menu

Thursday 13 February 2014

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရောက်မည်

Photo: ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရောက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနားသည် မြန်မာနိုင်ငံသို့ နောက်ဆုံး ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) က သတင်းထုတ်ပြန်သည်။

ကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်သည့် သက်တမ်းခြောက်နှစ်မှာ လာမည့် မတ်လတွင် ကုန်ဆုံးမည်ဖြစ်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ နောက်ဆုံး အစီရင်ခံစာကို တင်ပြရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။ 

ယင်းအစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့တွင် UNHRC သို့ တင်ပြရမည် ဖြစ်သည်။ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ၁၉ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်ရာ ယင်းခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ရန်ကုန်မြို့တော် တစ်ဖက်ကမ်းတွင် အကောင်အထည် ဖော်နေသည့် သီလဝါ အထူးစီးပွားရေးဇုန်တို့ကို သွားရောက်မည် ဖြစ်ကြောင်း UNHRC က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် ခရီးစဉ်တွင် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လေ့လာမှုများ ပြုလုပ် သွားမည် ဖြစ်ပြီး ပြည်နယ်အစိုးရ အရာရှိများ၊ နှစ်ဖက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေများကို ဆွေးနွေးမည် ဖြစ်ကြောင်း ကင်တားနားက ပြောကြားသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသော အထူးစီးပွားရေးဇုန်များ၊ စီမံကိန်းဇုန်များ ဖြစ်သည့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် မုံရွာ ကြေးနီတောင် စီမံကိန်း တို့ကိုလည်း လူ့အခွင့်အရေး ချိုးဖောက်မှုရှိ မရှိ စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဖွံ့ဖြိုးရေး စီမံကိန်းတွေဆိုတာ လူ့အခွင့်အရေးနဲ့ တိုင်းတာတယ်။ စီမံကိန်းတစ်ခုမှာ ကျန်းမာရေး အကာအကွယ်ပေးမှု၊ ပညာရေး၊ လူနေမှု အဆင့်အတန်း မြင့်မား မလာဘူးဆိုရင် အဲဒီစီမံကိန်းက လူ့အခွင့်အရေး ချိုးဖောက်နေတာပဲ” ဟု ကင်တားနားက ပြောကြားသည်။

ကင်တားနား၏ တင်ပြချက်များသည် ဘက်မလိုက်ဘဲ မျှတသည့် အကြံပြုချက်များ ဆိုပါက လက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အရင်ခရီးစဉ်တွေလို မဟုတ်ဘဲ ကဏ္ဍစုံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာစစ်ဆေး သွားမှာ ဖြစ်တဲ့အတွက် အခြေအနေမှန်တွေကို မျှမျှတတ ဘက်မလိုက်ဘဲ ဖော်ထုတ် သွားလိမ့်မယ်လို့ ယူဆပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကင်တားနားသည် ကချင်ပြည်နယ် ခရီးစဉ်တွင်လည်း ပြည်နယ်အစိုးရ အပါအဝင် လူမှု အဖွဲ့အစည်းများနှင့် ကေအိုင်အိုတို့ကို တွေ့ဆုံ၍ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ နေပြည်တော်တွင်လည်း အစိုးရ အရာရှိများ၊ လွှတ်တော် ကိုယ်စားလှယ်နှင့် တွေ့ဆုံကာ ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကိုလည်း ဆွေးနွေးမည် ဖြစ်ကြောင်း UNHRC က ထုတ်ပြန်သည်။

ကင်တားနားသည် မြန်မာနိုင်ငံသို့ အရပ်သား အစိုးရသစ် လက်ထက် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် တရားဝင် လာရောက် လေ့လာခွင့် ရရှိခဲ့ပြီး မြန်မာနိုင်ငံသို့ ရှစ်ကြိမ်ထက်မနည်း ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာကာ ကုလသမဂ္ဂကို အစီရင်ခံစာ တင်ပြခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် ၎င်း၏ အစီရင်ခံစာများမှာ ဘင်္ဂါလီများ အခွင့်အရေး ချိုးဖောက် ခံနေရသည်ဟု တစ်ဖက်သတ် စွပ်စွဲရေးသား တင်ပြသည်ဟုဆိုကာ ၎င်း၏ ရခိုင်ပြည်နယ် ခရီးစဉ် လေးကြိမ်အနက် နှစ်ကြိမ်တွင် ရခိုင်ဒေသခံများ၏ ဆန္ဒပြ ကန့်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis