menu

Thursday 13 February 2014

NLD အလုပ်အမှုဆောင် မိသားစု အဆိပ်ခတ် လုပ်ကြံခံရမှု ရက်၄၀ ကြာသည့်တိုင် ဆေးမှတ်တမ်းအဖြေ မသိရသေးဟုဆို


ပုသိမ်၊ ဖေဖော်ဝါရီ ၁၂

ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် NLD အလုပ်အမှုဆောင် တစ်ဦးဖြစ်သည့် ဦးရွယ်လူး အဆိပ်မိသည့် လက္ခဏာဖြင့် ဇန်နဝါရီလ ၂ရက်နေ့က သေဆုံးခဲ့ရာ ရက်ပေါင်း ၄၀ ကြာသည့်တိုင် ဆေးမှတ်တမ်း အဖြေ မသိရသေးကြောင်း မိသားစုဝင်များက ပြောကြားသည်။

ဦးရွယ်လူး ၄၇ နှစ်သည် ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးရွာတွင် အသက် ၁၃ နှစ် အရွယ်သားတစ်ဦး၊ အသက် ၁၀ နှစ်အရွယ် သမီးတစ်ဦးတိုနှင့် အတူနေထိုင်စဉ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ၎င်းတို့ ခြံရှေ့တံခါး၌ ချိတ်ဆွဲထားသည့် ခရစ္စမတ် လက်ဆောင် ကတ်ပါသည့် ပုံစံပျက် နေသော အိုဗာတင်း ပုလင်းတစ်လုံးနှင့် KING STAR အမှတ်တံဆိပ် ပူတင်း ပေါင်မုန့်တို့ကို ရရှိခဲ့ကြောင်း သမီးဖြစ်သူက ပြောကြားသည်။

ယင်းသို့ရရှိသည့် အိုဗာတင်း ပုလင်းကို ၂၉.၁၂.၂၀၁၃ နေ့တွင် သားဖြစ်သူ ခုနစ်တန်း ကျောင်းသား မောင်ကောင်းမြတ်နိုင်က လက်ဖြင့် ကော်စားခဲ့ရာ ယင်းနေ့ညနေတွင်ပင် အစိမ်းရောင် အရည်များ အန်ခဲ့သောကြောင့် ဆေးကုသခဲ့ရကြောင်း ၃၁.၁၂.၂၀၁၃ နေ့တွင် KING STAR အမှတ်တံဆိပ် ပါရှိသည့် ပူတင်းပေါင်မုန့်ကို သားအဖနှစ်ဦး အတူတကွစားခဲ့ရာ အော့အန်ပြီး ဒေါင့်ကြီးရွာ တိုက်နယ်ဆေးရုံတွင် ကုသခဲ့သော်လည်း သက်သာခြင်း မရှိသဖြင့် ပုသိမ်မြို့ အထွေထွေ ဆေးရုံကြီး၌ ကုသနေစဉ် ဖခင်ဖြစ်သူ ဦးရွယ်လူးမှာ ၂.၁.၂၀၁၄ ရက်နေ့တွင် သေဆုံးခဲ့သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောဆိုသည်။


“ကိုရွယ်လူးက ဒီဒေသမှာရှိတဲ့ လယ်သမားအရေး မတရားခံရမှုတွေမှာ ပါဝင်ဆောင်ရွက် ပေးတဲ့သူ ဖြစ်တယ်၊ အကျင့်ပျက် ဝန်ထမ်းတွေကိုလည်း ဖော်ထုတ်တယ်။ ဒေါင့်ကြီးကျေးရွာရဲ့ အိမ်၊ခြံ၊မြေ အငြင်းပွားမှုတွေ ငွေကြေး မတရားမှုတွေကို ဆောင်ရွက်ပေးတာကြောင့် ဆင်းရဲနွမ်းပါးသူ အများစုက အားကိုးအားထား ပြုခံရတယ်။ ဆန့်ကျင်ဘက်တွေကတော့ မလိုလားဘူးပေါ့ ဒီအဖြစ်အပျက် မဖြစ်ခင် တစ်ပတ် အလိုလောက်က ချောင်းအရိုက်ခံရသေးတယ်” ဟု ကျောင်းကုန်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးစောလွင်က ပြောကြားသည်။

သေဆုံးသူ ဦးရွယ်လူး၏ သားမောင် ကောင်းမြတ်နိုင်မှာ ယနေ့တိုင် ရောဂါ ပျောက်ကင်းမှု မရှိ၍ ရန်ကုန် အထွေထွေ ဆေးရုံကြီးတွင် ကုသနေဆဲ ဖြစ်သည်ဟု ၎င်း၏ ကျန်းမာရေးအတွက် အနီးကပ် ဆောင်ရွက်ပေးလျက် ရှိသည့် ၈၈ ပွင်းလင်း လူအဖွဲ့စည်း ဖော်ဆောင်ရေး ကော်မတီမှ ဦးစိုးလှိုင်ဦးက ဖြည့်စွက် ပြောဆိုသည်။
“ကျွန်တော်တို့ ဓာတုဗေဒရုံးကို တင်ထားပါတယ်။ အဖြေတော့ မရသေးဘူး။ ဆေးရုံကလည်း အဖြေမပေးသေးတဲ့အတွက် သေမှုသေခင်း ၁/၂၀၁၄နဲ့ အမှုဖွင့်ပြီး စုံစမ်းနေတုန်းပါ” ဟု ဒေါင့်ကြီးရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

ဦးရွယ်လူး မိသားစုဖြစ်ရပ်ကို အမှုမှန် ပေါ်ပေါက်ရေးအတွက် မကြာမီ ကျင်းပမည့် ပထမအကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းဝေးတွင် ရေကြည်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ NLD ပါတီမှ တာဝန်ရှိသူများကလည်း ဥပဒေကြောင်းအရ အမှုမှန် ပေါ်ပေါက်စေပြီး တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော် သမ္မတထံ တင်ပြမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD အလုပ်အမှုဆောင် အဖွဲ့ထံမှ သိရှိရသည်။

ယင်းဖြစ်ရပ်အတွက် ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးရွာ ရဲစခန်းတွင် သေမှုသေခင်း ၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း ဧရာဝတီတိုင်း ဒေသကြီး NLD အလုပ်အမှုဆောင်အဖွဲ့ ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis