCTV ဈေးကွက် တဖြည်းဖြည်း ကျယ်ပြန့်လာတာနဲ့အမျှ အရည်အသွေး အမျိုးမျိုးရှိတဲ့ ကင်မရာတွေလည်း ပြည်တွင်းကို ဝင်လာတဲ့အတွက် ကိုယ်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ ကင်မရာ အမျိုးအစားကိုတော့ သေချာရွေးချယ်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။
လုံခြုံရေးအဓိက ဆောင်ရွက်နေသည့် သံရုံး၊ ဘဏ်၊ ဟိုတယ်လုပ်ငန်းများ ကဲ့သို့သော လုပ်ငန်းများတွင် အရည်အသွေး ကောင်းမွန်ပြီး စွမ်းဆောင်နိုင်စွမ်း မြင့်မားသည့် ကင်မရာများကို အသုံးပြုပြီး အခြားလုပ်ငန်းများတွင် တန်ဖိုးသင့် ကင်မရာများကိုသာ အသုံးပြုကြောင်း IT နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ အမျိုးသားတစ်ဦးက ဆိုသည်။ “ဈေးဝယ် ကုန်တိုက်တွေမှာ ဆိုရင် အဓိက အဝင်အထွက် နေရာတွေမှာ အရည်အသွေးမြင့် ကင်မရာတပ်ပြီး အတွင်းပိုင်းတွေမှာ တန်ဖိုးသင့် ကင်မရာ တပ်လို့ရတယ်။ အထည်ချုပ်လို စက်ရုံမျိုးတွေကျတော့ လုပ်သားတွေရဲ့ လုပ်အားကို စောင့်ကြည့်ရုံ သက်သက် ဖြစ်တဲ့အတွက် အရည်အသွေး အရမ်းကောင်းဖို့ မလိုသလို Recording စက်တွေလည်း ဝယ်စရာ မလိုတဲ့အတွက် ကုန်ကျစရိတ် အထိုက်အလျောက် သက်သာတယ်” ဟု ၎င်းကဆိုသည်။
ဘဏ်များတွင် CCTV မှာ မရှိမဖြစ် အရေးပါကာ အငြင်းပွားဖွယ် ကိစ္စရပ်များ ပေါ်ပေါက်လာပါက မှတ်တမ်း ပြန်လည် ကြည့်ရှုခြင်းဖြင့် ဖြစ်စဉ်အမှန်ကို သိရှိနိုင်သည် ဖြစ်သည့်အပြင် ဗဟိုဘဏ် ကလည်း CCTV များတပ်ဆင်ရန် ညွန်ကြားထားကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် အထွေထွေ မန်နေဂျာ ဦးစိုးသီဟက ပြောကြားသည်။
“အရင် CCTV မတပ်ခင်တုန်းက မသမာသူတွေ ပြုသမျှ နုနေရတယ်။ ခိုးလို့ ပါသွားရင်တောင် ဘယ်သူခိုးမှန်း အတတ်မသိဘူး။ လူမိရင်တောင် တစ်နေရာကို လွှင့်ပစ်လိုက်ပြီး ကျနေတာဆိုပြီး ပြန်ငြင်းတော့ သူတို့ကို အရေးယူဖို့ခက်တယ်။ CCTV တပ်ထားရင် ငြင်းလို့ မရတော့မှန်းသိလို့ အဲလိုလူတွေ အလာကျဲသွားတယ်။ အရင်က နှစ်လုံးတပ်ထားပြီး အခု နောက်ထပ် ခြောက်လုံး ထပ်တပ်လိုက်တာ စုစုပေါင်းရှစ်လုံး ဖြစ်သွားပြီ။ ရွှေဆိုင်တွေမှာ လုယက်ခံရတာတွေ ဖြစ်ပြီးနောက်ပိုင်း ရဲတပ်ဖွဲ့က CCTV မရှိတဲ့ ရွှေဆိုင်တွေကို တပ်ခိုင်းထားတယ်” ဟု ပန်းဘဲတန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် တိတ်စိန် ရွှေဆိုင်လုပ်ငန်းရှင် ဖြစ်သူ ဦးဇော်အောင်က ပြောဆိုသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင်လည်း မှုခင်းများ ဖော်ထုတ်နိုင်ရန် အတွက် လူစည်ကားသည့် ဈေး၊ ဘူတာ၊ လမ်းဆုံ လမ်းခွများရှိ ၂၄ နေရာကို မှုခင်းကာကွယ်ရန် CCTV ကင်မရာများ တပ်ဆင်တော့မည် ဖြစ်သည်။
ပြည်တွင်းရှိ ကုမ္ပဏီလုပ်ငန်းများ၊ ရွှေဆိုင်များနှင့် ဖုန်းဆိုင်များတွင် တပ်ဆင်ထားသည်မှာ တန်ဖိုးသင့် ကင်မရာများ ဖြစ်ကြပြီး အများအားဖြင့် ကျပ်နှစ်သောင်းမှ ကျပ်တစ်သိန်းအောက်များသာ ဖြစ်သည်။ သို့သော် လုံလောက်သည့် အလင်းရောင်အောက်တွင် တပ်ဆင်ထားမှု များကြောင့် ရုပ်ထွက် အရည်အသွေး အသင့်အတင့် ကောင်းမွန်ကြသည်။
CCTV ကင်မရာ တပ်ဆင်မည် ဆိုပါက ကင်မရာ အမျိုးအစားအလိုက် တစ်လုံးလျှင် ကျပ်တစ်သောင်းခွဲမှ သုံးသိန်းခွဲ ဝန်းကျင်အထိရှိပြီး မှတ်တမ်းများ သိုမှီးနိုင်ရန် DVR စက်နှင့် Hard Disk လိုအပ်မည်ဖြစ်ကာ နှစ်မျိုးပေါင်းပစ္စည်း တန်ဖိုးမှာ သိုမှီးနိုင်သည့် ပမာဏပေါ် မူတည်၍ ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်း ဝန်းကျင်အထိ ရှိကြောင်း၊ မြင်ကွင်း ကြည့်ရှုရန် မိမိ ကြိုက်နှစ်သက်သည့် TV အမျိုးအစားကို ရွေးချယ်နိုင်ပြီး တပ်ဆင်ခမှာ ပစ္စည်းအမျိုး အစားပေါ် မူတည်၍ ကင်မရာ တစ်လုံးလျှင် ကျပ်တစ်သောင်းမှ နှစ်သောင်းအထိ ရှိကြောင်း CCTV ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
CCTV ကင်မရာများ၏ အမျိုးအစားနှင့် အရည်အသွေး အမျိုးမျိုး ရှိသော်လည်း Sky ဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်က မျက်နှာစာ ၂၅ ပေအကျယ်နှင့် အလျား ပေ ၄၀ ခန့် ဆိုင်ခန်းကို CCTV ခြောက်လုံးခန့် တပ်ဆင်ထားသည်။ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက စတင်တပ်ဆင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းဆိုင်နှင့် အနီးဝန်းကျင်တွင် ဖွင့်လှစ်ထားသည့် Sky ဆိုင်ခွဲကို ကင်မရာခြောက်လုံး တပ်ဆင်ကာ ကျပ် ၁၂ သိန်းခန့် အကုန်ကျခံ တပ်ဆင်ထားခြင်း ဖြစ်ကြောင်း ယုဇနပလာဇာ အနောက်ဘက် အောင်သပြေလမ်းတွင် ဖွင့်လှစ်ထားသည့် Sky ဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်မှ မန်နေဂျာ ဦးမျိုးမြင့်အောင်က ပြောဆိုသည်။
“တပ်ထားတာ ခုနစ်လလောက် ရှိပြီး ဘာမှ မပြင်ရသေးဘူး။ သူ့ရဲ့တန်ဖိုးက ပြဿနာကြုံမှ သိရတာ။ CCTV သာ မတပ်ထားရင် ဖုန်းမေ့ကျန်ခဲ့တဲ့ ဖောက်သည်နဲ့ ကျွန်တော် တစ်ယောက်နဲ့ တစ်ယောက် မယုံသင်္ကာဖြစ်ပြီး မိတ်ပျက်ရတော့မှာ။ သူကိုလဲ CCTV ပြန်ဖွင့်ပြလိုက်တယ်” ဟု ၎င်းကဆိုသည်။
ယင်း CCTV မှတ်တမ်းများအရ- ဂျင်းဘောင်းဘီနှင့် အင်္ကျီ ဖြူနီကျား ဝတ်ဆင်ထားသည့် အသက် ၂၀ ကျော် အမျိုးသားသည် Sky ဖုန်းအရောင်းဆိုင်တွင် ၎င်းဝယ်ယူထားသည့် ဖုန်းကို စမ်းသပ်ရင်း အရောင်းကောင်တာနှင့် ငါးပေခန့်သာ ကွာဝေးသည့် စားပွဲပေါ်တွင် တင်ထားသည့် တန်ဖိုးကြီးဖုန်းကို ထုတ်ကြည့်လိုက် ပြန်ထည့်လိုက် လုပ်နေကာ ၎င်း၏ စက္ခုနှစ်ကွင်းမှာ ဆိုင်ဝန်ထမ်းများကိုသာ အကဲခတ်နေသည်။ ယင်းနောက် ထိုတန်ဖိုးကြီး ဖုန်းသုံးလုံး ထည့်ထားသည့် စက္ကူဘူးကို ၎င်း၏ လွယ်အိတ်အတွင်းသို့ ထည့်ကာ ခပ်တည်တည်ဖြင့် ဆိုင်မှ ထွက်ခွာသွားခြင်း ဖြစ်သည်။
(ခ)
Closed Circuit Television ကို အတိုကောက် CCTV ဟုခေါ်ဝေါ်လေ့ရှိသော နံရံပေါ်မှ မျက်လုံးများကြောင့် ထိုသို့သော ကောင်းကျိုး ရှိလာသည်။ ဆိုးကျိုးများလည်း ရှိမည်မှာ မလွဲသော်လည်း လိုအပ်လာသူတို့အတွက် ဆက်သုံးနေရဦးမည်။
ယခုအခါ အမျိုးမျိုး အဖုံဖုံသော အကြောင်းများကြောင့် နံရံများပေါ်တွင် မျက်လုံးများ တပ်ဆင်လာကြပြီ ဖြစ်သည်။ ပြောလေ့ပြောထ ရှိခဲ့သော နံရံများတွင် နားတွေ ရှိသည် ဟူသည့်အဆိုကို ကျော်လာပြီ ဖြစ်သည်။ ယခု နံရံများတွင် မျက်လုံးများလည်း ရှိလာပြီ။

The Voice Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis